Sales Hotline : 09448001653       Download App



စာကျက်နည်းတွေ ပြန်ရောင်းပြီး ဒေါ် လာထောင်ချီ စီးပွားရှာခဲ့တဲ့ ကျောင်းသားတစ်ဦး

"သင်ရိုးညွှန်းတမ်း တစ်ခုလုံးကို သူ့ စာကျက်နည်း မှတ်စုတွေထဲ အလွတ် ထည့်နိုင်တယ်လို့" ယူဂျင်း ချီယောင်းက ပြုံးပြီး ဟာသနှော ပြောပြပါတယ်။

" ကျွန်တော် ရေငုပ်ပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေးစင်တာမှာ အခမဲ့တိုက်တဲ့ ကော်ဖီလည်း အမြဲသွားသောက်ပါတယ်"

စင်္ကာပူ စီမံခန့်ခွဲရေးတက္ကသိုလ်က အသက် ၂၄ နှစ်အရွယ် စီးပွားရေးကျောင်းသား ယူဂျင်း ချီယောင်းက စင်္ကာပူနိုင်ငံမှာရှိတဲ့ သူ့မိဘအိမ်က သူ့အိပ်ခန်းထဲကနေ ဘီဘီစီကို ဗီဒီယိုကနေတစ်ဆင့် သူ့နေ့စဉ်ဘဝအကြောင်း ပြောပြခဲ့ပါတယ်။

သူပညာသင်ယူခဲ့ပုံ၊ သူ့ရဲ့ စီးပွားရေးလုပ်ငန်းအကြောင်းနဲ့အတူ အရှေ့တောင်အာရှက ပူနွေးတဲ့ ရေပြင်တွေကအစ မက္ကဆီကိုမြို့က မြို့ပြတောအကြောင်းအဆုံး သူ့ရဲ့ဘဝအတွေ့အကြုံတွေနဲ့ အခက်အခဲတွေကို ဘယ်လို ကျော်ဖြတ်ခဲ့ပုံတွေကို ယူဂျင်း ချီယောင်းက ပြောပြခဲ့ပါတယ်။

ဒါပေမဲ့ သူဘယ်လို နာမည်ကြီးလာခဲ့သလဲ ဆိုတာကို အရင်ကြည့်ရအောင်ပါ။

စင်္ကာပူမှာ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦး ဖြစ်ခွင့်အတွက် နှစ်ဆင့်ဖြေရတဲ့ အောင်ဖို့ ခက်လွန်းတဲ့ စာမေးပွဲတစ်ခုကို အမှတ်ကောင်းကောင်းနဲ့ အောင်ခဲ့အပြီးမှာ ဦးနှောက်မြေပုံ လို့ အမည်ပေးထားတဲ့ သူ့ရဲ့စာကျက်နည်းတွေကို ယူဂျင်း ချီယောင်း အွန်လိုင်းပေါ်မှာ တင်ရောင်းခဲ့ပါတယ်။

ဒီလိုလုပ်တာမျိုး သူ့အရင် ရှိခဲ့ဖူးပေမဲ့ ယူဂျင်း ချီယောင်းရဲ့ စာကျက်နည်းတွေကတော့ မမျှော်လင့်ဘဲ အရောင်းသွက်ခဲ့ပါတယ်။

ခုချိန်ထိ သူ့ရဲ့ ဦးနှောက်မြေပုံ စာကျက်နည်းပေါင်း ၁၅၀၀ လောက် ရောင်းခဲ့ရပြီးပါပြီ။ တစ်ပတ် တစ်ပတ်ကို ဒေါ်လာ တစ်ထောင်ကျော်ဖိုး ရောင်းရပြီး အခုတော့ စီးပွားဖြစ် လုပ်နေပါပြီ။

လိုအပ်ချက်တွေများလွန်း

စင်္ကာပူမှာ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦး ဖြစ်ဖို့အတွက် နာရီ ၆၀ ကြာ သင်တန်းတစ်ခု တက်ရမှာ ဖြစ်ပြီး RES လို့ခေါ်တဲ့ အဆင့်နှစ်ဆင့်ပါတဲ့ စာမေးပွဲကို ဖြေဆို အောင်မြင်ဖို့ လိုအပ်ပါတယ်။

"ဒီစာမေးပွဲဖြေရတာ သိပ်တော့ မလွယ်ပါဘူး။ သိတိုင်းအတိုင်းပဲ စင်္ကာပူက စည်းမျဉ်းစည်းကမ်းတွေ အရမ်းတင်းကျပ်တယ်မို့လား"လို့ ယူဂျင်း ချီယောင်းက ဘီဘီစီကို ပြောပြပါတယ်။

