Sales Hotline : 09448001653       Download App



လေယာဉ်မှူးဖြစ်အောင် ဘယ်လိုလုပ်ရမလဲ

လေယာဉ်မှူးဖြစ်အောင် ဘယ်လိုလုပ်ရမလဲ


လေယာဉ်မှူးဖြစ်အောင် ဘယ်လိုလုပ်ရမလဲ

HOW TO BE A PILOT by KO THET

************

 


ဒီရက်ထဲ (၁၀) တန်းအောင်စာရင်းထွက်ထားတော့ လေကြောင်းလောကနဲ့ စိမ်းတဲ့မိတ်ဆွေတွေက သူတို့ရဲ့ သားသမီး တွေအတွက် ရွေးချယ်စရာလမ်းကြောင်းတစ်ခုအနေနဲ့ လေယာဉ်မှူးဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ မေးခွန်းတွေ မေးကြတယ်၊ ဖြတ်သန်းလာခဲ့တဲ့အတွေ့အကြုံအရ သိသလောက်တတ်သလောက်တော့ရှင်းပြပေးရင်း တစ်ခြားမသိ သေးတဲ့သူတွေအတွက်ပါ ဗဟုသုတရအောင် ဒါလေးရေးဖြစ်တာပါ (လေကြောင်းလောက က လူတွေနဲ့ လေ့လာထား သူတွေအတွက် သိပြီးသားအကြောင်းအရာတွေပါ)၊ မေးလေ့မေးထရှိတာလေးတွေကို အမေး၊ အဖြေပုံစံလေး ရေး ကြည့်ပါမယ်-

မေး။ လေယာဉ်မှူးဖြစ်ချင်တယ် လိုအပ်ချက်ကဘာလဲ။
ဖြေ။ လေယာဉ်မှူးတစ်ယောက်ဖြစ်ဖို့ အရေးအကြီးဆုံးက ကာယကံရှင်ရဲ့ စိတ်ဝင်စားမှုနဲ့ စိတ်အားထက်သန်မှုက အရေးအကြီးဆုံးပါ၊ အရင်ဆုံးကိုယ့်ကိုယ်ကိုမေးကြည့်ပါ၊ တကယ်ဝါသနာပါရဲ့လား၊ တကယ်ဖြစ်အောင်လုပ်မှာလား၊ ကိုယ်တိုင်စိတ်မပါပဲ မိဘတိုက်တွန်းမှုကြောင့် ရောက်လာတဲ့ကလေးတွေ သင်တန်းတောင် အောင်မြင်အောင်မတတ် နိုင်ပဲ ဟိုမရောက်ဒီမရောက်နဲ့ တစ်နေရတာတွေ အများကြီးမို့ပါ။

မေး။ တကယ်ကိုစိတ်ဝင်စားတယ် ကြိုးစားမယ်ကွာ။
ဖြေ။ အဲ့ဒါဆိုရင်တော့ အခြေခံလိုအပ်ချက်က (၁၀) တန်းအောင်ထားရမယ်၊ အသက် (၁၇)နှစ်ပြည့်ရမယ်၊ ကျန်းမာ ရေးကောင်းရမယ် (Medical Claa 2 ရှိရမယ်)၊ မျက်မှန်သမားလက်ခံတယ်၊ အင်္ဂလိပ်စာ အထိုက်အလျောက်ရရမယ် (English Language Proficiency (ELP) 4 အထက်ရရမယ်)။

မေး။ မိန်းကလေးတွေတက်လို့ရော အဆင်ပြေပါ့မလား။
ဖြေ။ ပြေပါတယ်။ မြန်မာအမျိုးသမီးလေယာဉ်မှူးတွေ၊ လေယာဉ်မောင်းသင်တန်းတွေကို အောင်မြင်စွာတက်ရောက် ပြီး လေကြောင်းလိုင်းတွေမှာလဲ မောင်းနေကြပါတယ်။ သူတို့ထဲက နှစ်ဦးဆို လေယာဉ်မှူးကြီးအဖြစ်နဲ့ ပြည်တွင်း တစ်ယောက်၊ ပြည်ပတစ်ယောက် မောင်းနေပါတယ်။

