Sales Hotline : 09448001653       Download App



ကိုဗစ်-၁၉ ကူးစက်မှုပြင်းထန်နေခြင်းကြောင့် ဟောင်ကောင်တွင် စာသင်ကျောင်းများပိတ်ထားရန် အမိန့်ထုတ်

ဟောင်ကောင်တွင် COVID-19 ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှု အခြေအနေဆိုးရွာလာနေကြောင်း ထိပ်တန်းကျန်းမာရေး တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပြီး ဟောင်ကောင်တွင် မူလတန်းကျောင်းများကို ယာယီပိတ်ထားရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

COVID-19 ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် သူငယ်တန်းကျောင်းများကို ပိတ်ထားရန် အမိန့်ထုတ်ပြန်ခဲ့ပြီး တစ်ပတ်အကြာတွင် မူလတန်းကျောင်းများကို ယာယီပိတ်ခိုင်းသည့် ထုတ်ပြန်ချက် ထွက်ရှိလာခဲ့ခြင်းဖြစ်သည်။ယင်းထုတ်ပြန်ချက်တွင် နိုဝင်ဘာ ၂၃ ရက်မှစ၍ ပထမတန်းမှ ဒုတိယတန်း ကျောင်းသားများအတွက် သင်ခန်းစာသင်ကြားပို့ချမှုများကို နှစ်ပတ်ကြာ ဆိုင်းငံ့ထားမည်ဖြစ်သည်။

လတ်တလောတွင် ဟောင်ကောင်၌ ကူးစက်မှုအခြေအနေပြင်းထန်နေသည့်အတွက် ပြည်သူများအနေဖြင့် စုဝေးလှုပ်ရှားမှုများကို မပြုလုပ်ကြရန် တိုက်တွန်းခဲ့ကြောင်း ဟောင်ကောင် စားနပ်ရိက္ခာနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ဟောင်ကောင်သည် ကူးစက်မှုလှိုင်းသစ်အတွင်းသို့ ဝင်ရောက်နေခဲ့ပြီး ဖြစ်ဖွယ်ရှိကြောင်း၊ လက်ရှိဖြစ်ပွားနေသော ပြင်းထန်သည့် ကူးစက်မှုအခြေအနေမတိုင်မီ မိမိတို့အနေဖြင့် ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအတွက် နယ်စပ်ဂိတ်ထိန်းချုပ်မှုဆိုင်ရာ စီမံချက်များ၊ အသွားအလာကန့်သတ်မှုစီမံချက်များ၊ ဟိုတယ်စည်းမျဉ်းစည်းကမ်းများအပါအဝင် စီမံချက်အများအပြားကို တင်းကျပ်ခဲ့ပြီး အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း ယင်းဌာနမှ သိရသည်။

ဟောင်ကောင်တွင် ရောဂါပိုးစမ်းသပ် စစ်ဆေးမှုကို တိုးမြှင့်လုပ်ဆောင်နေပြီး ရောဂါစမ်းသပ်စစ်ဆေးမှုစင်တာ လေးခုကို တည်ဆောက်ထားကာ ဟောင်ကောင်တွင် နိုဝင်ဘာ ၂၀ ရက် တစ်နေ့တည်းအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၆ ဦးရှိပြီး ထိုထဲမှ ၂၁ ဦးမှာ ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်သည်။

နိုဝင်ဘာ ၂၂ ရက်တွင် ဟောင်ကောင်နှင့်စင်ကာပူ၏ အပြန်အလှန်လေကြောင်းခရီးသွားလာရေးဆိုင်ရာ နှစ်နိုင်ငံသဘောတူညီချက်ကို စတင်မည်ဖြစ်သော်လည်း ဟောင်ကောင်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက်သည် ခုနစ်ရက်အတွင်း ငါးဦးထက် ကျော်လွန်ခဲ့လျှင် နှစ်နိုင်ငံလေကြောင်းခရီးစဉ်များကို ဆိုင်းငံ့ထားရမည်ဖြစ်ကြောင်း အဆိုပါလေကြောင်းခရီးသွားလာရေး သဘောတူညီချက်တွင် ပါရှိသည်။

ဟောင်ကောင်လေဆိပ်တွင် ရောဂါပိုးစစ်ဆေးမှုနှင့် သက်ဆိုင်သော စီမံချက်များကိုလည်း တင်းကျပ်ထားကာ လေဆိပ်တွင်ရှိသည့် မည်သူမဆို ရောဂါပိုး စစ်ဆေးမှုခံယူရမည်ဖြစ်ပြီး ပြည်မကြီး တရုတ်မှ ဝင်ရောက်သူများမှလွဲ၍ ဟောင်ကောင်သို့ ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် အသွားအလာကန့်သတ်၍ သီးခြားစောင့်ကြည့်မှုခံယူရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

Source: Transcom News Journal

Latest Post News Read 467 times