"ဒီတော့ ဒါကို မြန်မြန် သင်ယူတတ်ကျွမ်းနိုင်ဖို့နည်းတစ်ခုကို လူတွေ အရမ်းလိုချင်နေကြတယ် ဆိုတာကို ကျွန်တော် သဘောပေါက်ခဲ့တယ်"

လူတွေက စာမေးပွဲမှာ ယူဂျင်း ချီယောင်း သုံးခဲ့တဲ့ စာကျက်နည်း ဦးနှောက်မြေပုံ ၁၆ ခုကို အခကြေးငွေ ပေးပြီး အွန်လိုင်းကနေ ဒေါင်းလုဒ် လုပ်ပြီး ယူကြပါတယ်။

အဲဒီ စာကျက်နည်းတွေဟာ သဘောတရား၊ အယူအဆတွေကို ဒီဇိုင်းဆွဲထားတဲ့နည်းနဲ့ ဦးနှောက်က လွယ်လွယ်မြင်နိုင်အောင် လုပ်ထားတာ ဖြစ်ပါတယ်။

ယူဂျင်း ချီယောင်းရဲ့ ဦးနှောက်မြေပုံ စာကျက်နည်းတွေထဲမှာ ဥပဒေကြောင်း သဘောတရားတွေ၊ ဈေးကွက်သဘောတရားတွေ၊ သင်္ချာ၊ဖော်မြူလာတွေ၊ အချိန်ဇယားတွေ၊ သင်ရိုးညွှန်းတမ်းပါ ကွဲပြားခြားနားတဲ့ အချက်အလက်တွေ ပါဝင်ပါတယ်။

"ဒီဦးနှောက်မြေပုံ စာကျက်နည်းတွေက သင်ယူမှုသဘောတရားကို ချိတ်ဆက်ပေးပါတယ်။ ဘယ်လို ဘာသာရပ်ပဲဖြစ်ဖြစ် ကျယ်ပြန့်တဲ့ အမြင်ကနေ ရှုမြင်တတ်လာပါလိမ့်မယ်။ တကယ်လို့ အကြောင်းအရာ တစ်ခုခုကို အထူးပြုပြီး အသေးစိတ် လေ့လာချင်ရင်လည်း လေ့လာတတ်လာပါလိမ့်မယ်" လို့ သူက ရှင်းပြပါတယ်။

"တကယ်လို့ ဘာသာရပ်တစ်ခုခုနဲ့ ပတ်သက်လို့ မေးစရာ ရှိတယ်ဆိုရင်လည်း ဖတ်စာအုပ်ကြီးတစ်ခုလုံး ပြန်လှန်ပြီး သင်ခန်းစာတစ်ခုလုံး ပြန်ဖတ်နေစရာ မလိုဘဲ ဦးနှောက်မြေပုံ စာကျက်နည်းထဲမှာ ပါတဲ့ အချက်အလက်ကို ပြန်ရှာကြည့်လိုက်ရုံပါပဲ"

"တကယ်က ဦးနှောက်ကို လှည့်စားပြီး ပညာ သင်ယူခိုင်းလိုက်တာပါ။ ဒါဟာ လွယ်လွယ် ပြောရင် စာကျက်နည်း တစ်မျိုးပါပဲ"

ဒီစာကျက်နည်းမှာ ဘာသာစကား ပါစရာ မလို

ယူဂျင်း ချီယောင်းက သူ့ရဲ့ သင်ပြမှု စွမ်းရည်၊ စကားပြောစရာမလိုဘဲ ရှင်းပြနိုင်မှုတွေဟာ သူကာလတာရှည် တစ်စိုက်မတ်မတ် လုပ်လာခဲ့တဲ့ ရေငုပ်တဲ့ အလေ့အကျင့်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

သူအသက် ၁၄ နှစ်သားကတည်းက ရေငုပ်လာတာ ဖြစ်ပြီး လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတော့ ကျွမ်းကျင်တဲ့ မာစတာအဆင့် ရေငုပ်သမား ဖြစ်လာခဲ့အပြီးမှာ ရေငုပ် သင်ကြားပေးတဲ့ ဆရာ ဖြစ်လာခဲ့ပါတယ်။

အခုအခါ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံတွေက လှပတဲ့ ရေအောက်ကမ္ဘာတွေဆီ မကြာခဏ သွားရောက် ရေငုပ်လေ့ ရှိပါတယ်။

"ရေငုပ်သင်တန်းဆရာတစ်ဦးအတွက် မရှိမဖြစ် လိုအပ်တဲ့အရာ မဟုတ်ဘူးဆိုတာကို သဘောပေါက်ခဲ့ပါတယ်"လို့ ယူဂျင်း ချီယောင်းက ပြောပါတယ်။

