Sales Hotline : 09448001653       Download App



COVID-19 ရောဂါ ကာကွယ်တားဆီးရေး နည်းပညာပံ့ပိုးမှုကော်မတီအစည်းအဝေးကျင်းပ

Image Source: Ministry of Health and Sports, Myanmar 

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဩဂုတ်လ (၂၀) ရက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့်အတူ ယနေ့၊ နံနက်ပိုင်း တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ပြုလုပ်ခဲ့သည့် "ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် COVID-19 ရောဂါ ကာကွယ်တားဆီရေး နည်းပညာ ပံ့ပိုးမှုကော်မတီအစည်းအဝေး" သို့ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဖွင့်အမှာစကားပြောကြားရာတွင်-

  • ယခုအခါ တစ်ပြည်လုံးတွင် အခြေခံပညာအထက်တန်းကျောင်းများ တစ်ဆင့်ပြီးတစ်ဆင့် ပြန်လည်ဖွင့်လှစ်လျက်ရှိပြီး တစ်လတာကာလအတွင်း၌ COVID-19 ကူးစက်ဖြစ်ပွားမှု မတွေ့ရှိရသေးသော်လည်း ဝန်ကြီးဌာန (၂) ခု ပူးပေါင်း ပြုစုထားသည့် ဆန်းစစ်အကဲဖြတ်မှုပုံစံ (checklist) ကို အသုံးပြု၍ စောင့်ကြည့်ဆန်းစစ်ခြင်းကို အရှိန်အဟုန်မပျက် ဆက်လက်၍ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
  • စောင့်ကြည့်ဆန်းစစ်ခြင်းကို ပိုင်နိုင်သေချာစွာ ဆောင်ရွက်နိုင်မှသာလျှင် ရောဂါလက္ခဏာရှိ ကျောင်းသား/ သူများကို စောစီးစွာ ရှာဖွေဖော်ထုတ်နိုင်မည်ဖြစ်ပြီး ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ယခုအချိန်တွင် စောင့်ကြည့်ဆန်းစစ်ခြင်းများသည် အဓိကလုပ်ငန်းဖြစ်ပါကြောင်း၊
  • ဆန်းစစ်အကဲဖြတ်မှုပုံစံများကို ဖြည့်စွက်၍ ကျန်းမာရေး၊ ပညာရေးနှင့် အထွေထွေ အုပ်ချုပ်ရေးတို့မှ တာဝန်ယူလက်မှတ်ရေးထိုးကာ တိုင်းဒေသကြီး/ ပြည်နယ် အလိုက် စုစည်းပြီး ဗဟိုအဆင့်သို့ ပေးပို့လျက်ရှိသည်မှာ ကောင်းမွန်ပါကြောင်း၊
  • စောင့်ကြည့်ဆန်းစစ်အဖွဲ့များအနက် ကျောင်းတိုင်းရှိ ကျောင်းအုပ်၊ ကျောင်းဆရာ/ ဆရာမနှင့် ကျောင်းသား/သူများ အဓိကပါဝင်ဖွဲ့စည်းထားသော စောင့်ကြည့်ဆန်းစစ်ရေး အဖွဲ့၏ ဆောင်ရွက်မှုသည် ယခုအချိန်၌ အရေးအကြီးဆုံးဖြစ်ပါကြောင်း၊ ဤအဖွဲ့၏ ဆောင်ရွက်မှု ပီပြင်မှသာလျှင် ရောဂါတွေ့ရှိပါက စောစီးစွာထိန်းချုပ်နိုင်မည် ဖြစ်ပါကြောင်း၊
  • ရန်ကုန်နှင့် မန္တလေးကဲ့သို့ လူဦးရေထူထပ်သောနေရာများရှိ ကျောင်းများတွင် ရောဂါကူးစက်မှု အန္တရာယ် ပိုများနိုင်သည် ဆိုသည့်အချက်ကို သတိပြု ကြရမည်ဖြစ်ပါကြောင်း၊
