Sales Hotline : 09448001653       Download App



(Grade-3) နှင့် (Grade-6) သင်ရိုးသစ်အတွက် သင်တန်းတက်ရောက်ရမည့် စာရင်းတောင်းခံခြင်း

(Grade-3) နှင့် (Grade-6) သင်ရိုးသစ်အတွက် သင်တန်းတက်ရောက်ရမည့် စာရင်းတောင်းခံခြင်း

အကြောင်းအရာ - တတိယတန်း (Grade-3) သင်ရိုးသစ် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် သင်တန်း/ဆွေးနွေးပွဲများတွင် တက်ရောက်မည့် သင်တန်းသား၊ နည်းပြ၊ ကြီးကြပ် သင်တန်းမှူးနှင့် ရုံးအဖွဲ့အင်အားစာရင်း တောင်းခံခြင်းကိစ္စ

ရည်ညွှန်းချက် -

(၁) အခြေခံပညာဦးစီးဌာန၏ (၇-၁၂-၂၀၁၈) ရက်စွဲပါ စာအမှတ် ဌာနခွဲ (၁၃-က)/၂၂၂၆၉/Grade-3 (၅၆၆/၁၈)

(၂) (၁၇.၁၂.၂၀၁၈) နှင့် (၂၀.၁၂.၂၀၁၈) ရက်နေ့ ပညာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၊ ထောက်ကြန့်တွင် ကျင်းပပြုလုပ်သော တတိယတန်း (Grade-3) သင်ရိုးသစ် မိတ်ဆက်ခြင်း ဆိုင်ရာ ကြီးကြပ်သူများ သင်တန်း/ ဆွေးနွေး ပွဲ တို့မှ ဆွေးနွေးညှိနှိုင်း ပို့ချချက်များ

(၃) (၁၀.၁.၂၀၁၉) ရက်နေ့ အခြေခံပညာဦးစီးဌာနတွင် ကျင်းပပြုလုပ်သော (Grade-3) နှင့် (Grade-6) သင်ရိုးသစ် သင်တန်းများအတွက် အကြိုညှိနှိုင်း ဆွေးနွေးပွဲမှ ဆွေးနွေးညှိနှိုင်းချက်များ (အစည်းအဝေးမှတ်တမ်း-ပူးတွဲ)

၁။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တတိယတန်း (Grade-3) သင်ရိုးသစ်ကို အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ရာ တိုင်းဒေသကြီး/ပြည်နယ်အဆင့် သင်တန်း/ဆွေးနွေးပွဲကို (၁.၄.၂၀၁၉) မှ (၁၀.၄.၂၀၁၉) ထိ ပညာရေး သုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနက လည်းကောင်း၊ ခရိုင်အဆင့် သင်တန်း/ဆွေးနွေးပွဲကို (၂၂.၄.၂၀၁၉) မှ (၈.၅.၂၀၁၉) ထိနှင့် မြို့နယ်အဆင့် သင်တန်း/ဆွေးနွေးပွဲကို (၁၀.၅.၂၀၁၉) မှ (၂၅.၅.၂၀၁၉) ထိ အခြေခံပညာဦးစီးဌာနက လည်းကောင်း တာဝန်ယူဆောင်ရွက် ကျင်းပ သွားမည်ဖြစ်ပါသည်။

၂။ အဆိုပါ သင်တန်းအဆင့် (၃) ခုတွင် တက်ရောက်မည့် သင်တန်းသား၊ နည်းပြ၊ ကြီးကြပ်၊ သင်တန်းမှူး နှင့် ရုံးအဖွဲ့ အင်အားစာရင်းများကို ကြီးကြပ်သူများ သင်တန်းလက်စွဲစာအုပ်ပါ လမ်းညွှန်ချက်များကို ကိုးကား၍ လည်းကောင်း၊ ရည်ညွှန်း(၂)နှင့်(၃)ပါ ဆွေးနွေးညှိနှိုင်းချက်များ အရလည်းကောင်း၊ ပူးတွဲ(၁)၊ (၂)နှင့်(၃)ဇယား(၃)မျိုးကို ပြုစုဖြည့်စွက်ရမည်ဖြစ်ပါသည်။

အဆိုပါ ဇယား(၃)မျိုးကို ပြုစုရာတွင် အောက်ပါ အချက်များအရ ရွေးချယ်တွက်ချက်ရမည်ဖြစ်ပါသည် -