ရေအောက်မှာက တစ်ယောက်နဲ့ တစ်ယောက် စကားပြောလို့ မရပါဘူး။ "မင်္ဂလာပါ" "မျက်နှာဖုံးမှာ ရေဝင်နေတယ်" စသဖြင့် လှမ်းပြောလို့မရပါဘူး။ မျက်နှာအရိပ်အကဲ၊ လက်ဟန်ခြေဟန်နဲ့ပဲ အချင်းချင်း ဆက်သွယ်ရတာပါ"လို့ သူက ရှင်းပြပါတယ်။

ရေငုပ်ရာကနေ သူ့မှာ အရည်အသွေး နှစ်ခု ထပ်ရလာခဲ့တယ်လို့ ယူဂျင်း ချောင်းက ပြောပြပါတယ်။ တစ်ခုက ရေငုပ်သင်တန်းဆရာတွေနဲ့ သင်တန်းသားတွေ အတူတူ ရောပြီး ကမ္ဘာတစ်ဝန်းက ရေအောက် ကမ္ဘာအလှကို လိုက်ရှာလေ့ ရှကြတာမို့ ယဉ်ကျေးမှုထုံးစံ မတူတဲ့ လူတွေအချင်းချင်း ဆက်သွယ်နိုင်စွမ်း ရလာတာပါ။

နောက်တစ်ခုကတော့ စွန့်စားရတဲ့ အရသာကို သိလာတာပါ။ "အထူးသဖြင့် မိဘရဲ့ အရိပ်အောက်မှာ ကြီးပြင်းပြီး ပညာရေးအလေးထား သင်ယူရလေ့ ရှိတဲ့ စင်္ကာပူက ကျွန်တော့်လို လူငယ်လေး တစ်ယောက်အတွက်ပါ"

လူသားချင်း ဆက်သွယ်မှု

ယူဂျင်း ချီယောင်းက မက္ကဆီကိုစီတီးမြို့ WTC ကမ္ဘာ့ကုန်သွယ်ရေးစင်တာမှာ ရှိတဲ့ စင်္ကာပူအခြေစိုက် နိုင်ငံပေါင်းစုံ HR လူသားအရင်းအမြစ်အဖွဲ့တစ်ခုရဲ့ မက္ကဆီကန်ရုံးချုပ်မှာ သူကော်ဖီ သွားသောက်ခွင့် ရခဲ့ပုံကိုလည်း ပြောပြခဲ့ပါတယ်။

စီးပွားရေးကျောင်းသားတစ်ယောက်အတွက် WTC ကို သွားလည်ခွင့်ရခဲ့တာဟာ "ပြည်ပခရီးစဉ်တွေထဲမှာ အမှတ်အရဆုံးတစ်ခု ဖြစ်ပြီး အဲဒီနေရာကို အရမ်းသွားချင်ခဲ့တာ"လို့ သူက ပြောပြပါတယ်။

မနှစ်တုန်းက ယူဂျင်း ချီယောင်းဟာ ကျောင်းသားလဲလှယ်ရေးအစီအစဉ်နဲ့ မက္ကဆီကိုနိုင်ငံ အရှေ့တောင်ပိုင်းက ပြည်နယ်မြို့တော် ပူးဘလာမြို့မှာ ကျောင်းသွားတက်ခဲ့ပါတယ်။

ပူဘလာမြို့ဟာ သာယာလှပ၊ ရှေးကျတဲ့ မြို့လေး ဖြစ်ပြီး မက္ကဆီကို လူမျိုးတွေဟာ အရမ်းကို ဖော်ရွေကြတယ်လို့ ဆိုပါတယ်။

ဒီတော့ မက္ကဆီကိုစီတီးမြို့က WTC ကို ကြိုတင်အကြောင်းမကြားထားဘဲ သူ ရောက်သွားတဲ့အခါ အထပ် ၂၇ ထပ်က WTC ရုံးချုပ်ကို သူသွားလည်ခွင့် ရခဲ့ပြီး ပြည်ပမှာရှိတဲ့ WTC ရုံးတစ်ခုကို သွားလည်ချင်တဲ့ သူ့အိပ်မက် အကောင်အထည် ပေါ်ခဲ့ရပါတယ်။

ကြိုချိန်းမထားဘဲ ပေါက်ချလာတဲ့ သူ့ကို ရုတ်တရက် တွေ့လိုက်ရလို့ အဲဒီက ကျူးဘားမန်နေဂျာက အံ့သြခဲ့ပေမဲ့ စင်္ကာပူနိုင်ငံရဲ့ ပညာရေးစနစ်အကြောင်း သူ့ကို စိတ်ဝင်တစား မေးခဲ့ပါတယ်။

