Sales Hotline : 09448001653       Download App



မေးခွန်းပုံစံပြောင်းထားသော တက္ကသိုလ်ဝင်စာမေးပွဲအတွက် အကြံပြုချက်

မေးခွန်းပုံစံပြောင်းထားသော တက္ကသိုလ်ဝင်စာမေးပွဲအတွက် အကြံပြုချက်

အလွတ်ကျက်မှတ်မှုထက် ကိုယ် တိုင်စဉ်းစားတွေးခေါ်မှုကို ဦးစား ပေးသည့် တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပုံစံသစ်ကို  ရက်ပိုင်းအ တွင်း စတင်မည့် ၂၀၁၉တက္ကသိုလ် ဝင်စာမေးပွဲတွင် စတင်ပြောင်းလဲ မည်ဟု ပညာရေး ဝန်ကြီး ဌာနက ပညာသင်နှစ်စကတည်းက ကြေ ညာထားသည်။

တက္ကသိုလ်ဝင် စာမေးပွဲ မေးခွန်းပုံစံကို ကြီးကြီးမားမား မပြောင်းလဲဘဲ အသုံးပြုခဲ့သည်မှာ ဆယ်စုနှစ် နှစ်ခုကျော် ကြာမြင့် နေပြီဖြစ်သည်။

‘‘အရင်တုန်းက ပညာရေး စနစ်ကိုရော၊ စာမေးပွဲစနစ်ကို ရော အလွတ်ကျက်ပြီး ပြန်ဖြေတဲ့ စနစ်လို့ ပြောကြတယ်။ အဲဒါတွေ လျော့သွားအောင် လုပ်တာပေါ့။ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားတွေး ခေါ်မှုကို ဖြေရမယ့် မေးခွန်းပုံစံ မျိုးရောက်အောင် ပြောင်းတာပါ’’ ဟု ပညာရေးဝန်ကြီးဌာန အဆင့် မြင့်ပညာဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်းက ဆိုသည်။

မတ်လ ၆ ရက်တွင် ကျင်းပမည့် ၂၀၁၉ တက္ကသိုလ်ဝင်စာမေး ပွဲ၌ စတင်ပြောင်းလဲမည်ဟု ပညာရေးဝန်ကြီးဌာန ကြေညာချက် ကြောင့် တက္ကသိုလ်ဝင်တန်း ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအတွက် ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲသည် ယခင်နှစ်များထက်ပိုစိတ်လှုပ်ရှား ဖွယ်ကောင်းနေသည်။

တက္ကသိုလ်ဝင်တန်းတွင် ဘာသာရပ် ၁၀ ခုရှိသည့်အနက် စိတ်ကြိုက်မြန်မာစာဘာသာရပ်မှ လွဲ၍ ကျန်ဘာသာရပ်များကို မေး ခွန်းပုံစံအသစ်အဖြစ် ပြောင်းလဲ မည်ဖြစ်ရာ မေးခွန်းပုံစံသစ်ဆိုင် ရာ အချက်အလက်များနှင့် နမူနာ မေးခွန်းပုံစံများကို ပညာသင်နှစ် စကတည်းက နိုင်ငံပိုင်သတင်းစာ များ၊ ပညာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်များတွင် ကြေညာ ထားသည်။

ထို့အပြင် တီဗီနှင့်ရေဒီယိုတို့မှလည်း မေးခွန်းပုံစံ သစ်ဆိုင်ရာ ပို့ချချက်များကို ပညာရေးဝန်ကြီးဌာနက ထုတ်လွှင့်နေ သည်။

အဆိုဆွေးနွေးခြင်း မေးခွန်းသစ် ဖြင့် မြန်မာစာဘာသာရပ်

မြန်မာစာဘာသာရပ် မေးခွန်းပုံစံသစ်တွင် ယခင်မေးခွန်း ဟောင်းနှင့်မတူသည့် အပြောင်းအလဲအများဆုံး တွေ့ရသည်။ စာစီစာကုံးပေးမှတ်ကို အမှတ် ၂၀ အစား ၁၀ မှတ်သို့ ပြောင်းလဲ သတ်မှတ်သည့်အပြင် ပုံကြမ်း အချက် အလက် (Outline)ငါးခု ပေးထားပြီး အချက်တစ်ချက် နှစ်မှတ်နှုန်းဖြင့် ဖြေဆိုရမည်ဖြစ်သည်။

