Sales Hotline : 09448001653       Download App



စိန်ခေါ်မှုတွေရှိလာနိုင်သည့် တစ်ကျော့ပြန်ပိတ်ထားလိုက်ရသည့် မြန်မာနိုင်ငံ၏ ပညာရေး

မြန်မာနိုင်ငံအနှံ့ရှိ ကျောင်းများကို စစ်ဆေးရေးအဖွဲ့များ၏ စစ်ဆေးချက်များအောက်တွင် အေ အဆင့်ရ ကျောင်းများကို ဇူလိုင် ၂၁ ရက်တွင် ပြန်လည် ဖွင့်လှစ်ခဲ့ပြီး ယခုအခါတွင် တိုင်းနှင့် ပြည်နယ်အချို့တွင် ကိုဗစ်ရောဂါပိုး ကူးစက်နှုန်းများမှာ သိသိသာသာ တိုးလာသောကြောင့် ဩဂုတ် ၂၇ ရက်တွင် ပြန်လည်ပိတ်ခဲ့ရပါသည်။ ထိုအခြေအနေမှာ ကျောင်းသားများ၊ မိဘများ နှင့် ဆရာများ အတွက် စိန်ခေါ်မှု တစ်ရပ် ဖြစ်လာနိုင်ကြောင်း ပြောထားကြသည်များကို ကိုဥာဏ်ဝင်းအောင်မှ သုံးသပ်တင်ပြထားပါသည်။ 


ပြည်တွင်းကူးစက်မှုများ လို့ ဆိုရမည့် ကိုဗစ်ကူးစက်လူနာများမှ တဆင့် ဆင့်ပွားကူးစက်ခံရသူများထဲတွင် ပညာရေးဌာနမှ ဝန်ထမ်းများ၊ ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသား/သူများပါ ပါဝင်လာသောကြောင့် အခြေခံပညာ အထက်တန်းဆင့် ကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ အပြင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားကြောင်း ပညာရေး ဝန်ကြီး ဌာနမှ ကြေညာထားပါသည်။ 


ကျောင်းများ ပြန်ပိတ်လိုက်ခြင်းကို ရန်ကုန်တိုင်း ရန်ကင်း အထက (၂) မှ ဆရာမ ဒေါ်ချိုချို မှ ယခုလိုဆိုထားပါသည်။ “အခုလိုကျောင်းတွေပြန်ပိတ်လိုက်တဲ့အတွက် ကျောင်းသားများရဲ့  ပညာရးမှာ နစ်နာမှု ရှိလာနိုင်တာမှန်ပေမယ့် ကျန်းမာရေးက ပို အဓိက ကျပါတယ်” 


ဆက်လက်၍ လည်း “ကိုဗစ်က စိုးရိမ်ရတယ်လေ၊ စိုးရိမ်ရတဲ့အခြေအနေ ရောက်မယ်ဆိုရင် ကျောင်းတွေ ပြန်ပိတ်မယ်လို့ နဂိုကတည်းက ပြောထားပြီးသားဆိုတော့ အခုဟာက အရမ်းကြီးစိုးရိမ်ရတဲ့ အခြေအနေ မရောက်ခင်မှာ ပိတ်လိုက်တဲ့အတွက်ကြောင့်မို့လို့ ကလေးတွေ ကျန်းမာရေးအတွက် အန္တရာယ်ကင်းတယ်လို့ ဆရာမတယောက်အနေနဲ့ ပြောချင်ပါတယ်။ တချို့ ကျောင်းသားကျပြန်တော့ စာအရမ်းလိုချင်တဲ့ ကလေးတွေ ရှိတယ်လေ။ ကျောင်း တနှစ်နားရမှာလည်း သူတို့မှာ ဝန်လေး ကြတယ်လေ။ အဲလိုမျိုးတွေကျတော့လည်း ဒါက ဆုံးရှုံးမှု တစ်ခုပေါ့လေ” ဟု ပြောပါသည်။ 


