စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ဖွင့်လှစ် သင်ကြား ပို့ချမည့် စိုက်ပျိုးရေးဆိုင်ရာ သုတေသနအခြေပြု ပါရဂူဘွဲ့ သင်တန်း (Research Based Doctoral Degree Program in Agricultural Science) အတွက် လျှောက်လွှာများ ခေါ်ယူလျက် ရှိသည်။
၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွက် ခေါ်ယူခြင်း ဖြစ်ပြီး လယ်ယာကဏ္ဍနှင့် သက်ဆိုင်သော အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းများ၊ အဖွဲ့အစည်းများနှင့် လုပ်ငန်းကဏ္ဍ အသီးသီးတို့တွင် ဦးဆောင်ဦးရွက် ပြုနေကြသူများ လျှောက်ထားနိုင်ကြောင်း ထုတ်ပြန် ကြေညာထားသည်။
သင်ကြားပေးမည့် အထူးပြုဘာသာရပ်များ
- Agronomy
- Plant Pathology
- Entomology
- Horticulture
- Agricultural Economics
- Agricultural Extension
- Agricultural Microbiology
တက္ကသိုလ်၏ ကြေညာစာတွင် ပါဝင်သော ဘာသာရပ်များကိုသာ လျှောက်ထားရမည် ဖြစ်ပြီး ကမ်းလှမ်းခြင်း မရှိသော ဘာသာရပ်များအတွက် လျှောက်လွှာကို ပယ်ချမည် ဖြစ်ကြောင်း သိရသည်။
ဝင်ခွင့်အတွက် အရည်အချင်း သတ်မှတ်ချက်များ
- လျှောက်ထားသူသည် မြန်မာနိုင်ငံသား ဖြစ်ရမည်။
- ပါရဂူသင်တန်းတွင် ပြဌာန်းထားသော သက်ဆိုင်ရာ ဘာသာရပ်နယ်ပယ်တွင် အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ စိုက်ပျိုးရေးမဟာသိပ္ပံဘွဲ့ (M.Agr.Sc.) သို့မဟုတ် ၄င်းနှင့် ညီမျှသော ဘွဲ့ရရှိထားသူ ဖြစ်ရမည်။ ( ဥပမာ- M.Agr.Sc., M.Sc, M.S. etc.)
- ဦးစီးအရာရှိနှင့်အထက် အရာထမ်းများသာ လျှောက်ထားနိုင်သည်။
- အောက်တိုဘာလ (၂၇) ရက်နေ့တွင် အသက် (၄၅) နှစ် ကျော်လွန်ပြီးသူ ဖြစ်ရမည်။
- လျှောက်ထားသူသည် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ အစိုးရ ဌာနဆိုင်ရာများတွင် ထူးချွန်အောင်မြင်စွာ ပါဝင် ဆောင်ရွက်နေသူဖြစ်ကြောင်း သက်ဆိုင်ရာ ဌာနအကြီးအကဲ၊ အကြီးအမှူး၏ ထောက်ခံချက်နှင့်အတူ တက်ရောက်ခွင့်ရပါက သုတေသန မပြုလုပ်ခင်အထိ အချိန်ပြည့် တက်ရောက်ခွင့်ပြုကြောင်း စာပါ ပူးတွဲ တင်ပြရမည်။
- လျှောက်ထားသူသည် မဟာသိပ္ပံသင်တန်းတွင် ဖြစ်စေ၊ သက်ဆိုင်ရာဘာသာရပ် နယ်ပယ်တွင် သုတေသနလုပ်ငန်းများ ဆောင်ရွက်ထားရှိဖူးသူ ဖြစ်ပြီး တက်ရောက်မည့် ဘာသာရပ်နှင့် ကိုက်ညီသော သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စာတွေ့၊ လက်တွေ့ အခြေခံရှိပြီး သုတေသနအား အထောက်အပံ့ ပြုနိုင်မည့် ဘာသာရပ်ဆိုင်ရာ အခြေခံသဘောတရားများ၊ လက်တွေ့ကို ဆက်စပ် တွေးခေါ်နိုင်သော ဗဟုသုတများနှင့် ကျွမ်းကျင်မှုများ ရှိရမည်။ ရေးသား ဆောင်ရွက်ခဲ့သော စာတမ်းများ (Publication) ကို လျှောက်လွှာနှင့်အတူ တင်ပြရမည်။
- Preliminary (၆) လ အချိန်ပြည့် တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းကာလမှာ (၃- ၄) နှစ် ဖြစ်သည်။
- သုတေသန အခြေပြုပါရဂူ သင်တန်းဝင်ခွင့်အတွက် နှုတ်ဖြေစာမေးပွဲ ဖြေဆိုရမည် ဖြစ်သည်။

Advertisement
Click Here > Phyo Eain Si
လျှောက်ထားလိုသူများသည် သတ်မှတ်ထားသည့် လျှောက်လွှာနှင့်အတူ ပညာအရည်အချင်းအတွက်…
- ဘွဲ့လက်မှတ်မိတ္တူ၊
- အောင်မြင်ကြောင်း ထောက်ခံစာမိတ္တူ၊
- အမှတ်စာရင်းမိတ္တူနှင့်
- ပတ်စ်ပို့အရွယ် ရောင်စုံဓါတ် ပုံ (၃) ပုံတို့ ပူးတွဲ၍ လျှောက်ထားရမည် ဖြစ်ပြီး ဝန်ထမ်းဖြစ်ပါက မိမိတို့ လုပ်ငန်းဌာန၊ ရုံးချုပ်မှတစ်ဆင့် စီမံကိန်းဦးစီးဌာနသို့ လျှောက်ထားရမည် ဖြစ်သည်။ ကြိုတင်မိတ္တူ တစ်စောင်ကို ဤတက္ကသိုလ်သို့ ပေးပို့ရမည် ဖြစ်သည်။
စီမံကိန်းဦးစီးဌာနမှ စိစစ်ပြီး သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသည့် လျှောက်လွှာများကို စုစည်း၍ အောက်တိုဘာလ (၂၇) ရက်နေ့ နောက်ဆုံးထား၍ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်သို့ ပေးပို့ရမည် ဖြစ်သည်။
ဝင်ခွင့် နှုတ်မေးစာမေးပွဲ အချိန်စာရင်း
နေ့ရက် - နိုဝင်ဘာလ (၁၄) ရက်၊ အင်္ဂါနေ့
အချိန် - နံနက် (၉) နာရီ
နှုတ်မေးစာမေးပွဲဖြေဆိုခွင့် ရရှိသူများသည် စာမေးပွဲကြေး (၁,၀၀၀) ကျပ်ကို နိုဝင်ဘာလ (၇) ရက်နေ့မှ (၁၀) ရက်နေ့ထိ တက္ကသိုလ် ငွေကိုင်ဌာနသို့ ပေးသွင်းရမည် ဖြစ်သည်။
စာမေးပွဲ အောင်မြင်သူများသည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမစာသင်နှစ်ဝက် (First Semester) မှစ၍ စိုက်ပျိုးရေးဆိုင်ရာ သုတေသန အခြေပြုပါရဂူသင်တန်း (Research Based Doctoral Preliminary Course) သို့ တက်ရောက်ရမည် ဖြစ်သည်။
သင်တန်းတက်ရောက်သူများသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ချမှတ်ထားသော ပညာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ အစိုးရဝတ္တရား (On deputation) ဖြင့် ပညာဆက်လက် သင်ကြားခွင့်ပြုရေးမူကို သိရှိ လိုက်နာရမည် ဖြစ်သည်။