မေး။ သင်တန်းက ဘယ်တွေမှာတက်လို့ရလဲ။
ဖြေ။ နှစ်နေရာတက်လို့ရတယ် (ပြည်တွင်းနဲ့ ပြည်ပ)ပြည်တွင်းဆို ပုသိမ်မှာဖွင့်ထားတဲ့ Myanmar Aviation Academy ရှိတယ်။ (အခုတော့ ခေတ္တရပ်နားထားတယ်လို့ သိရပါတယ်။) ပြည်ပမှာ လေယာဉ်မောင်းသင်တန်းဖွင့်ထားတာ နိုင်ငံတော်တော်များများရှိတယ်၊ မြန်မာတွေအတက်များတာတော့ မလေးရှားနဲ့ ဖိလစ်ပိုင်ပဲ နောက်ပိုင်းတော့ အမေရိကားမှာလဲတက်ကြတယ်။

မေး။ သင်တန်းကာလကရော။
ဖြေ။ ပုံမှန်က ၁ နှစ်ခွဲကနေ ၂ နှစ်လောက်ကြာတတ်တယ်။ သင်တန်းမှာ ELP 4 အထက်မရလို့ ပြန်ဖြေရင်းကြာတာ။ သင်တန်းကျောင်းမှာ နည်းပြ/စစ်ဆေးသူ/လေယာဉ်နည်းလို့ ကြာတာ၊ ကိုယ်တိုင်ကြိုးစားအားထုတ် မှုနည်းလို့ စာမေးပွဲတွေကျနေရင်တော့ ၂ နှစ်ထက်ပိုကြာသွားနိုင်ပါတယ်။

မေး။ သင်တန်းကာလအတွင်းမပြီးရင်ရော။
ဖြေ။ နိုင်ငံခြားမှာတက်ရတဲ့ သင်တန်းသားဆိုရင်တော့ ဗီဇာသက်တမ်းတိုး သင်တန်းကာလဆက်တိုးပေါ့၊ ဒါဆို ကုန်ကျစရိတ်လဲတိုးလာမှာပဲ။

မေး။ သင်တန်းကုန်ကျစရိတ်က ဘယ်လောက်လောက်ရှိလဲ။
ဖြေ။ မြန်မာပြည်မှာတက်ရတဲ့သင်တန်းက သင်တန်းစရိတ်ရော နေထိုင်မှုအပါ ဒေါ်လာ ၆၅၀ဝ၀ လောက်ရှိမယ်၊ မလေးရှားလဲသိပ်မကွာဘူး၊ ဖိလစ်ပိုင်နဲ့ အမေရိကားမှာ သင်တန်းစရိတ် ဒေါ်လာ ၄၅၀ဝ၀ လောက်ယူတယ်။ နေထိုင် စရိတ်နဲ့ပေါင်းရင် ၅၅၀ဝ၀ လောက်ကုန်နိုင်တယ် (ဒီကုန်ကျစရိတ်တွေက အနီးဆုံးခန့်မှန်းချက်ပါ၊ သင်တန်းကြေးကို ခွဲသွင်းလို့ရပါတယ်)။

