မြန်မာနိုင်ငံတွင် ဖွင့်လှစ်ထားသော Polytechnic University (၉) ခု

မြန်မာနိုင်ငံမှာ စနစ်သစ် (၁၂) တန်း ဖြေဆိုအောင်မြင်ပြီးထားသူများ နောက်ထပ်ရွေးချယ်လျှောက်ထားလို့ရမယ့် လူသိနည်းနေသေးတဲ့ Polytechnic University အကြောင်း မျှဝေပေးချင်ပါတယ်။ 

Polytechnic University (၉) ခု 

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအောက်မှာရှိတဲ့ Polytechnic University ကို နေပြည်တော် အပါအဝင် ဗန်းမော်၊ လားရှိုး၊ ကျိုင်းတုံ၊ ပင်လုံ၊ မအူပင်၊ ထားဝယ်၊ မြိတ်၊ မြစ်ကြီးနား စတဲ့ မြို့ (၉) မြို့မှာ ဖွင့်လှစ်ထားပါတယ်။ 

Polytechnic University (PU) ဆိုတာ ဘာလဲ?

Polytechnic University (PU) ဆိုတာ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနဲ့ သင်္ချာပညာရပ်ဆိုင်ရာ နယ်ပယ်တွေမှာ ကျောင်းသားတွေရဲ့ အသက်မွေးဝမ်းကျောင်းမှုအတွက် လက်တွေ့ပညာရေးကို သင်ကြားပေးပြီး လုပ်ငန်းခွင် လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ကျွမ်းကျင်ဘွဲ့ရ ပညာရှင်တွေကို မွေးထုတ်ပေးပါတယ်။ 

Polytechnic University မှာ သင်ကြားရမယ့် ဘာသာရပ်များ

Polytechnic University (ဗန်းမော်၊ လားရှိုး၊ ကျိုင်းတုံ၊ ပင်လုံ၊ မအူပင်၊ ထားဝယ်၊ မြိတ်၊ မြစ်ကြီးနား) တို့မှာ မြို့ပြအင်ဂျင်နီယာ (Civil Engineering) ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ (Electrical Power Engineering) ၊  အီလက်ထရောနစ်အင်ဂျင်နီယာ (Electronic Engineering) ၊ စက်မှုအင်ဂျင်နီယာ (Mechanical Engineering) ၊ ကွန်ပျူတာသိပ္ပံ (Computer Science) နဲ့ ကွန်ပျူတာနည်းပညာ (Computer Technology) စတဲ့ ပညာရပ်တွေ သင်ကြားပေးမှာဖြစ်တယ်လို့ သိရပါတယ်။ Naypyitaw State Polytechnic University မှာကတော့ အထက်ဖော်ပြပါ ဘာသာရပ်တွေအပြင် Architecture (ဗိသုကာ) ပညာရပ်ကိုပါ သင်ကြားနိုင်ပါတယ်။ 

Polytechnic University က နည်းပညာတက္ကသိုလ်နဲ့ ကွန်ပျူတာတက္ကသိုလ်တို့ကို ပူးပေါင်းပြီး ဖွင့်လှစ်ထားတာဖြစ်တဲ့အတွက် အင်ဂျင်နီယာဘွဲ့သင်တန်းတွေအတွက် နည်းပညာတက္ကသိုလ် (TU) တွေမှာလည်းကောင်း၊ ကွန်ပျူတာဘွဲ့သင်တန်းတွေအတွက် (CU) တွေမှာလည်းကောင်း ကျောင်းအပ်နှံပြီး တက်ရောက်နိုင်ပါတယ်။ 

Polytechnic University ဝင်ခွင့်သတ်မှတ်ချက်

Polytechnic University တွေဟာ နည်းပညာတက္ကသိုလ်နဲ့ ကွန်ပျူတာတက္ကသိုလ်တွေရဲ့ ဘွဲ့သင်တန်းတွေအလိုက် ဝင်ခွင့်သတ်မှတ်ချက်နဲ့ ပေးအပ်မယ့်ဘွဲ့တွေ တူညီပါတယ်။

အင်ဂျင်နီယာ ဘာသာရပ်တွေအတွက် အင်္ဂလိပ်၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ (၄) ဘာသာရမှတ်ပေါင်း (၂၄၀) အမှတ်နှင့် အထက်ရရှိသူဖြစ်ရင် လျှောက်ထားလို့ရပြီး သင်တန်းကာလ (၅) နှစ် တက်ရောက်ရမှာဖြစ်ပါတယ်။

ကွန်ပျူတာဘာသာရပ်တွေအတွက် တက္ကသိုလ်ဝင်စာမေးပွဲ စုစုပေါင်းအမှတ် (၃၂၀) နှင့် အထက်ရရှိသူဖြစ်ပြီး သင်တန်းကာလ (၄) နှစ်တက်ရောက်ရမှာဖြစ်ပါတယ်။ 

လျှောက်ထားရမယ့်ပုံစံ

ပညာသင်နှစ်တိုင်း Polytechnic University တို့ကို ဦးစားပေး လျှောက်ထားလိုသူတွေအနေနဲ့ တက္ကသိုလ်လမ်းညွှန်မှာ ပါဝင်တဲ့ ဝင်ခွင့်သတ်မှတ်ချက်တွေနဲ့ ကိုက်ညီပါက အဆင့်မြင့်ပညာဦးစီးဌာနမှာ သွားရောက်လျှောက်ထားနိုင်ပါတယ်။ 

လျှောက်လွှာစာအိတ်တွင် ဖြည့်စွက်ရမည့်နမူနာပုံစံ - 

(က) အင်ဂျင်နီယာဘွဲ့သင်တန်းအတွက် “Polytechnic University (ဗန်းမော်) (အင်ဂျင်နီယာ)”

(ခ) ကွန်ပျူတာသိပ္ပံနှင့်ကွန်ပျူတာနည်းပညာဘွဲ့သင်တန်းအတွက် “Polytechnic University (ဗန်းမော်) (ကွန်ပျူတာ)”

Written by Myanmar Education Guide 

============================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News University / College Read 6188 times