အထက(၁) ဒဂုံမြို့သစ် မြောက်ပိုင်း ရန်ကုန်တွင် (၁၀) တန်း တက်နေတဲ့ ကျောင်းသား မောင်ဝေလင်းထက်မှ လည်း “ကျောင်းပြန်ဖွင့်ပြီး တလကျော်အကြာမှာ အခုလို ကျောင်းပြန်ပိတ်သွားတာကြောင့် စာကျက်ဖို့ ကိုယ်ပိုင်အချိန် ပိုရသွားတယ်”ဟု ပြောပါသည်။ 
“ကျွန်တော်ကကျတော့ ကျောင်းသားတယောက်အနေနဲ့ အမှန်အတိုင်း ပြောရရင်တော့ ပျော်တယ်။ ဒါပေမဲ့ စာကျက်ချိန်ပိုရတယ်ပေါ့ ။ သာမန်ဆိုရင် စာကျက်ချိန်က ၈ လလောက်ပဲရတာပေါ့။ အခုဆိုလို့ရှိရင် ဘယ်လိုပဲဖြစ်ဖြစ် စာကျက်ချိန်က အရမ်းများသွားပြီ။ အဲဒါ တနေ့ကို အနည်းဆုံး ၄- ၅ နာရီတောင် လုပ်စရာမလိုဘူး။ ၃ နာရီလောက်ပဲ လုပ်ဦးတော့ စာတွေဘာတွေ မေ့မှာတို့ ဘာတို့က ဖြစ်စရာမရှိတော့ဘူး။ ကျနော်ကတော့ တနေ့ကို ၃ နာရီလောက်ပဲ လုပ်ပြီးတော့ ဒီတက္ကသိုလ်ဝင်တန်းကို ဖြေဆိုသွားမယ်လို့ တွေးထားပါတယ်” ဟု ဆိုပါသည်။ 


“အခုလို စောစောစီးစီး ပိတ်လိုက်တာက ကျောင်းသားမိဘတွေ အတွက်ကော၊ ကျောင်းသားတွေ အတွက်ကော ကောင်းတယ်လို့ပဲ ယူဆပါတယ်။ ဘာလို့လဲဆိုတော့ ကူးပြီးမှ ဆိုလို့ရှိရင် ဒီထက်ဆိုးသွားလိမ့်မယ်။ ရောဂါကူးတာထက် ယှဉ်လိုက်လို့ရှိရင်တော့ ပညာရေးကို နောက်တလှမ်း ဆုတ်သင့်ရင် ဆုတ်ရမှာပဲလေ။”ဟု ပညာရေးဝန်ထမ်းလောကမှာ ကိုဗစ်ကူးစက်မှုတွေ စတွေ့လာချိန်ကတည်းက ကျောင်းတွေ ပိတ်ထားသင့်တယ်လို့ အမြင်ရှိသည့် ရန်ကုန်မြို့က ကျောင်းသားမိဘတဦးဖြစ်တဲ့ ဦးသန့်ဇင်ဦးမှ သူ၏ အမြင်ကို ဝေမျှထားပါသည်။ 


ထို့အပြင် မော်လိုက်မြို့မှ တောင်သူကြီး ဦးမျိုးမြင့်က “စိုးရိမ်မှုတော့ ရှိတာပေါ့ဗျာ။ ကျောင်းသားတွေ တစ်နှစ်ဆို တစ်နှစ်အလိုက် နောက်ကျသွားတာဆိုတော့ ပညာရေး နောက်ကျ သွားတာပါပဲ။ ရောဂါက ကျရောက်လာရင် မလွယ်ဘူးလေ။ ပေါ့လျော့ လိုက်လို့ရှိရင် ကူးစက်မှု များလာနိုင်တယ်ပေါ့လေ။ ဒါကြောင့်မို့ အစိုးရကလည်း အစိုးရိမ်ကြီးလို့ ပိတ်တာဆိုတော့ .. ဒါ နစ်နာတာတော့ နစ်နာတာပဲ။” ဟု လက်ရှိနဲ့ ပြီးခဲ့သည့် သီတင်းပတ်တွေထဲမှာ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းအတွင်း ကူးစက်မှုတွေ မြင့်တက်လာခြင်းကို အစိုးရအမိန့်နဲ့ တနိုင်ငံလုံးအတိုင်းအတာအရ ကျောင်းတွေ ပိတ်ထားလိုက်ရတာကို လက်ခံပေမယ့် ကူးစက်မှု သိပ်မရှိသေးတဲ့ စစ်ကိုင်းတိုင်းလို နေရာမျိုးမှာပါ ကျောင်းတွေ ပိတ်လိုက်ရတာမို့ နစ်နာမှုတစုံတရာ ရှိလာနိုင်သည့် သူ၏အမြင်ကို ပြောပြပါသည်။ 