(က) မြို့နယ်အလိုက် Grade-3 သင်တန်း/ဆွေးနွေးပွဲ တက်ရောက်ရမည့် မူအုပ်နှင့် မူဆင့်သင် ဆရာ၊ ဆရာမ အားလုံးပေါ်တွင်မူတည်၍ လိုအပ်မည့် နည်းပြအရေအတွက်အရ ခရိုင်အဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် သင်တန်းသားကို အဆင့်ဆင့်ခွဲထုတ်၍ လူဦးရေ ထပ်ခြင်း မဖြစ်စေရန် တွက်ချက်ရမည်။

(ခ) မြို့နယ်အဆင့်အတွက် သင်တန်းကျင်းပမည့်ရက်များတွင် အမှန်တက်ရောက်နိုင်မည့် သင်တန်းသားများသာ ထည့်သွင်းပြုစုရမည်ဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်မည့် သူများကို ထည့်သွင်းဖော်ပြရန် မလို ဘဲ နောက်ဆက်တွဲ သင်တန်းကျင်းပမည့် စီမံချက်ဖြင့် သီးခြားစာရင်း ပြုစုတင်ပြရမည်ဖြစ်ပါသည်။

(ဂ) တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် သင်တန်းသားကို ရွေးချယ်ရာတွင် ခရိုင်အဆင့် သင်တန်းသား ဦးရေအရ လိုအပ်မည့်နည်းပြဦးရေကို ဦးရေတူ အုပ်စု(က)နှင့် အုပ်စု(ခ)ခွဲ၍ သင်တန်းသား တွက်ချက်ရမည်။

(ဃ) သင်တန်းသား(၄၀)ဦးလျှင် တန်းခွဲ (၁)ခန်း နှုန်းဖြင့် တွက်ချက်ရမည်။ အခက်အခဲရှိပါက တန်းခွဲ(၁)ခန်းတွင် သင်တန်းသား အနည်းဆုံး (၃၅) ဦးမှ အများဆုံး (၅၅) ဦး အထိ ထားရှိနိုင် ပါသည်။

(င) တန်းခွဲ (၁) ခန်းလျှင် နည်းပြ (၄) ဦးနှုန်းနှင့် ကြီးကြပ် (၁) ဦးနှုန်း တွက်ချက်ရမည်။

(စ) သင်တန်းကျင်းပမည့် Centre တစ်ခုလျှင် သင်တန်းမှူး (၁) ဦးနှုန်းဖြင့် ရုံးအဖွဲ့ကို သင်တန်းသားဦးရေ နည်း/များပေါ်တွင် မူတည်၍ တွက်ချက်ရမည်။

၃။ တိုင်းဒေသကြီး/ပြည်နယ်အဆင့် သင်တန်း/ဆွေးနွေးပွဲကို တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူး ရုံးစိုက်ရာ မြို့များတွင် လည်းကောင်း၊ ခရိုင်အဆင့် သင်တန်း/ဆွေးနွေးပွဲကို ခရိုင်ပညာရေးမှူးရုံးစိုက်ရာ မြို့များတွင် လည်းကောင်း၊ မြို့နယ်အဆင့်ကို မြို့နယ်ပညာရေးမှူးရုံး စိုက်ရာမြို့များတွင်လည်းကောင်း ကျင်းပသွားမည်ဖြစ်ပါသည်။

၎။ သို့ဖြစ်ပါ၍ အဆိုပါ သင်တန်းအဆင့်(၃)မျိုးအတွက် သင်တန်းအင်အား စာရင်းကို ပူးတွဲ(၁)၊ (၂) နှင့် (၃)ပါ ဇယား(၃)မျိုးဖြင့် လည်းကောင်း တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် ပညာရေးမှူးရုံးများရှိ Grade-3 (သင်ရိုးသစ်) သင်တန်း တာဝန်ခံ အရာရှိများစာရင်းကို ပူးတွဲ(၄)ဖြင့် လည်းကောင်း ဖြည့်စွက်၍ Myanmar 3, Font Size 13 ဖြင့် Hard Copy, Soft Copy များကို ဤဦးစီးဌာန (ရုံးချုပ်)၊ ပညာဌာန [email protected] နှင့် Fax: ၀၆၇၃-၄၀၇၃၉၂/ ၀၆၇၃-၄၀၇၆၉၁ သို့ (၈.၂.၂၀၁၉) ရက်နေ့ နောက်ဆုံးထား၍ မပျက်မကွက် ပေးပို့ပါရန် အကြောင်းကြားပါသည်။

 

News Read 3434 times