Sales Hotline : 09448001653       Download App



မြန်မာသံအမတ်ကြီးမှ ဂျပန်နိုင်ငံရောက် မြန်မာကျောင်းသား/သူများအား အထောက်အကူပြုလှူဒါန်းငွေများ ပေးအပ်

မြန်မာသံအမတ်ကြီး ဦးမြင့်သူသည် Myanmar Youth and Student Association (MYSA) မှ President ဒေါ်မေယမုံခိုင်နှင့် အမှုဆောင်ကော်မတီဝင်များ၊ မြန်မာကျောင်းသား/ ကျောင်းသူများအား (၂၀-၉-၂၀၂၀) ရက် နံနက်ပိုင်း၌ မြန်မာသံရုံးတွင် တွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာသံအမတ်ကြီးမှ ဂျပန်နိုင်ငံသို့ ရောက်ရှိ ပညာသင်ကြား နေကြသည့် မြန်မာကျောင်းသား/ကျောင်းသူများအနက် COVID-19 ကြောင့် ပညာသင်ကြားရေး နှင့် နေထိုင်ရေးတို့တွင် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ နေရသည့် ကျောင်းသား/ကျောင်းသူ (၅၀)ဦးကို ဂျပန်နိုင်ငံ၊ AEON 1% Club Foundation မှ လှူဒါန်းသည့် ပညာသင်ကြားမှု အထောက်အကူပြု လှူဒါန်းငွေများကို ဖောင်ဒေးရှင်း ကိုယ်စားပေးအပ်ခဲ့ပါသည်။ထို့အပြင်၊ မြန်မာသံရုံးမှ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများအား Masks များ ပေးအပ်ခဲ့ပါသည်။

AEON 1% Club Foundation သည် ၂၀၀၆ ခုနှစ်မှစတင်၍၊ မြန်မာနိုင်ငံမှ အခြေခံပညာ အထက်တန်းနှင့် တက္ကသိုလ်ကျောင်းသား/ ကျောင်းသူများအား ပညာသင်ဆု ပေးအပ်ခဲ့ ပါသည်။ ၂၀၁၄ ခုနှစ်မှ စတင်၍ ရန်ကုန်မြို့၊ စီးပွားရေးတက္ကသိုလ်နှင့် ရန်ကုန်နိုင်ငံခြား ဘာသာသင် တက္ကသိုလ်တို့သို့လည်း ပညာသင်ဆုများ ပေးအပ်ခဲ့ပါသည်။ ထို့အပြင်၊ Teenage Ambassadors အစီအစဉ်ဖြင့် မြန်မာနိုင်ငံမှ အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများ ကို ဂျပန်နိုင်ငံသို့ ဖိတ်ခေါ်ပြီး၊ အာရှ-ပစိဖိတ် (၁၇) နိုင်ငံမှ ကျောင်းသား/ ကျောင်းသူများ နှင့် တွေ့ဆုံပွဲများ ကျင်းပပေးလျက်ရှိပါသည်။


AEON 1% Club Foundation သည် မြန်မာနိုင်ငံတွင် စာသင် ကျောင်းများ ဆောက်လုပ် လှူဒါန်းခြင်း၊ ကုလသမဂ္ဂ UNICEF အဖွဲ့နှင့် ပူးပေါင်း၍ ၂၀၁၀ ပြည့်နှစ်မှစတင်ပြီး၊ ကျေးရွာ များတွင် သောက်သုံးရေ သန့်ရရှိရေးစီမံကိန်း၊ သစ်ပင်စိုက်ပျိုးရေးစီမံကိန်းများတွင်လည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းဖြစ်ကြောင်း သိရှိရပါသည်။

Ministry of Foreign Affairs Myanmar

Latest Post News Read 560 times