ကျောင်းသားတွေအတွက် အဲဒီလို အရမ်းကြီး နစ်နစ်မှု မဖြစ်ရအောင် လတ်တလော ယာယီကျောင်းပိတ်ထားချိန်မှာ ကျောင်းသားတွေအတွက် အိမ်စာတွေ ပေးထားတဲ့အပြင် အစိုးရ ပညာရေးရုပ်သံ လိုင်းကနေလည်း ပို့ချမှုတွေ ရှိနေတယ်လို့ အထက(၂) ရန်ကင်းမှ ဆရာမ ဒေါ်ချိုချိုဝေက ပြောပါတယ်။
“သူတို့ သင်ပြီးသား စာတွေကို ပြန်ပြီးတော့ လေ့လာဖို့အတွက်ကို Home Study ပေးတယ်လေ။ အဲဒီ အိမ်စာတွေကို သူတို့ အိမ်မှာလုပ်ကြပေါ့။ ပြီးတဲ့အခါကျတော့ ကျောင်းပြန်တက်တဲ့အခါကျရင် နားမလည်တာရှိရင် ဆရာမတွေကို ပြန်ပြောပေါ့။ ဆရာမတွေက ပြန်ပြီး ရှင်းပြပေးမယ်ပေါ့။ အခုတော့ အွန်လိုင်းတွေဘာတွေနဲ့ စမ်းသပ်နေတာရှိတယ်။ စမ်းသပ်နေတဲ့အခါကျတော့ တကယ့်တကယ် အရေးအကြောင်း ဖြစ်လာမယ်ဆိုလို့ရှိရင်တော့ အဲလိုပုံစံမျိုး သင်ကြားရမယ် ထင်တာပဲလေ။”


သို့သော် ထို့သို့ အွန်လိုင်း သင်ကြားမှုအတွက် မြန်မာနိုင်ငံမှာ အဆင့်သင့် မဖြစ်သေးကြောင်းကို ဦးသန့်ဇင်ဦးမှ“အင်တာနက်ကနေ သင်တာမျိုး ဘာမျိုး ကျတော့လည်း ဒီမှာက ပြည့်စုံမှုက မရှိကြဘူးလေ၊ အများစုကလည်း မလုပ်နိုင်ကြဘူး။ အင်တာနက်နဲ့ သင်ကြားတဲ့ဟာမျိုးကျတော့ ဒီမှာ ပစ္စည်းကိရိယာ မလုံလောက်တဲ့အခါမျိုးကျတော့ မလွယ်ဘူးပေါ့နော်။ အခု လက်ရှိဒီမှာ တချို့ ပုဂ္ဂလိက ကျောင်းတွေကတော့ အဲဒီကိစ္စကို စပြီးတော့ လုပ်နေကြပြီ။ အဲဒါနဲ့ မိဘတွေကလည်း မတတ်နိုင်သော်လည်း တတ်နိုင်အောင်လုပ်ပြီးတော့ တချို့တွေ သင်နေတာတော့ ရှိပါတယ်။ အများစုကတော့ သင်နိုင်မယ် မထင်ဘူးခင်ဗျ။”ဟု သူ၏ အမြင်ကို ပွင့်လင်းစွာ ပြောပြခဲ့ပါသည်။ 


ယခုလက်ရှိတွင် အစိုးရက အခြေခံပညာကျောင်းတွေ ပြန်ဖွင့်ဖို့ ကြိုးပမ်းခဲ့ချိန်မှာ အခြေခံပညာ အထက်တန်းအဆင့် ကျောင်းပေါင်း (၇၁၀၀)ကျော်ကို စစ်ဆေးခဲ့ပြီး၊ ချမှတ်ထားတဲ့ ကျန်းမာရေးလမ်းညွှန်ချက်တွေ ပြည့်မီတဲ့ A အဆင့်ရှိ ကျောင်းပေါင်း (၄၆၇၅) ကို ပြန်ဖွင့်ခွင့် ရချိန်မှာ ကပ်ရောဂါကြောင့် တစ်နိုင်ငံလုံးက ကျောင်းတွေ တစ်ကျော့ပြန်ပိတ်လိုက်ရခြင်း ဖြစ်ပါသည်။ 

By Myanmar Education Guide - EDGE

Source: voanews.com

Latest Post News Read 1467 times