Sales Hotline : 09448001653       Download App



ရန်ကုန်တက္ကသိုလ် အား အမျိုးသားအဆင့် အမွေအနှစ်စာရင်းဝင် တစ်ခုဖြစ်စေရန် ကြိုးပမ်းလျက်ရှိ

နှစ်ပေါင်း ၁၀ဝ တိုင် သက်တမ်းရှိပြီဖြစ်သော ရန်ကုန်တက္ကသိုလ်အား အမျိုးသားအဆင့် အမွေအနှစ် စာရင်းဝင်အဖြစ် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန ပညာအသင်းမှ သိရသည်။

 

အာရှတွင် အစောဆုံးတည်ဆောက်သော တက္ကသိုလ်ပေါင်း ၂၀ စာရင်းတွင်ပါရှိပြီး မြန်မာနိုင်ငံတွင်ပထ မဆုံးတက္ကသိုလ်ဖြစ်သော ရန်ကုန်တက္ကသိုလ်ကို မူလလက်ရာများမပျောက်ပျက်စေပဲ နိုင်ငံတော်အဆင့် ထိန်းသိမ်း စောင့်ရှောက်ရမည့် ‘အမျိုးသားအဆင့် အမွေအနှစ်’ အဖြစ်ထိန်းသိမ်းနိုင်ရန် မြန်မာနိုင်ငံရှေး ဟောင်းသုတေသန ပညာအသင်းမှ ဒီဇင်ဘာ ၂၉ ရက်ညပိုင်း၌ Zoom Metting ဖြင့် ဟောပြောပွဲကျင်းပသွားမည် ဖြစ်သည်။ ထိုဟောပြောပွဲတွင် ရန်ကုန်တက္ကသိုလ်အား အမျိုးသားအဆင့် အမွေအနှစ်အဖြစ် ထိန်းသိမ်းထားရှိရခြင်း အကြောင်းရင်း၊ အကျိုးကျေးဇူးနှင့် အခက်အခဲများ၊ အောင်မြင်ရန်ပူးပေါင်းဆောင်ရွက် ရမည့်ကဏ္ဍတို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ရန်ကုန်တက္ကသိုလ်ဟာ ပညာရေးတစ်ခုတည်း အောင်မြင်ခဲ့တာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ လွတ်လပ် ရေးအတွက် ခြေလှမ်းအစဖြစ်တဲ့ ၁၉၂၀-ခုနှစ် ကျောင်းသားသပိတ်ကအစ မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုတွေကို ဒီကကျောင်းသားတွေ ဦးဆောင်ခဲ့တဲ့အပြင် ၈၈ နောက်ပိုင်းကနေ ၁၉၉၇ ထိ မျိုးဆက်သစ်တွ ပေါ်ထွန်းခဲ့တာကြောင့် သမိုင်းအစဉ်အလာကြီးတဲ့ တက္ကသိုလ်ကြီးပါ။ ရန်ကုန် တက္ကသိုလ်နဲ့ မြန်မာနိုင်ငံရဲ့ ခေတ်ပြိုင်သမိုင်းဟာ ခွဲခြားလို့မရပါဘူး။ ဒီတက္ကသိုလ်ကြီးက နိုင်ငံ့ ခေါင်းဆောင်တွေ၊ နိုင်ငံတကာ လေးစားရတဲ့ ပုဂ္ဂိုလ်တွေ မွေးဖွားပေးခဲ့တဲ့ ကျောင်းကြီးဖြစ်တဲ့အတွက် ‘အမျိုးသားအဆင့် အမွေအနှစ်’ အဖြစ် သတ်မှတ်နိုင်ဖို့ဖြစ်စေချင်ပါတယ်။ ယူနက်စကို အသိအမှတ်ပြုတဲ့ ပညာရှင်တွေနဲ့ ကျွမ်းကျင်ပညာရှင်တွေ အကြံဉာဏ်နဲ့ ပူးဆောင်ရွက်မယ်ဆိုရင် အောင်မြင်မယ်လို့ မြင်ပါတယ်။ နိုင်ငံတော်ရဲ့ဆုံးဖြတ်မှုနဲ့ တစ်ဆင့်ချင်း သွားရမှာပါ”ဟု မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနပညာအသင်း ဥက္ကဌ ဒေါ်ဥမ္မာမျိုးကပြောသည်။