မေး။ သင်တန်းစရိတ်ကလဲများတယ် ငါတို့ကလေးက မလိုက်နိုင်လို့ သင်တန်းတစ်ဝက်လောက်နဲ့ ပြန်လာရရင်ဒုက္ခပဲ၊ ဥာဏ်အရမ်းကောင်းမှ လေယာဉ်မောင်းသင်တန်းက တက်လို့ရတာလား။
ဖြေ။ လေယာဉ်မှူးတွေလဲ လူတွေထဲက သာမန်လူတွေပါ၊ ပုံမှန်ဥာဏ်ရှိတယ် ကြိုးစားတယ်ဆိုရပါတယ်၊ ဥပမာတစ်ခု ပြောရရင် လေယာဉ်မောင်းသင်တန်းမှာ မြေပြင်ဘာသာရပ်တွေသင်အပြီး လေယာဉ်မောင်းတတ်ဖို့ ဆရာကသင်ပေး တယ် ၁၅ နာရီ (ကျွန်တော်တို့ သင်တန်းတုန်းက) မှာ တစ်ဦးတည်းမောင်းနိုင်တဲ့ အရည်အချင်းရှိရမယ်၊ တစ်ချို့က ၇/၈ နာရီလောက်ဆို Solo ရပြီ ၊ တစ်ချို့က ၁၂/၁၅ အတွင်းရတယ်၊ တစ်ချို့က ၁၅ နာရီနဲ့မရလို့ ၃ နာရီလောက် အပို သင်ပေးရတယ်၊ တစ်ချို့ကတော့ ၂၀ လဲမရ ၃၀ လဲ မရဆိုတဲ့သူတွေရှိတယ်ဆိုပါစို့၊ အကြမ်းဖျင်းတော့ ၇/၈ နာရီ သမားက ထူးချွန်သူတွေပေါ့၊ သတ်မှတ်ထားတဲ့ ၁၅ နာရီအတွင်းရတဲ့သူတွေကတော့ သာမန်လူတွေပေါ့၊ ၃ နာရီ လောက် ပိုသင်ပေးရတဲ့လူကတော့ လက်တွဲခေါ်လို့ရသေးတယ် (ကုန်ကျစရိတ်တော့တက်လာမယ်)၊ ၂၀/၃၀ အထက် တွေကတော့ လေယာဉ်မှူးကောင်းဖြစ်နိုင်ချေနည်းသူတွေပေါ့၊ အများစုက ၁၅ နာရီ အတွင်း Solo ပျံနိုင်တဲ့ အရည်အချင်းရှိသူတွေမို့ ခက်ခဲတဲ့သင်တန်းတစ်ခုတော့ မဟုတ်ပါဘူး။

မေး။ ဘယ်သင်တန်းကျောင်းမှာတက်သင့်လဲ ဘယ်ဟာကပိုကောင်းလဲ။
ဖြေ။ ပိုကောင်းတဲ့ကျောင်းရယ်လို့တော့မရှိဘူး၊ အားလုံးကသတ်မှတ်ထားတဲ့ ဗဟုသုတနဲ့ သင်ခန်းစာတွေကိုသင်၊ သင်တန်းပြီးရင် သက်ဆိုင်ရာနိုင်ငံရဲ့ လေကြောင်းဦးစီးက စစ်ဆေးအောင်မြင်မှ လိုင်စင်ထုတ်ပေးကြတာမို့ အားလုံးက အတူတူပါပဲ၊ မတက်ခင်မှာတော့ ကိုယ်တက်မဲ့ကျောင်းရဲ့သမိုင်းကြောင်း၊ ခိုင်မာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတွေကို တော့ သေချာစုံစမ်းသင့်ပါတယ်၊ မြန်မာပြည်ကိုယ်စားလှယ်ပြောတာလောက်မကပဲ သင်တန်းမှာ တက်နေသူတွေဆီ က အတွေ့အကြုံတွေရရင် ပိုကောင်းပါတယ် ။

မေး။ ပြည်တွင်း/ပြည်ပကျောင်းတွေရဲ့ အားသာချက် အားနည်းချက်ကရော။
ဖြေ။ ပြည်တွင်းမှာတက်ရင် သင်ခန်းစာတွေကို မြန်မာတွေကသင်ပေးတာမို့ နားလည်တတ်မြောက်မှုက ပိုနားလည် လွယ်တယ်၊ ကိုယ့်ကလေးနဲ့ အဆက်အသွယ်မပြတ်ဘူး၊ အဆင်မပြေမှုတစ်ခုခုဖြစ်လာရင် ညှိနှိုင်းဖြေရှင်းရတာ ပိုလွယ် တယ်၊ နိုင်ငံခြားသင်တန်းတွေမှာက တစ်ချို့ကလေးတွေအတွက် ဘာသာစကားအခက်အခဲတို့ အိမ်နဲ့မခွဲချင်တာတို့ ဖြစ်တတ်တယ်၊ လိုက်နိုင်သူဆိုရင်တော့ အင်္ဂလိပ်လိုပိုကျွမ်းကျင်လာတာ၊ နိုင်ငံခြားကျောင်းတွေက လေယာဉ်တွေနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေတော့ပိုရလာနိုင်တယ်။

