Sales Hotline : 09448001653       Download App



အခြေခံပညာအထက်တန်း ကျောင်းပေါင်း ၆ ထောင်ကျော် ဖွင့်ခွင့် မရသေး

အခြေခံပညာအထက်တန်းကျောင်းပေါင်း ၆ ထောင်ကျော်ကို စစ်ဆေးရာတွင် အေအဆင့်ရရှိသော်လည်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၏ ခွင့်ပြုချက်မရရှိသေးသောကြောင့် မဖွင့်နိုင်သေးကြောင်း အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောကြားသည်။

အခြေခံပညာကျောင်းများကို ဇူလိုင်လ ၂၁ရက်တွင် အထက်တန်းမှစ၍ ဖွင့်လှစ်ခဲ့ပြီးကျောင်းများစတင်ဖွင့်လှစ် ချိန်တွင် ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်ကိုက်ညီ၍ အေအဆင့်ရရှိသော အထက် တန်းကျောင်း ၃၇၇၂ ကျောင်းကိုစတင်ဖွင့်လှစ်ခဲ့ပြီး ယင်းနေ့တွင် အေအဆင့်ရရှိသော ကျောင်းပေါင်း ၂၀၀ ကျော်တိုးလာသဖြင့် စုစုပေါင်း ၃၉၉၉ ကျောင်းဖွင့်လှစ်ထားသည်။

 “အခုစစ်တာကတော့ ကျောင်း ၁၀၀ ကျော်လောက်ပဲကျန်တော့တယ်။ အဲ့ဒီ ၁၀၀ ကျော်ကရခိုင်ဒေသ ပလက်ဝအဲ့လိုနေရာတွေမှာပဲရှိတာ။ အေအဆင့်ရတဲ့ကျောင်းပေါင်း ၆၀၀၀ ကျော်ဖွင့်ဖို့က ဒီနေ့လိုရက်မျိုးဆို ခွင့်ပြုပေးသင့်ပြီး အဲ့တော့မှာစာထုတ်ပြီး အင်္ဂါနေ့ကိုကျောင်းပြန်ဖွင့်လို့ရမှာ။ ကျောင်းတွေကလည်းဖွင့်ချင်နေကြ ပြီ”ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောကြားသည်။

အေအဆင့်ရရှိထားသောကျောင်းများအနေဖြင့် Mask တပ်ခြင်း၊ Face shield တပ်ခြင်း၊ ၆ ပေကွာ၍ ကျောင်းထဲဝင်ခြင်း၊ ၆ ပေကွာ၍ ကျောင်းမှထွက်ခြင်း၊ ၆ ပေကွာ၍ စာသင်ခြင်း စသည်တို့ကို မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

အခြေခံပညာအထက်တန်းကျောင်းများတွင် နေ့စဉ်၊ အပတ်စဉ်ဆောင်ရွက်မည့်ကိစ္စများကို ကျောင်းတွင်းအဖွဲ့များ၊ မြို့နယ်အဖွဲ့များ၊ တိုင်းအဆင့်အဖွဲ့များကစစ်ဆေးသွားမည်ဖြစ်ပြီး အလားတူ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ပူးပေါင်း၍ ကျောင်းများတွင်ဆောင်ရွက်ထားသော ကျန်းမာရေးဆိုင်ရာစည်းကမ်းချက်များကို Surpise Check အနေဖြင့် ဝင်ရောက်စစ်ဆေးသွားမည်ဖြစ်၍ အေအဆင့်ရရှိထားသော ကျောင်းများအနေဖြင့် အမြဲတမ်းအေအဆင့်ရရှိရန်ဆောင်ရွက်ရမည်ဖြစ်ပြီး ဘီအဆင့်ရောက်ရှိ သွားပါကကျောင်းပြန်ပိတ်ရမည်ဖြစ်သည်။

“အေအဆင့်ကနေ ကျသွားလို့ ပြန်ပိတ်လိုက်ရတဲ့ကျောင်းမျိုးတော့မရှိသေးဘူး။ ပြန်တော့မပိတ်ခိုင်းဘူး လိုအပ်တာတွေဖြည့်ခိုင်းတယ်။ စာရင်းတွေကတော့မငြိမ်ဘူး ဇူလိုင် ၃၁ က ဘီအဆင့်ကျသွားတဲ့ကျောင်းက နောက်တစ်နေ့ကျတော့ အေအဆင့်ပြန်ဖြစ်သွားရော” ဟု ဒေါက်တာတင်မောင်ဝင်းကဆိုသည်။

အခြေခံပညာအထက်တန်းဖြစ်သော Grade-10 နှင့် Grade-11 တို့ကို တစ်ပတ်ခြားဖွင့်လှစ်ထားပြီး နေ့စဉ်ကျောင်းတက်နေသော ကျောင်းသားဦးရေမှာ ၆ သိန်းခန့်ရှိပြီး ယင်းအတန်းနှစ်ခုတွင် တက်ရောက်နေသော ကျောင်းသား စုစုပေါင်း ၁ သန်းကျော်ရှိကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

THE VOICE

 

ပုံကို ထိပါ

Latest Post Government School Read 12590 times