  • အချက် (၈၀) ပါဝင်သော ဆန်းစစ်အကဲဖြတ်မှုပုံစံများကို ပြန်လည်သုံးသပ်ပြီး အရေအတွက်လျှော့ချကာ အရေးကြီးသည့် အချက်များသာ ပါဝင်သည့် ပုံစံသစ်ကို ပြုပြင်စေလိုပါကြောင်း၊ 
  • ကမ္ဘာ့ကျန်းမာရေးအဖွဲ့က COVID-19 လူနာများ၏ Virus နမူနာများကို လေ့လာကြည့်ရာတွင် (၃၀) ရာခိုင်နှုန်းသည် D614G ဇီဝမျိုးဗီဇပြောင်းလဲမှုကိုတွေ့ရှိရပြီး ၎င်းသည် ယခင်ကထက် ကူးစက်နိုင်စွမ်း (infectiousness) သိသာစွာ ပိုမိုမြန်ဆန်ပါကြောင်း၊ မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံများတွင်လည်း ဗိုင်းရပ်စ်ပိုး၏ ဇီဝမျိုးဗီဇ ပြောင်းလဲနိုင်သည့်အတွက် မိမိတို့သည် ကျောင်းသားများ စုစည်းရာကျောင်းများ၌ စည်းကမ်းလမ်းညွှန်ချက်များလိုက်နာရန် အထူးဂရုစိုက်ကြရမည်ဖြစ်ပါကြောင်း၊
  • မြန်မာနိုင်ငံတွင်လည်း ဆေးသုတေသနဦးစီးဌာနမှ ပညာရှင်များကို တာဝန်ပေး၍ COVID-19 ပိုင်းရပ်စ်ပိုး မျိုးရိုးဗီဇခွဲခြမ်းစိတ်ဖြာမှု (Genomic Sequencing) ပြုလုပ်ခဲ့ရာ ဓါတ်ခွဲစစ်ဆေးသည့်နမူနာ (၁၀) ခုအနက် D614G ဗီဇပြောင်းလဲမှု (၆) ခု တွေ့ရှိရပါကြောင်း၊
  • ၎င်းတွေ့ရှိချက်အရ မိမိတို့နိုင်ငံတွင် ဖြစ်ပွားနေသည့် COVID-19 ဗိုင်းရပ်စ်ပိုးသည် ဒုတိယလှိုင်းအသွင်ဖြစ်ပွားရန် အလားအလာရှိသည့်အတွက် လုံးဝပေါ့ဆ၍မရပါကြောင်း၊
  • အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ကူးစက်ပျံ့နှံ့မှုများပြားနေသည့် အချိန်ဖြစ် သဖြင့် မိမိတို့အနေဖြင့် ၎င်းနိုင်ငံများနှင့် နီးစပ်သော တိုင်းဒေသကြီး/ ပြည်နယ်များရှိ ကျောင်းများတွင် အထူးပိုမိုဂရုစိုက်ရန်လိုအပ်ပါကြောင်း
  • ကျောင်းထဲမဝင်ခင် တန်းစီချိန်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည် COVID-19 ကာကွယ်ရေး လိုက်နာ ရမည့်အချက်များကို လက်ကိုင်အသံချဲ့စက်များ အသုံးပြ၍ တိုတိုနှင့်လိုရင်း မဖြစ်မနေ ကြေညာပေးရမည်ဖြစ်ကြောင်း၊ အတန်းတိုင်းတွင် စာမသင်ခင်၌ COVID-19 နှင့် ပတ်သက်၍ (၅)မိနစ်ခန့် ပြောကြားခြင်းကိုလည်း ဆက်လက် ပြုလုပ်စေလိုပါကြောင်း၊
  • ကျောင်းများတွင် ဆရာ/ဆရာမအချင်းချင်း၊ ကျောင်းသူ/သား အချင်းချင်း သတိပေး/ အသိပေးသည့် အစီအစဉ်များ ဆောင်ရွက်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနမှ ဆက်လက်ညွှန်ကြားပေးစေလိုပါကြောင်း၊ 
  • မိမိတို့အနေဖြင့် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အမြဲအဆင်သင့်အနေအထားဖြင့် အမြဲနိုးနိုးကြားကြား ရှိနေရမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးမှ အမှာစကားပြောကြားရာတွင် -