မေး။ တက်ရမဲ့သင်တန်းအကြောင်း အကြမ်းဖျင်းလေးရှင်းပြပါလား။
ဖြေ။ သတ်မှတ်ချက်နဲ့ပြည့်စုံတယ်၊ ကျန်းမာရေးစစ်ဆေးမှုအောင်တယ်ဆို သင်တန်းတက်ဖို့ အရင်ဆုံး SPL (Student Pilot Licence) ထုတ်ပေးမယ်၊ မြေပြင်ဘာသာ ရပ်တွေသင်မယ် - Air Law, Aircraft general Knowledge, Flight Performance, Planning and Loading Human performance, Meteorology, Nagivation, Operational Procedures, Principle of flight, Radiotelephony တွေ သင်ရမယ်၊ သင်တန်းမှာ အင်ဂျင်တစ်လုံးလေယာဉ်နဲ့ သင် မယ်၊ အင်ဂျင်နှစ်လုံးလေယာဉ်နဲ့ သင်မယ်၊ Instrument Rating (IR) အတွက်သင်မယ်၊ သူ့အဆင့်လိုက် မြေပြင် ဘာသာရပ်သင်လိုက်၊ လေယာဉ်မောင်းသင်လိုက် လုပ်နေရမယ်၊ လေယာဉ်မောင်းသင်နေရင်း သတ်မှတ်စာမေးပွဲတွေ အောင်မြင်မယ်၊ ပျံသန်းစစ်ဆေးမှုတွေအောင်မြင်မယ်ဆို နာရီ ၄၀ မှာ PPL (Private Pilot Licence) ရမယ်၊ နာရီ ၂၀ဝ မှာ သက်ဆိုင်ရာနိုင်ငံကပေးတဲ့ CPL (Commercial Pilot Licence) ရမယ်။

မေး။ တစ်ချို့ကျောင်းတွေက ATPL frozen ပေးမယ်လို့ပြောတယ်၊ အဲ့ဒါကဘာလဲ။
ဖြေ။ တစ်ချို့ကျောင်းတွေကအချိန်ကိုလျော့ပြီး လိုအပ်တဲ့စာပဲသင်ပေးမယ်၊ ပျံသန်းမှုလုပ်မယ် အားလုံးအောင်မြင်ရင် CPL ထုတ်ပေးလိုက်တယ်၊ ဒါဆိုလဲ လေကြောင်းလိုင်းမှာမောင်းလို့ရပြီ၊ လေကြောင်းလိုင်းမှာ မောင်းနေရင်းမှ အတွေ့အကြုံများလာတဲ့အခါ ATPL (Airline Transport Pilot Licence) သင်တန်းတက်မယ်၊ ပျံသန်းချိန်ကလဲ ၁၅၀ဝ နာရီရလာပြီဆို ATPL လိုင်စင်လျှောက် Captain အတွက် အဆင်သင့်ဖြစ်နေမယ်။ တစ်ချို့ကျောင်းတွေ ကတော့ လေယာဉ်မောင်းသင်တန်း စတက်ကတည်းက ATPL ဘာသာရပ်တွေအထိ သင်ပေးလိုက်တယ် (သင်တန်းကာလပိုကြာနိုင်တယ်) သင်တန်းဆင်းတော့ နာရီသတ်မှတ်ချက်အရ CPL ပဲရပေမယ့် ATPL ဘာသာရပ် တွေထိ နားလည်တတ်ကျွမ်းပြီးသားမို့ ATPL frozen လို့ခေါ်တယ်၊ နောက်ပိုင်း သင်တန်းဆက်တက်စရာမလိုတော့ပဲ သတ်မှတ်နာရီ ၁၅၀ဝ ပြည့်တာနဲ့ ATPL လျှောက်လို့ရပြီ။

