Sales Hotline : 09448001653       Download App



မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ ပထမနှစ်သင်တန်း၀င်ခွင့်လျှောက်လွှာခေါ်ယူ

 

စိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ၏ လက်အောက်တွင်ရှိသော မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပထမနှစ်ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူမည်ဖြစ်ရာ ၂၀၂၂ခုနှစ် ၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်သူများ လျှောက်ထားနိုင်ကြောင်း သိရသည်။ 

လျှောက်ထားနိုင်သော ဘွဲ့သင်တန်းများမှာ တိရစ္ဆာန်ဆေးပညာဘွဲ့ (DVM) (၆) နှစ် သင်တန်း နှင့် မွေးမြူရေးပညာဘွဲ့ (BASc) (၄) နှစ်သင်တန်းတို့ဖြစ်ကြပြီး     တိရစ္ဆာန်ဆေးပညာဘွဲ့ (DVM) (၆) နှစ် သင်တန်း အတွက် တက္ကသိုလ်ဝင်စာမေးပွဲတွင် စုစုပေါင်း ရမှတ် (၄၁၀)မှတ် နှင့် အထက်ရှိသူ အမျိုးသားဦးရေ (၅၀) ဦး နှင့် အမျိုးသမီးဦးရေ (၅၀) ဦး စုစုပေါင်း (၁၀၀) ဦး လက်ခံမည်ဖြစ်ပြီး မွေးမြူရေးပညာဘွဲ့ (BASc) (၄) နှစ်သင်တန်းအတွက်ကိုမူ တက္ကသိုလ်ဝင်စာမေးပွဲတွင် စုစုပေါင်း ရမှတ် (၃၃၀)မှတ် နှင့် အထက်ရှိသူ အမျိုးသားဦးရေ (၇၅) ဦး နှင့် အမျိုးသမီးဦးရေ (၇၅) ဦး စုစုပေါင်း (၁၅၀) ဦး လက်ခံမည်ဖြစ်သည်ဟု သိရှိရသည်။ 

 

ဝင်ခွင့်လျှောက်လွှာပုံစံမှာ အောက်တွင်ဖော်ပြပါပုံစံအတိုင်းဖြစ်ပြီး A4 Size စာရွက်ဖြင့် ကိုယ်တိုင်စာစီစာရိုက် ပြန်စီ၍ သတ်မှတ်ရက်ဖြစ်သော ဩဂုတ်လ ၂၆ ရက်နေ့မှ စတင်ပြီး အောက်တိုဘာလ ၁၄ ရက်နေ့အထိ လျှောက်ထားနိုင်သည်။ လျှောက်လွှာပေးပို့ရာတွင် ကိုယ်တိုင် / ကိုယ်စား (သို့မဟုတ်) သင်တန်းရေးရာဌာန၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ၊ရေဆင်း၊ ဇေယျာသီရိမြို့နယ်၊ နေပြည်တော်သို့ လိပ်မူ၍ စာတိုက်သေတ္တာအမှတ် ၁၅၀၅၀၁ (သို့မဟုတ်) Email လိပ်စာ [email protected] သို့ သတ်မှတ်ရက်ထက် နောက်မကျပဲ ပေးပို့လျှောက်ထားရမည် ဖြစ်သည်။ 

ဝင်ခွင့်လျှောက်ထားသူ၏ လိုအပ်ချက် နှင့် လျှောက်လွှာပါ ပူးတွဲတင်ပြရမည့် အထောက်အထားများမှာ အောက်ပါအတိုင်း ဖြစ်ကြသည်။

  • တက္ကသိုလ် ဝင်ခွင့်လျှောက်ထားချိန်တွင် တည်ဆဲနိုင်ငံသားဖြစ်မှု ဥပဒေ နှင့် ကိုက်ညီသော နိုင်ငံသား ဖြစ်ရမည်။

  • တက္ကသိုလ်ဝင် စာမေးပွဲတွင် မြန်မာစာ ၊ အင်္ဂလိပ်စာ ၊ သင်္ချာ ၊ ဓာတုဗေဒ ၊ ရူပဗေဒ ၊ ဇီဝဗေဒ ဘာသာတွဲဖြင့် အောင်မြင်သူဖြစ်ရမည်။

  • ၂၀၂၂ခုနှစ် ၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် အသက် ၂၀ ထက်မကြီးစေရ။

  • ကျန်းမာရေး နှင့် ပြည့်စုံသူဖြစ်ရမည်။

  • တက္ကသိုလ်၀င် စာမေးပွဲ အောင်မြင်ကြောင်း သက်ဆိုင်ရာ ကျောင်းအုပ်ကြီး၏ ထောက်ခံချက် (မိတ္တူ) (ကျောင်းအပ်သည့်အချိန်တွင် မူရင်းတင်ပြရမည်)

  • တက္ကသိုလ်ဝင်အမှတ်စာရင်း (မိတ္တူ)

          (ကျောင်းအပ်သည့်အချိန်တွင် မူရင်းတင်ပြရမည်)

  • အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ မြို့နယ် ရဲစခန်း (သို့) ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ၏ ထောက်ခံချက်  (မူရင်း)

  • လျှောက်ထားသူနှင့် မိဘနှစ်ပါးတို့၏ နိုင်ငံသားစီစစ်ရေးကတ် (မိတ္တူ)

  • လိုင်စင်ဓာတ်ပုံ (၄) ပုံ    

အသေးစိတ်သိရှိလိုပါက မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် သင်တန်းရေးရာဌာန ဖုန်းနံပါတ် - ၀၆၇-၃၄၁၆၆၅၉ သို့ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပြီး မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ၏ website ဖြစ်သော www.uvsyezin.edu.mm တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။  

 

 

Local News Read 1642 times