  • ကျောင်းသား/ ကျောင်းသူများ ပညာသင်ကြားခွင့် မဆုံးရှုံးစေရန်အတွက် အခြေခံပညာ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၏ ပံ့ပိုးကူညီဆောင်ရွက်မှုများကို အထူးအသိအမှတ်ပြု ကျေးဇူးတင် ပါကြောင်း၊
  • (၂၁-၇-၂၀၂၀) ရက်နေ့မှစ၍ အခြေခံပညာအထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ရာ မနက်ဖြန်ဆိုလျှင် (၁)လ ပြည့်မြောက်ပြီဖြစ်ပါကြောင်း၊
  • မိမိတို့ပညာရေးဝန်ကြီးဌာနအနေဖြင့် ကလေးများ၏ပညာရေးနှင့် ပညာသင်ယူခွင့်သည် အရေးကြီးဆုံးဖြစ်သော်လည်း ယခုကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်ပွားနေသည့် အချိန်တွင် ကျန်းမာရေးရှုထောင့်မှ လုံခြုံဘေးကင်းစေရန်လည်း အလေးထား စဉ်းစား ဆောင်ရွက်နေပါကြောင်း၊
  • ယခုအချိန်အထိ တစ်နိုင်ငံလုံးတွင် ဖွင့်လှစ်ရန်ကျန်ရှိနေသော အခြေခံပညာအထက်တန်း ကျောင်း (၆၁၀)ကျောင်းအား checklist နှင့်စစ်ဆေးလျက် ရှိပါကြောင်း၊
  • ၎င်း checklist များကို ဗဟိုသို့ အမြန်ဆုံးပေးပို့၍ သတ်မှတ်ချက်နှင့်အညီ "A" အဆင့်ရ ကျောင်းများကို ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
  • ကြီးကြပ်ဆန်းစစ်တွေ့ရှိချက်များအရ လိုအပ်ချက်များကို ပညာရေးဝန်ကြီးဌာနမှ အမြန် ဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း၊ 
  • ပုဂ္ဂလိကကျောင်းများတွင် ဘော်ဒါဆောင် တွဲဖက်ထားခြင်း ရှိ/ မရှိ မြေပြင်အခြေအနေကို သိရှိနိုင်ရန် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများထံ သဘောထား တောင်းခံထားပါ ကြောင်း၊
  • ရောဂါကူးစက်မှုအခြေအနေပေါ်မူတည်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုအတိုင်း အချို့ကျောင်းများဖွင့်လှစ်မှုကို ခေတ္တဆိုင်းငံ့ သွားမည်ဖြစ် ပါကြောင်း၊ 
  • ပညာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ပါဝင်သောအဖွဲ့ (၃)ဖွဲ့ဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ကျောင်းများတွင် နေ့စဉ် စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်နေသကဲ့သို့ ရန်ကုန်နှင့်နေပြည်တော်ရှိ ကျောင်းများတွင် ရိုက်ကူးရေးအဖွဲ့များဖြင့် နေ့စဉ်မှတ်တမ်းတင်ထားပါကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် COVID-19 ရောဂါ ကာကွယ်တားဆီးရေး နည်းပညာပံ့ပိုးမှုကော်မတီ၊ ဥက္ကဋ္ဌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းက-

  • "A" အခြေအနေရှိ အခြေခံပညာအထက်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရန်အတွက် ဆောင်ရွက် ထားရှိမှု အခြေအနေ၊
  • ကျောင်းများတွင် COVID-19 ရောဂါ သံသယလက္ခဏာ ခံစားရသူ ရှိ/မရှိ နေ့စဉ် အစီရင် ခံမှု အခြေအနေ၊
  • စောင့်ကြည့်ဆန်းစစ်ခြင်း ဆောင်ရွက်မှုအခြေအနေနှင့်
  • ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အထက် တန်းအဆင့်စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်မှုအခြေအနေ၊ ကျောင်းများတွင် ရိုက်ကူး ထားသည့် ဗွီဒီယိုမှတ်တမ်းများနှင့် စောင့်ကြည့်ဆန်းစစ်မှုပုံစံဖြင့် စစ်ဆေးထားရှိမှုတို့ကို ရှင်းလင်း တင်ပြခဲ့ပါသည်။

အသေးစိတ်သိရှိရန် ပုံကို ထိပါ

No description available.

 

ယင်းနောက် တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးအကြံပြုကြပြီး ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တို့မှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။
အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီး ဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

Latest Post News Read 625 times