မေး။ မြန်မာလိုင်စင်ကို ဘယ်လိုထုတ်ပေးလဲ။
ဖြေ။ မြန်မာပြည်မှာ သင်တန်းတက်သူတွေကတော့ သင်တန်းပြီးတာနဲ့ မြန်မာလိုင်စင်ရမယ်၊ နိုင်ငံခြားမှာသင်တန်း တက်သူကတော့ အရင်ဆုံးသက်ဆိုင်ရာနိုင်ငံရဲ့လိုင်စင်ရမယ်၊ နောက်မြန်မာလေကြောင်းဦးစီးမှာ ပြန်လျှောက်ရင် လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်ပြီး မြန်မာလိုင်စင်ထုတ်ပေးတယ်။

မေး။ အပေါ်ကနိုင်ငံတွေအပြင် တစ်ခြားနိုင်ငံတွေမှာလည်း လေယာဉ်မောင်းသင်တန်းတက်လာရင်ရော မြန်မာလိုင်စင် ပြန်ထုတ်ပေးလား။
ဖြေ။ ICAO အဖွဲ့ဝင် နိုင်ငံတစ်ခုခုမှာတက်လာပြီး သက်ဆိုင်ရာနိုင်ငံက ထုတ်ပေးလိုက်တဲ့လိုင်စင်ကို ICAO အဖွဲ့ဝင် ဖြစ်တဲ့ မြန်မာနိုင်ငံကလက်ခံသလို မြန်မာကထုတ်ပေးလိုက်တဲ့ လိုင်စင်ကိုလည်း ICAO အဖွဲ့ဝင် နိုင်ငံတိုင်းက လက်ခံ ပါတယ်၊ ပြန်လျှောက်သူတိုင်းကတော့ သက်ဆိုင်ရာနိုင်ငံရဲ့ သတ်မှတ်ချက်၊ စစ်ဆေးချက်တွေအောင်မြင်ဖို့တော့ လိုပါ တယ် (အခုချိန်မှာ မြန်မာလိုင်စင်ရပြီးမှ နိုင်ငံခြားမှာသွားမောင်းနေတဲ့ မြန်မာတွေလည်း အများကြီးရှိနေပါပြီ။)

မေး။ ဘယ်နိုင်ငံတွေမှာ မောင်းကြလဲ။
ဖြေ။ အိန္ဒိယ၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ထိုင်ဝမ်၊ မလေး ရှား၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ဒူဘိုင်း၊ တောင်ကိုရီးယား၊ သီရိလင်္ကာ၊ မော်လ်ဒိုက်၊ ထိုင်း။

မေး။ မြန်မာလိုင်စင်လဲ ရပြီကွာ၊ ဒါဆို လေကြောင်းလိုင်းတွေမှာ အလုပ်တန်းရမှာလား။
ဖြေ။ အဲ့ဒါကတော့ လေကြောင်းလိုင်းပေါ်မူတည်ပါတယ်၊ သူတို့ခန့်ရင်ရပါမယ်၊ ဘယ်နိုင်ငံ ဘယ်သင်တန်းဆင်းဆို အလုပ်တန်းရမယ်ဆိုတဲ့ အာမခံချက်မရှိပါဘူး၊ အခုနောက်ပိုင်း လူငယ်တွေကြား စိတ်ဝင်စားမှုမြင့်ပြီး လေယာဉ်မောင်း သင်တန်းတက်သူများလာတာကြောင့် လက်ရှိအချိန်မှာ လိုင်စင်ကိုင်ပြီး အလုပ်ရဖို့စောင့်နေသူတွေ ဆယ်ဂဏန်း တော်တော်များများတော့ ရှိနေပါတယ်၊ ဒါပေမဲ့ နောက်ပိုင်း လေကြောင်းလောကရဲ့ ဖွံ့ဖြိုးမှုအပေါ်မူတည်ပြီး အလုပ် နေရာတွေ ရှိလာနိုင်တာမို့ စောင့်နိုင်ရင်တော့ အလုပ်ရနိုင်တဲ့ အနေအထားတော့ ရှိပါတယ်။

