Sales Hotline : 09448001653       Download App



ကျန်းမာရေးနှင့် စီးပွားရေးအခက်အခဲကြောင့် ကျောင်းနားသည့် တက္ကသိုလ်ကျောင်းသားများကို တစ်နှစ်ကျမသတ်မှတ်

ကျန်းမာရေးနှင့်စီးပွားရေးအခက်အခဲကြောင့် ကျောင်းဆက်မတက်နိုင်ဘဲကျောင်းနားသည့် တက္ကသိုလ်ကျောင်းသားများအား တစ်နှစ်ကျဟု မသတ်မှတ်ဘဲ Fresher အဖြစ်ပြန်တက်ခွင့်ပြုရန် ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည်။

ယင်းအခက်အခဲများကြောင့် ကျောင်းနားသည့် ဆေးနား၊ စီးပွားရေးနား Fresher တို့ကို ကျောင်းပြန်တက်ရာတွင် Repeater အနေဖြင့် တစ်နှစ်ကျမသတ်မှတ်ဘဲ ပြန်တက်ခွင့်ပေးမည်ဖြစ်သည်။

ကျန်းမာရေးနှင့် စီးပွားရေးအခက်အခဲကြောင့် ပညာသင်နှစ်တစ်နှစ်ကျောင်းနားမည့်သူများသည် ပညာသင်နှစ်အစ ပထမဆုံးလသတ်မှတ်ရက်အတွင်း သက်ဆိုင်ရာကျောင်းတွင်လျှောက်ထားရမည်ဖြစ်ပြီး တင်ပြချက်ခိုင်လုံပါက ကျောင်းနားခွင့်ပြုမည်ဟု ပြည်တက္ကသိုလ်တာဝန်ခံ ပါမောက္ခချုပ်ဒေါက်တာ အောင်အောင်မင်းကပြောသည်။ ကျောင်းပြန်လည်တက်ရောက်ချိန်တွင် ရပ်နားထားသည့်အတန်းတွင် Fresher အဖြစ် တက်ခွင့်ရမည်ဖြစ်သည်။

“နှစ်စကျောင်းအပ်တည်းက စီးပွားရေးအဆင်မပြေပါဘူးလို့ တင်လိုက်တယ်ဆိုရင် Fresher သတ်မှတ်မှာပါ။ ကျောင်းတက်နေရင်းနဲ့ ကျန်းမာရေးက တအားဆိုးလာရင် နားခွင့်ယူလို့ရပါတယ်။ စာမေးပွဲကို ဆေးရုံဖြေလို့ရတဲ့ကိစ္စတို့၊ ကျောင်းကနေဆေးခွင့်ရတဲ့ကိစ္စတို့ဆိုရင်တော့ စာမေးပွဲကိုရအောင်ဖြေရမှာပေါ့” ဟု ၄င်းကဆိုသည်။

ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်၊ ကောလိပ်များ၏စာမေးပွဲဆိုင်ရာ စည်းကမ်းချက်များအရ ကျောင်းခေါ်ချိန် (၇၅%) မပြည့်ပါက တစ်ကြိမ်ကျအဖြစ်သတ်မှတ်သည်။ ခိုင်လုံသောဆေးလတ်မှတ် တင်ပြနိုင်ပါက ပညာသင်နှစ်တစ်နှစ်လုံးအတွက် ခွင့်ရက် (၂၁) ရက်အထိခွင့်ပြုထားသည်။

“တစ်နှစ်ကျဖြစ်သွားရင် ဝိဇ္ဇာ/သိပ္ပံဘက်မှာဆို Qualify အတန်းအတွက်မစဉ်းစားတော့ဘူး။ ဆေးနား၊ စီးပွားနားကရှားတော့ရှားတယ်။ ကျန်းမာရေးကြောင့်ဆိုရင်တော့ဆေးခွင့်နဲ့ ဆေးရုံဖြေလောက်ပဲ။ စီးပွားရေးအဆင်မပြေတဲ့ကလေးက လုံးဝထွက်သွားတာ၊ အဝေးသင်နောက်မှ ပြန်တက်တာမျိုးများတယ်” ဟု ရန်ကုန်တက္ကသိုလ်မှ ကထိကတစ်ဦးကဆိုသည်။

ပညာရေးဝန်ကြီးဌာနအောက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် (၁၅၇) ကျောင်းရှိသည်။

Source: 7Day News
 

Government School Latest Post News Read 1105 times