ရန်ကုန်တက္ကသိုလ်အား နိုင်ငံတော်အဆင့် ထိန်းသိမ်းစောင့်ရှောက့်မည့် အမျိုးသားအဆင့်အမွေအနှစ် တစ်ခုအဖြစ်သတ်မှတ်ခြင်းဖြင့် ကာကွယ်ထိန်သိမ်းစောင့်ရှောက်မှုရစေမည်ဖြစ်ပြီး ဒေသတွင်းနိုင်ငံတို့ရှိ တက္ကသိုလ်တို့ထက် အားသာချက်ဖြစ်သော အင်ယားကန်၊ ကျောင်းဧရိယာဖွဲ့စည်းပုံ၊ ကျောင်းအတွင်းရှိ ရုက္ခဗေဒ အပင်မျိုးစုံ၊ ကိုလိုနီခေတ်ဗိသုကာလက်ရာနှင့် ယနေ့ခေတ်ဗိသုကာ လက်ရာများကို တွေ့မြင်နိုင် သောကြောင့် သမိုင်းတန်ဘိုးများစုစည်းရာ ရန်ကုန်တက္ကသိုလ်ကြီး ထိန်းသိမ်း စောင့်ရှောက်ရန် ပြင်ဆင် ဆောင်ရွက်ခြင်းဖြစ်သည်။ ထိုသို့ဖော်ဆောင်ရာ၌ သက်ဆိုင်ရာ ဌာနများနှင့် ကျွမ်းကျင်ပညာရှင်များ၊ တက္ကသိုလ်ကျောင်းသား ကျောင်သူဟောင်းများ၊ ဆရာ/ဆရာမ များနှင့် အများပြည်သူ ဆန္ဒသဘောထားဖြင့်  အမျိုးသားအဆင့် အမွေအနှစ်အဖြစ် ရန်ကုန် တက္ကသိုလ်ကြီးကို ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သည်။

မျိုးဆက်အလိုက် ဖြတ်သန်းခဲ့သော ရန်ကုန်တကက္ကသိုလ်ကြီးသည် တစ်ချိန်ကအာရှတွင် အဆင့်မြင့်သော တက္ကသိုလ်အဖြစ် ထင်ပေါ်ကျော်ကြားခဲ့ပြီး ဂုဏ်သိက္ခာကြီးမားခဲ့သော အတိတ်ကို လွမ်းသခြင်းထက်  ထိုအဆင့်သို့ပြန်လည်ကြိုးစားရန် ယနေ့မျိုးဆက်သစ်များ ကြိုးစားစေလိုကြောင်း၊ ကိုလိုနီခေတ်ပညာရေးထက် ပိုမိုကောင်းမွန်သော ပညာရေးလိုလားသော ကျောင်းသားဟောင်းများမှာ ထူးချွန်ထက်မြက်ပြီးကမ္ဘာနှင့်မြန်မာက လေးစားသူများအဖြစ် ရှင်သန်ခဲ့ကြရာ မျှော်မှန်းခဲ့သော ပိုမိုကောင်းမွန်သည့် ပညာရေးရည်မှန်းချက်သို့ ရောက်ရှိရန် ဝိုင်းဝန်းကြိုးပမ်းဖော်ဆောင်မှုဖြင့် နိုင်ငံတကာမှ လေးစားသောတစ်ချိန်ကပုံရိပ်ကိုရရှိရန် ရန်ကုန်တက္ကသိုလ်မှ စောင့်ကြိုလျက်ရှိရာ  နိုင်ငံ့ဂုဏ်ဆောင် ရန်ကုန်တက္ကသိုလ်ကြီးကို အမျိုးသားအဆင့် အမွေအနှစ်အဖြစ် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန် မြန်မာနိုင်ငံ သုတေသနပညာအသင်းမှ ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း ဒေါ်ဥမ္မာမျိုးက  ဖြည့်စွက်ပြောသည်။

Source: Myanmar Digital News 

Latest Post News Read 449 times