‘‘ကြာလာတော့ စာစီစာကုံး ခေါင်းစဉ်တွေက ခန့်မှန်းလို့ရလာတယ်။ ကြိုရေးထားပြီး အလွတ်ကျက်လာတဲ့ အခါကျတော့ ကလေးတွေရဲ့ တွေးခေါ်စဉ်းစားမှု မရှိတော့ဘူး။ အခုပြင်လိုက်တဲ့ပုံစံမှာဆို စာစီစာကုံးကို သူရေး ချင် သလို ရေးလို့မရတော့ဘူး။ အချက်ငါးချက် ပေးထားမယ်ဆိုရင် ပေးထားတဲ့အချက်ပေါ်မှာ သူရေး ရမယ်။ ဒီအချက်ငါးချက်မပါရင် သူအမှတ်မရနိုင်တော့ဘူး’’ဟု မြန်မာစာမေးခွန်းပုံစံသစ် ရေးဆွဲ ရာတွင် ပါဝင်သူ ရန်ကုန်တက္က သိုလ် မြန်မာစာဌာန ပါမောက္ခ (ဌာနမှူး) ဒေါက်တာအောင်မြင့် ဦးက ရှင်းပြသည်။

စာစီစာကုံးတွင် လျှော့ထား သည့်ပေးမှတ် ၁၀ မှတ်နေရာတွင် အဆိုဆွေးနွေးခြင်း မေးခွန်းကို ထည့်သွင်းထားပြီး အဆိုဆွေးနွေး ခြင်းမေးခွန်းသည် ယခင်မေးခွန်း ဟောင်းများတွင် ပါဝင်လေ့မရှိ သည့် မေးခွန်းသစ်ဖြစ်သည်။

အဆိုတစ်ရပ်ကို ကျောင်းသား၏ ကိုယ်ပိုင်စဉ်းစားဉာဏ်၊ အတွေး အခေါ်ဖြင့် ထောက်ခံ၍ဖြစ်စေ၊ ကန့်ကွက်၍ဖြစ်စေ အကျိုးသင့်အကြောင်းသင့် ဆွေးနွေးတင်ပြ ခြင်းဖြစ်သည်။ ဥပမာ ‘ရေဒီယိုနား ထောင်ခြင်းသည် သတင်း စာဖတ် ခြင်းထက် ပို၍အကျိုးရှိသည်’ဟူ သောအဆိုကို ကျောင်းသားက မိမိအမြင်အတိုင်း၊ ထင်မြင်ယူဆ ချက်အတိုင်း ဆွေးနွေးရေးသားရ မည်ဖြစ်သည်။

‘‘ကလေးတွေရဲ့ ကျက်မှတ်မှုထက်ကို ကိုယ်ပိုင်အတွေးအ ခေါ်ကို တင်ပြနိုင်အောင် ဒါကိုထည့်လိုက်တာ။ စာကျက်စရာမလိုဘူး။ ဒီစာကြောင်းကို တွေ့လိုက်ရင် သူတို့ကိုယ်ပိုင်စဉ်းစား တွေးခေါ်မှုနဲ့ လက်တန်းဖြေနိုင်တဲ့ မေးခွန်းမျိုးပါ’’ဟု ဒေါက်တာ အောင်မြင့်ဦးက ဆိုသည်။

ထို့အပြင် မြန်မာစာမေးခွန်း ပုံစံသစ်တွင် ယခင်မေးခွန်း ဟောင်း၌ မေးမြန်းနေကျ ‘ဝါကျ ဖွဲ့ပါ’ မေးခွန်းမပါဝင်တော့ဘဲ ယင်းအစား ပြဋ္ဌာန်းစာပါ ဝေါဟာရများကို စာလုံးပေါင်းအမှား၊ အမှန် ရွေးချယ်ရသည့် မေးခွန်းသစ် ထည့်သွင်းထားသည်။

