တရုတ်နိုင်ငံ ပေကျင်းရှိ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများတွင် လာမည့် စက်တင်ဘာလ၌ AI သင်ခန်းစာများကို သင်ကြားပေးပြီး ကျောင်းသားများကို နည်းပညာတွင် ပါရမီပါလာစေရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန် လေ့ကျင့်ပေးမည်ဖြစ်သည်။
ကျောင်းများတွင် AI သင်ခန်းစာများကို စတင် ထည့်သွင်းသင်ကြားပေးတော့မည်ဖြစ်ကြောင်း မတ်လ (၇) ရက်၊ သောကြာနေ့တွင် တရုတ်ပညာရေးအာဏာပိုင်းများက ၎င်းတို့၏ တရားဝင်ဝက်ဘ်ဆိုက်ဒ်တွင် ကြေညာခဲ့သည်။
ကျောင်းများသည် ကျောင်းပြီးအားလပ်ချိန်တွင်ဖြစ်စေ၊ ကျောင်းသားအသင်းကလပ်များဖွဲ့၍ဖြစ်စေ၊ သုတေသနပရောဂျက်များတွင်ဖြစ်စေ AI လှုပ်ရှားမှုများကို လာမည့် Fall Semester တွင် စတင် ထည့်သွင်းမည်ဖြစ်သည်။
၎င်းတို့သည် AI သင်တန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ထိပ်တန်းစီးပွားရေးလုပ်ငန်းများ၊ တက္ကသိုလ်များ၊ သုတေသနအဖွဲ့အစည်းများနှင့် စက်မှုလုပ်ငန်းဆိုင်ရာအသင်းအဖွဲ့များနှင့်လည်း လက်တွဲဆောင်ရွက်သွားရန် ရည်မှန်းထားသည်။
ကျောင်းများသည် AI ကို သင်ကြားရေးတွင် အသုံးပြုခြင်းဖြင့် စမတ်ကျသော သုတေသနသင်ယူမှုများ ပံ့ပိုးပေးနိုင်ပြီး ကျောင်းသားတစ်ဦးစီ၏ လိုအပ်ချက်များကို အခြေခံ၍ သင်ကြားမှု ပိုမိုထိရောက်စေရန် ဆရာများနှင့် ကျောင်းသားများအား ကူညီနိုင်သည်။
ကျောင်းများသည် စာသင်နှစ်တစ်နှစ်လျှင် AI ပညာရေးကို အနည်းဆုံး (၈) နာရီ သင်ကြားရမည်ဖြစ်ပြီး AI သင်ခန်းစာများကို သီးသန့် သင်ကြားနိုင်သလို နည်းပညာနှင့် သိပ္ပံအတန်းများကဲ့သို့ လက်ရှိ သင်ရိုးညွှန်းတမ်းများတွင်လည်း ပေါင်းစည်းသင်ကြားနိုင်သည်ဟု တာဝန်ရှိသူများက ဆိုသည်။
မတ်လ (၅) ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) နှစ်ပတ်လည် အစည်းအဝေးတွင် တရုတ်အစိုးရ အာဏာပိုင်များက AI နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် ပံ့ပိုးကူညီမှုများ တိုးမြှင့်လုပ်ဆောင်ရန် ကတိပြုခဲ့သည်။
ကျောင်းသားများအတွက် မူလတန်းမှ အထက်တန်းကျောင်းများအထိ မတူညီသော ပညာရေးအဆင့်များတွင် AI ကို မည်ကဲ့သို့ ဖြည်းဖြည်းချင်း မိတ်ဆက်သွားမည်ဖြစ်ကြောင်းကိုလည်း လုပ်ငန်းအစီအစဉ်တွင် ထည့်သွင်းဖော်ပြထားသည်။
မူလတန်းကျောင်းများသည် AI သဘောတရားများကို မိတ်ဆက်ရန်အတွက် လက်တွေ့သင်ခန်းစာများ သင်ကြားရမည်ဖြစ်ပြီး အလယ်တန်းအဆင့်တွင် သင်ယူမှုနှင့် နေ့စဉ်ဘဝတွင် AI အသုံးပြုခြင်းအပေါ် အလေးထားမည်ဖြစ်သည်။ အထက်တန်းကျောင်းများတွင် AI အပလီကေးရှင်းနှင့် ဆန်းသစ်တီထွင်မှုကို မြှင့်တင်ရန် ရည်ရွယ်သည့် လက်တွေ့ကျသော သင်တန်းများကို ပို့ချပေးမည်ဖြစ်သည်။
AI ကိရိယာများကို "သိပ္ပံနည်းကျကျ၊ ကျိုးကြောင်းဆီလျော်စွာ၊ မှန်မှန်ကန်ကန်နှင့် သတိရှိရှိ" အသုံးပြုနိုင်ဖို့အတွက် ကျောင်းသားများအား AI ကျင့်ဝတ်ဆိုင်ရာ သင်တန်းများကိုလည်း သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တစ်ချိန်တည်းမှာပင် AI ပညာရေးမြှင့်တင်ရန်အတွက် နည်းပညာ၊ သိပ္ပံနှင့် သင်္ချာအပါအဝင် STEM ဘာသာရပ်များတွင် စိတ်ပါဝင်စားပြီး အခြေခိုင်သော ဆရာများကို ရွေးချယ်ခြင်းကိုလည်း အာရုံစိုက် လုပ်ဆောင်ခဲ့ပါသည်။
သို့သော် AI ကိရိယာများ အသုံးပြုမှု တိုးပွားလာခြင်းကြောင့် အတုအယောင်များ ပိုများလာပြီး AI အသုံးပြုမှုနှင့်ပတ်သက်၍ အချေအတင်ငြင်းခုံမှုများ ဖြစ်ပွားခဲ့သည်။ နည်းပညာနှင့် AI ကိရိယာများကို အလွဲသုံးစားမပြုကြောင်း သေချာစေရန်အတွက် စည်းမျဉ်းစည်းကမ်းများ ပိုမိုလိုအပ်ကြောင်း တရုတ်လွှတ်တော်အမတ်များက သတိပေးထားသည်။
တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) အမျိုးသားကော်မတီအဖွဲ့ဝင် Zhang Yi က "ခွဲခြားဆက်ဆံမှုဆိုင်ရာ အယ်လဂိုရီသမ်များ၊ ကိုယ်ရေးကိုယ်တာချိုးဖောက်မှုများနှင့် ဒေတာလုံခြုံရေးအားနည်းမှုများအပါအဝင် AI ၏ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်မှုကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာများကို သတိပေးခဲ့သည်။
Source - CNA