Sales Hotline : 09448001653       Download App



သက်မွေးပညာအခမဲ့သင်ကြားပေးမည့် စု သက်မွေးပညာသိပ္ပံကျောင်း တည်ဆောက်မည်

သက်မွေးပညာအခမဲ့သင်ကြားပေးမည့် စု သက်မွေးပညာသိပ္ပံကျောင်း တည်ဆောက်မည်

တစ်နှစ်အတွင်း သင်တန်းသား ၆၀၀ ကျော်အား သက်မွေးပညာအခမဲ့သင်ကြားပေးနိုင်မည့် “စု”

သက်မွေးပညာသိပ္ပံကျောင်းကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ (၅၄) ရပ်ကွက်၊ ဇေယျာမြိုင်လမ်းတွင် တည်ဆောက်ရန် ဧပြီလ ၇ ရက်က နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲနှင့် မြေသန့်စင်ခြင်း ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပခဲ့ပါသည်။

အဆိုပါအဆောက်အအုံကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်၏ ဦးဆောင်မှုဖြင့် Woori heemang အဖွဲ့နှင့် korea Myanmar social enterprise အဖွဲ့တို့ပူးပေါင်းပြီး ယခုနှစ်ဒီဇင်ဘာလအတွင်း အဆောက်အအုံ အပိုင်း(၁) ကိုအပြီးသတ်တည်ဆောက်မည် ဖြစ်ကြောင်း သိရပါသည်။

မြန်မာနိုင်ငံရဲ့လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဆောင်တဲ့နေရာမှာ အဆင့်မြင့်ပညာရေးနဲ့ အသက်မွေးဝမ်းကြောင်း ပညာရေးကို အလေးပေးလုပ်ဆောင်ဖို့လိုအပ်ပါသည်။ အသက်မွေးဝမ်းကြောင်းသည် ပညာရေးမှာ အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်ပါသည်။ကိုရီးယားနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ပညာရေးကိုအခြေခံပြီး ဖြစ်ပေါ်လာတာပဲဖြစ်ပါသည် ..ဟု မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး မစ္စတာလီစန်းဟွာက အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့ပါသည်။

ကိုရီးယားမြန်မာ ဆိုရှယ်အင်တာပရိုက်စ် အနေဖြင့် သင်တန်းကျောင်းဖြစ်ပေါ်လာရန် အမေရိကန်ဒေါ်လာ ၅ သိန်း ကူညီရန်စီစဉ်ထားကြောင်း၊ ကုန်ကျစရိတ်မှာ ယင်းပမာဏထက် ပိုမိုနိုင်ဖွယ်ရှိကြောင်းလည်း သိရပါသည်။

ကျောက်ဆောက်ပြီးသွားလျှင် ဆင်းရဲနွမ်းပါးတဲ့ လူငယ်တွေကို သက်မွေးပညာရပ် အခမဲ့သင်ကြားပေးမှာဖြစ်ပါသည်။သင်ကြားမဲ့ဘာသာရပ်တွေကတော့ မော်တော်ယာဉ်ပြုပြင် ထိန်းသိမ်းရေးသင်တန်း၊ အိုင်တီနည်းပညာသင်တန်း၊ မိုဘိုင်းလ်ဖုန်းနည်းပညာသင်တန်း၊ ဘာသာစကားသင်တန်း၊ ယဉ်ကျေးမှုသင်တန်းတွေ ဖြစ်ပါသည် ဟုNLD ပညာရေးကွန်ရက်ညှိနှိုင်းရေးမှူး ဦးနေအုပ်( စိန်ပေါ ) ကပြောပါသည်။

ကိုရီးယားမြန်မာ ဆိုရှယ်အင်တာပရိုက်စ်သည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က လှိုင်သာယာမြို့နယ်တွင် အမေ့အိမ်ပညာဒါနကျောင်းကိုလည်းကောင်း၊ ၂၀၁၃ ခုနှစ်တွင် ထန်းတပင်မြို့နယ်တွင် အမေ့အိမ် ပညာဒါနကျောင်းကိုလည်းကောင်း ဆောက်လုပ်လှူဒါန်းခဲ့ကြောင်း သိရပါသည်။

Source: Pyi Myanmar

News Read 1643 times