ယခင်မေးခွန်းဟောင်းတွင် စာစီစာကုံးတစ်ခုတည်းအတွက်သာ စဉ်းစားဖြေဆိုရသော်လည်း မေးခွန်းပုံစံသစ်တွင် စာစီစာကုံးနှင့် အဆိုဆွေးနွေးခြင်း နှစ်ပုဒ်ပါဝင်လာခြင်းကြောင့် နှစ်ကြိမ်စဉ်းစားဖြေဆိုရမည်ဖြစ်ရာ စဉ်းစား ရမည့် အချိန်နှင့် ရေးသားရမည့်အချိန် လုံလောက်မှုရှိအောင် ကြိုတင်လေ့ကျင့်ပြင်ဆင်ထားရန် ၎င်းကအကြံပြုသည်။

အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဓမ္မဓိဋ္ဌာန်၊ ကဗျာ၊ စကားပြေ၊ ရေသည်ပြဇာတ်ပါ အချက်အလက်များကို တိတိကျကျ ကျက်မှတ် ကာ လိုရင်းအချက်အလက်ကို တိတိကျကျဖြေဆိုရန်၊ စိတ်ကူး စိတ်သန်း၊ အတွေးအခေါ်ဖြင့် အ ရေးအသား စွမ်းရည်ပြရမည့် မေးခွန်းများတွင် မေးခွန်းကို နားလည်သဘောပေါက်အောင်ဖတ်ကာ သိထားသည့်အချက်အလက်ကို မြန်မာစာအရေးအသားစွမ်းရည်၊ ကိုယ်ပိုင်စိတ်ကူးဉာဏ်တို့ဖြင့် ပေါင်းစပ်ရေးသားရန် ဒေါက်တာ အောင်မြင့် ဦးက အကြံပြုသည်။

ပြဋ္ဌာန်းစာအုပ်တွင်မပါသည့် စာပိုဒ်ထည့်မေးမည့် အင်္ဂလိပ်စာ ဘာသာရပ်

အင်္ဂလိပ်စာမေးခွန်းပုံစံသစ်၏ ထူးခြားချက်သည် ဖတ်စာအုပ် ထဲမှမဟုတ်သော စာပိုဒ်တစ်ပိုဒ် (Unseen Passage)ကို ပေးထားပြီး မေးခွန်းငါးခု ဖြေဆိုရသည့် မေးခွန်းပုံစံသစ်ကို ထည့်သွင်းထား ခြင်းဖြစ်သည်။

တက္ကသိုလ်ဝင်စာ မေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူတို့၏ အဆင့်နှင့် ကိုက်ညီသည့် ဖတ်စာအုပ်ထဲမှ မဟုတ် သော စာပိုဒ်တစ်ပိုဒ်ကို ပေးထားပြီး မေးခွန်းငါးခုဖြေဆိုစေမည်ဖြစ်ကာ ထိုမေးခွန်းသည် ကျောင်းသား၊ ကျောင်းသူ၏ စာဖတ်ပြီး နားလည်နိုင်စွမ်းကို အမှန်တကယ် စစ်ဆေးမည့် မေးခွန်းဖြစ်သည်ဟု တက္ကသိုလ်ဝင်တန်း အင်္ဂလိပ်စာ ဆရာများက သုံးသပ်သည်။

Unseen Passage မေးခွန်းပုံစံသစ်ကို အခြေခံနည်းသည့် ကျောင်းသားများဖြေဆိုရန် အခက်တွေ့နိုင်ပြီး ဂုဏ်ထူးမှတ်အတွက် အဆုံးအဖြတ်ပေးမည့် မေးခွန်းမျိုးဖြစ်သည်ဟု ပဲခူးတိုင်း ဒေသကြီး အလက (ရစ်ကန်ဘူ တာ) ကျောင်းအုပ်ကြီး ဦးအောင် ကျော်သူက မှတ်ချက်ပြုသည်။

ထို့အပြင် ယခင်က တက္ကသိုလ်ဝင်စာမေးပွဲပေးစာနှင့် အက်ဆေးမေးခွန်းများတွင် စာလုံးရေ ကန့်သတ်ချက်မရှိသော်လည်း မေးခွန်းပုံစံသစ်တွင် ပေးစာကို စာလုံးရေ ၃၀၀ ထက်မပိုရန်၊ အက်ဆေးကို စာလုံးရေ ၅၀၀ ထက်မရှိရန် ကန့်သတ်ထား သည်။