မက္ကဆီကိုကနေ သူပြန်မလာခင်မှာ ယူဂျင်း ချီယောင်းဟာ WTC ရုံးကို သွားပြီး စင်္ကာပူ အစားအစာလက်ဆောင်တွေ သွားပေးခဲ့ရာမှာ သူ့ကို ကျူးဘားမန်နေဂျာနဲ့အဖွဲ့က ရမ်အရက်ပုလင်းတစ်လုံးနဲ့ ကြိုဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီက HR ကျွမ်းကျင်သူတွေက သူ့ကို ကိုယ်ပိုင်အရည်အချင်းတွေနဲ့ပတ်သက်တဲ့ စမ်းသပ်မှုတစ်ခု လုပ်ခဲ့ရာမှာ ဆက်ဆံပြောဆိုရေးမှာ သူ အမှတ်အများကြီး ရခဲ့ပါတယ်။

အောင်မြင်မှု အတိုင်းအတာ

ယူဂျင်း ချီယောင်းရဲ့ RES Tour ကုမ္ပဏီဟာ RES စာမေးပွဲ ဖြေဆိုသူတွေကို စာကျက်နည်း သင်ပေးပြီး စင်္ကာပူနိုင်ငံမှာ အိမ်ခြံမြေ အကျိုးဆောင်တွေ ဖြစ်လာအောင် ကူညီပေးတဲ့ လုပ်ငန်း ဖြစ်ပါတယ်။

အခုအခါ IT နည်းပညာလက်မှတ်ရ စာမေးပွဲ ဈေးကွက်ထဲ သူ့စီးပွားရေး နယ်ချဲ့ဖို့ စဉ်းစားနေတယ်လို့ ယူဂျင်း ချီယောင်းက ပြောပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူလုပ်နေတဲ့ စီးပွားရေး စီမံကိန်း ကို အတိုင်းအတာတစ်ခုအရ အောင်မြင်တဲ့လုပ်ငန်း ဖြစ်ချင်တယ်လို့ ဆိုပါတယ်။

စိတ်ဝင်စားစရာ ကောင်းတာက ယူဂျင်း ချီယောင်းဟာ သူကိုယ်တိုင်တော့ အိမ်ခြံမြေ အကျိုးဆောင်တစ်ယောက်လုပ်ဖို့ အစီအစဉ် မရှိဘူး ဆိုတာပါ။ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း လုပ်လာတာ နှစ်ပေါင်း ၃၀ ရှိပြီ ဖြစ်တဲ့ မိခင်ဖြစ်သူ အလုပ်တာဝန်တချို့ လျှော့ဖို့ လိုလာတဲ့အခါ ကူညီနိုင်ဖို့ စိတ်တစ်ခုပဲ ရှိတယ်လို့ သူက ပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ်ခင်မှာ ယူဂျင်း ချီယောင်းဟာ ၂၀၁၀ ခုနှစ်က ဖွင့်လှစ်ခဲ့တဲ့ ကမ္ဘာ့ ဈေးအကြီးဆုံး ကက်ဆီနို လောင်းကစား အပန်းဖြေ ကမ်းခြေတစ်ခုဖြစ်တဲ့ Marina Sands Bay မှာ အလုပ်သင်အနေနဲ့ သွားလုပ်ဖို့ စီစဉ်ထားခဲ့တာပါ။

အခုတော့ RES Tutor ကုမ္ပဏီက လောလောဆယ် သူ့ရဲ့ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း ဖြစ်လာတော့မယ့်ပုံ ရှိနေပြီး လူတွေ ရည်မှန်းချက် ပန်းတိုင် ဆွတ်ခူးနိုင်အောင် ကူညီပေးနေရတာကို သူ့အနေနဲ့ ကျေနပ်ပျော်ရွှင်နေတယ်လို့ ဆိုပါတယ်။

"ကျွန်တော့် ဖောက်သည်တွေကို ငွေမျက်နှာတစ်ခုတည်းကြောင့် ဆက်ဆံနေတာ မဟုတ်ပါဘူး။ မိတ်ဆွေတွေလို သဘောထား ဆက်ဆံနေတာပါ"လို့ သူက ပြောပါတယ်။

"ကျွန်တော့်ဖောက်သည်တွေ စာမေးပွဲ အောင်တယ်လို့ လာပြောရင် ကျွန်တော် အတိုင်းမသိ ဝမ်းသာရပါတယ်။ ဒါက ကျွန်တော့်ရဲ့ ဦးနှောက်မြေပုံ စာသင်နည်းကြောင့် သူတို့ စာမေးပွဲ အောင်တယ် ဆိုတဲ့ အဓိပ္ပာယ်ပဲလေ"

BBC News 

Latest Post News Read 2667 times