Sales Hotline : 09448001653       Download App



ဂျပန်စာအရည်အချင်းစစ် စာမေးပွဲ လာရောက်ဖြေဆိုသူ ယမန်နှစ်များထက်ပိုမိုများပြား

ဂျပန်စာအရည်အချင်းစစ် စာမေးပွဲ လာရောက်ဖြေဆိုသူ ယမန်နှစ်များထက်ပိုမိုများပြား

ဂျပန်စာအရည်အချင်းစစ် စာမေးပွဲကို ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ၁၈၀၀ ကျော် လာရောက်ဖြေဆိုခဲ့ပြီး ယမန်နှစ်များကထက် ပိုမိုများပြားခဲ့ကြောင်း သိရပါသည်။

ဧပြီ ၇ ရက်တွင် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ဂျပန်စာ အရည်အချင်းစစ်စာမေးပွဲ N4 ကို လာရောက်ဖြေဆိုသူ ၁၇၀၀ ကျော်နှင့် N2 ကိုလာရောက်ဖြေဆိုသူ ၇၃ ဦး စုစုပေါင်း ၁၈၀၀ ကျော် လာရောက်ဖြေဆိုခဲ့ကြကြောင်း၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ယခင်နှစ်များကလည်း အဆိုပါစာမေးပွဲကို စစ်ဆေးလေ့ရှိသော်လည်း ယခုနှစ်လောက်များပြားခြင်း မရှိခဲ့ကြောင်း၊ယခုနှစ်ဖြေဆိုမှုမှာ ယခင်နှစ်ကထက် ပိုမိုများပြားခဲ့ကြောင်း ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ သိရပါသည်။

မနှစ်ကဆို အခုလောက်ထိထောင်ချီ ကျော်သွားတာမရှိပါဘူး။ဒီနှစ်က တော်တော်များပါတယ်။ လူအရမ်းများတော့ နေရာအခက်အခဲဖြစ်မှာပဲ စိုးရိမ်တာပါ။အဆင်ပြေအောင်တော့ လုပ်ရပါတယ်။ဒီနှစ်များတယ်ဆိုတာက ဂျပန်ကအလုပ်သမား တိုးခေါ်ဖို့အတွက် ပြောင်းလဲလိုက်တဲ့ အပြောင်းအလဲတွေကြောင့်နေမှာပါ..ဟု ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် သင်တန်းရေးရာဌာနမှ တာဝန်ရှိသူ တစ်ဦးက ဒီမိုကရေစီတူဒေးသို့ ဧပြီ ၇ ရက်ကပြောပါသည်။

ယခုနှစ်တွင် ဂျပန်စာ ဖြေဆိုမှုရုတ်တရက် မြင့်မားလာခြင်းမှာ စနစ်သစ်ဖြင့် ခေါ်ယူခန့်ထားမည့် အလုပ်အကိုင် ၁၄ မျိုးကို ဂျပန်နိုင်ငံက ထုတ်ပြန်ခဲ့သည့်အတွက် မြန်မာနိုင်ငံသားများသည် ဂျပန်နိုင်ငံတွင် တရားဝင် သွားရောက်အလုပ်လုပ်ကိုင် နိုင်မည်ဖြစ်ကြောင်း ယင်းအတွက် ဂျပန်စာ အရည်အချင်းစစ်မှာလည်း အရေးတကြီးလိုအပ်လာခြင်းအတွက် ဖြစ်ကြောင်း သိရပါသည်။

ဂျပန်စာအရည်အချင်းစစ်စာမေးပွဲနဲ့ ပတ်သက်ပြီး ဂျပန်စာ သင်ကြားပေးနေသူ ပုဂ္ဂလိကဆရာမဖြစ်သူ မသန္တာက ဒီ N4 အောင်ရင်ဂျပန်မှာ အလုပ်လုပ်လို့ရပြီဆိုတော့ ဒီနှစ်မှာဖြေဆိုသူတော်တော်များတာဖြစ်ပါတယ်။သင်တန်းသားတွေကလဲများပါတယ်။ယခင်နှစ်ထက်စာရင် ဖြေဆိုသူ တော်တော်များတယ်..ဟု ဒီမိုကရေစီတူဒေးသို့ ပြောပါသည်။

(၁၃) ကြိမ်မြောက် EPS-TOPIK ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲကို ယခုနှစ်မပြုလုပ်တော့ကြောင်း အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီက ဧပြီ ၄ ရက်ကကြေညာထားခဲ့ပြီး ဂျပန်စာ အရည်အချင်းစစ်စာမေးပွဲဖြေဆိုသူ ယခုကဲ့သို့ ပိုမိုများပြားခြင်းဖြစ်ကြောင်း လာရောက်ဖြေဆိုသူ တစ်ဦးဖြစ်သူ ကိုသီဟမျိုးက ဆိုပါသည်။

ဂျပန်ကစနစ်သစ်နဲ့ခေါ်တဲ့ အလုပ်အမျိုးအစား ၁၄ မျိုးအတွက် မြန်မာအလုပ်သမားတွေကိုတရားဝင် စေလွှတ်ခွင့်ပြုခဲ့တော့မယ်လို့ သတင်းတွေထွက်နေခဲ့လို့ ဂျပန်စာအရည်အချင်းစစ်စာမေးပွဲဖြေဆိုသူ အခုလိုများပြားလာခဲ့ပါသည်..ဟုYUFL တွင်ဂျပန်စာလာရောက်သင်ကြားနေသူ ကိုကျော်ဆုသွေး ကပြောပါသည်။

ဧပြီ ၇ ရက် နံနက်က ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ N4 ဖြေဆိုသူ ၁၇၇၂ ဦးနှင့် N2 ဖြေဆိုသူ ၇၃ ဦး၊ စုစုပေါင်း ဂျပန်စာအရည်အချင်းစာမေးပွဲဖြေဆိုသူ ၁၈၄၃ ဦးဟာ နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL)တွင် လာရောက်ဖြေဆိုခဲ့ကြောင်း သိရပါသည်။

Source:Democracy Today

News Read 1982 times