ပေးထားသော ခေါင်းစဉ်နှင့် ကိုက်ညီသော အကြောင်းအရာ များကို ကျစ်လျစ်ထိမိစွာ ရေးသားတတ်ရန်နှင့် အလွတ်ကျက်မှတ် ပြီး မဆီလျော်သော အကြောင်းအရာများ ထည့်သွင်းရေးသားမှု လျော့နည်းစေရန် စာလုံးရေ ကန့်သတ်ခြင်းဖြစ်သည်ဟု ပညာရေး ဝန်ကြီးဌာနက ကြေညာသည်။

‘‘နှစ်တိုင်းလိုလို စာစစ်ရာမှာ တွေ့ရတဲ့ အခက်အခဲကပေးစာ တွေ၊ စာစီစာကုံးတွေကို အရှည်ကြီးရေးပြီး ဆီလျော်တာရော၊ မဆီလျော်တာတွေ ရောထည့်ရေး ထားတာပါ။ စာလုံးရေ ကန့်သတ် လိုက်တဲ့အတွက် မဆီလျော်တာ တွေပါနေရင် ဆီလျော်တာတွေ ကျန်ခဲ့မှာပါ။ မရေးခင် ကိုယ်ရေးမယ့်အကြောင်းအရာကို သေချာအစီအစဉ်ချပြီးမှ ရေးသင့်ပါတယ်’’ဟု အင်္ဂလိပ်စာမေးခွန်း ပုံစံသစ် ရေးဆွဲရာတွင် ပါဝင်သူရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာ ဌာန ပါမောက္ခ (ဌာနမှူး) ဒေါက် တာပိုးပိုးက အကြံပြုသည်။

ပြဋ္ဌာန်းစာအုပ်ပါ သင်ခန်း စာ ၁၄ ခုစလုံးမှ စာပိုဒ်အားလုံးကို သေချာမှတ်သားသင့်ပြီး စကားလုံးဝေါဟာရများအပြင် အသုံးပြုပုံများကိုပါ လေ့လာရန်၊ ကဗျာများကို ရွတ်ဆိုနိုင်ရုံသာမက အဓိပ္ပာယ်ဖွင့်ဆိုနိုင်ရန်ပါ လေ့ ကျင့်ထားသင့်သည်ဟု ၎င်းက တိုက်တွန်းသည်။

ဓမ္မဓိဋ္ဌာန်မေးခွန်းများဖြုတ်လိုက်သည့်သင်္ချာဘာသာရပ်

ပြောင်းလဲမည့် သင်္ချာမေးခွန်းပုံစံသစ်တွင် ယခင်က ကျောင်းသား၊ ကျောင်းသူအချို့ မှန်းဆ ဖြေလေ့ရှိသည့် ဓမ္မဓိဋ္ဌာန်မေးခွန်း များ မပါဝင်တော့ပေ။ A, B, C, D, E ငါးခုပေးထားသည့်အနက် အဖြေမှန်တစ်ခု ရွေးချယ်ရသည့် ဓမ္မဓိဋ္ဌာန်မေးခွန်း ၂၅ မှတ်ဖိုးကို မေးခွန်းပုံစံသစ်တွင် ပယ်ဖျက်ထားသည်။

‘‘မေးထားတဲ့ မေးခွန်းကို သေချာနားမလည်ဘဲ အဖြေကို မှန်းဆထည့်ခြင်း၊ အက္ခရာစဉ်ကို တန်းစီရေးချဖြေဆိုခြင်းဖြင့် အ မှတ်ရတဲ့ မေးခွန်းများ မပါပါဘူး’’ ဟု ဓမ္မဓိဋ္ဌာန်မေးခွန်း ၂၅ မှတ်ဖိုး ဖြုတ်လိုက်ခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်တက္ကသိုလ် သင်္ချာဌာန ပါမောက္ခ (ဌာနမှူး) ဒေါက်တာချိုဝင်းက ရှင်းပြသည်။

 မေးခွန်းပုံစံသစ်များအရ ကျောင်းသား၊ ကျောင်းသူများသည် ယခင်ကဲ့သို့ ဖတ်စာအုပ်ပါ အခန်းအချို့ကိုသာ အပိုင်ကျက် မှတ်ဖြေဆိုခြင်းမျိုး ပြုလုပ်နိုင် တော့မည်မဟုတ်ဟု ကျွမ်းကျင် သူများက ရှင်းပြသည်။