မေး။ လေယာဉ်မောင်းသင်တန်း ဆင်းပြီးပြီးချင်း မြန်မာနိုင်ငံက လေကြောင်းလိုင်းတွေမဟုတ်ပဲ နိုင်ငံခြားလေကြောင်း လိုင်းတွေမှာရော အလုပ်လျှောက်လို့ရနိုင်မလား။
ဖြေ။ ပြည်ပလေကြောင်းလိုင်းတွေမှာ အလုပ်ခေါ်ရင်အနည်းဆုံး ပျံသန်းချိန် (၅၀ဝ/၁၀ဝ၀) ရှိရမည်ဆိုတာမျိုးမို့၊ ကျောင်းဆင်းခါစ နာရီ (၂၀ဝ)ဝန်းကျင်နဲ့ အလုပ်ရဖို့က (လေကြောင်းလိုင်းတွေက သူတို့ စကောလားရှစ်ပေးတက်ခိုင်း သူကလွဲရင်) သိပ်တော့မလွယ်ပါဘူး၊ ဖြစ်နိုင်တဲ့နည်း လမ်းတစ်ခုကတော့ သင်တန်းမှာပျံသန်းတဲ့ လက်ကောင်းမယ်၊ ဘာသာစကားကျွမ်းကျင်မယ်ဆို အဲဒီ့သင်တန်းကျောင်းမှာပဲ AFI, FI အဖြစ်နဲ့ နည်းပြပြန်လုပ် နာရီစုအခွင့်အရေးရ တာနဲ့ လေကြောင်းလိုင်းတွေမှာ လျှောက်တာမျိုးတော့လုပ်လို့ရပါတယ် (လက်ရှိမှာ မြန်မာလူငယ်တစ်ဦး ဖိလစ်ပိုင်က သင်တန်းကျောင်းတစ်ခုမှာ FI လုပ်နေတာလဲရှိပါတယ်)

မေး။ ကုန်ကျစရိတ်ကလည်းများ၊ အလုပ်ရဖို့ကလည်း ရာနှုန်းပြည့်မသေချာနဲ့ အလုပ်ရရင်ရော လခကဘယ်လောက်ရ မှာလဲ။
ဖြေ။ ဒါကတော့ အတိအကျမရှိပါဘူး၊ အကြမ်းဖျင်းကတော့ နှစ်မျိုးပဲခွဲလို့ရပါတယ်။ ကုမ္ပဏီကပေးတဲ့ လစာနဲ့ မိန်းမကို တကယ်ပြန်အပ်တဲ့ လစာနှစ်မျိုးပဲရှိပါတယ်၊ (နောက်တာပါဗျာ) လစာကလျှို့ဝှက်မို့ အတိအကျတော့မသိနိုင်ပါဘူး ဒါပေမဲ့ အတွေ့အကြုံ၊ မောင်းတဲ့အမျိုးအစား၊ တာဝန်ယူရတဲ့ တာဝန်၊ လေကြောင်းလိုင်းပေါ်မူတည်ပြီး ပြည်တွင်းမှာ သိန်း၂၀- ၁၀ဝ အတွင်း၊ ပြည်ပမှာ သိန်း ၁၅၀ လောက်တော့ ရနိုင် (နိုင်) ပါတယ်။


(ဘာမှမသိသေးသူတွေအတွက် ရှင်းပြတာသက်သက်ပါ၊ သိပြီးသူများက ပြင်ဆင်တာ ဖြည့်စွက်တာများ လုပ်ပေးမယ် ဆို ကျေးဇူးတင်စွာလက်ခံပါတယ်)

Source Transcom News Journal

Transcom News Journal
Tips Read 5797 times