‘‘နဂိုတုန်းက Chapter (1)ကနေ (7)ကိုကြည့်ရင် အမှတ်က ၇၀ ဝန်းကျင်ရတယ်။ အခု Chapter (1)ကနေ (7)ကြည့်ရင် ၅၈ မှတ်ဝန်းကျင်လောက်ပဲရ တော့မယ်။ သူ့ရဲ့အမှတ်က အ တိမ်းအစောင်းဖြစ်သွားရင်တော့ အကျဘက်ကို ဦးတည်မှာပေါ့’’ဟု မန္တလေးတိုင်းဒေသကြီးမှ ကိုယ် ပိုင်ကျောင်းသင် သင်္ချာဆရာမ ဒေါ်မြင့်မြင့်ခိုင်က မှတ်ချက်ပြု သည်။

မေးခွန်းပုံစံသစ်တွင် စဉ်းစား တွေးခေါ်မှုကို အခြေခံသော လွယ်၊သင့်၊ ခက်မျှတသည့် မေးခွန်းများ ပိုမိုပါဝင်မည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သင်ရိုးပါ သင်ခန်းစာအားလုံးကို လေ့လာထားရန်၊ အခန်းတစ်ခု ချင်းစီတွင် ပါဝင်သော အဓိပ္ပာယ်သတ်မှတ်ချက်များ၊ မှန်ကန်ချက် များ၊ ပုံသေနည်းများနှင့် သင်္ချာသဘောတရားများကို လေ့လာထားရန် ဒေါက်တာချိုဝင်းက အကြံပြုသည်။

ခန့်မှန်းမေးခွန်းများကိုသာ ရွေးချယ်လေ့ကျင့်ထားခြင်း မလုပ်ရန်နှင့် ဂုဏ်ထူးမှတ်ရရှိလိုပါက သင်ခန်းစာတစ်ခုချင်းနှင့် ဆက်နွှယ်သော ဉာဏ်စမ်းပုစ္ဆာများကိုပါ တွက်ချက်လေ့လာထားရန် ၎င်းက တိုက်တွန်းသည်။

ရွေးချယ်ဖြေဆိုနိုင်မည့် ပုဒ်ရေ လျှော့လိုက်သည့် ဓာတုဗေဒဘာသာရပ်

ဓာတုဗေဒဘာသာရပ်မေး ခွန်းပုံစံသစ်တွင် ထူးခြားသည့် မေးခွန်းသစ်ထည့်သွင်းခြင်းမရှိသော်လည်း ရွေးချယ်ဖြေဆိုခွင့်ရှိသည့် ပုဒ်ရေကို လျှော့ချလိုက်သည်။ ယခင်မေးခွန်းဟောင်းများတွင် ရွေးချယ်ဖြေနိုင်သည့် မေးခွန်းများ ပါ ပါဝင်ပါက မေးခွန်းတစ်ခုလုံး တွင် စုစုပေါင်း ၁၄၄ မှတ်ဖိုး ထည့်မေးခဲ့သော်လည်း ပြောင်းလဲမည့် မေးခွန်းသစ်တွင် စုစုပေါင်း ၁၂၈ မှတ်ဖိုးသာ ထည့်မေးတော့မည် ဖြစ်သည်။

ဓာတုဗေဒဘာသာရပ်တွင် Section (A), (B) အပိုင်းနှစ်ပိုင်းပါဝင်ရာ Section (A)၌ အပြောင်းအလဲမရှိပေ။ Section (B) တွင် မေးခွန်းဟောင်း၌ ရှစ်မှတ်တန်ရှစ်ပုဒ်ပေးထားသည့်အနက် လေးပုဒ်ရွေးချယ်ဖြေဆိုခွင့်ရှိခဲ့သော် လည်း မေးခွန်းသစ်၌ ရှစ်မှတ်တန် ခြောက်ပုဒ်သာ ပေးထားပြီး လေးပုဒ်ရွေးဖြေရမည်ဖြစ်သည်။

‘‘အရင်မေးခွန်းပုံစံအရ ရွေးချယ်ရန် ပုဒ်ရေဟာ လိုအပ်တာထက် ပိုမိုများပြားနေတဲ့အတွက် ကျောင်းသား၊ ကျောင်းသူတွေရဲ့ နှံ့စပ်စွာလေ့လာမှုကို အားနည်း စေပြီးတော့ ရွေးချယ်ကျက်မှတ်မှုကို အားပေးသလိုဖြစ်စေပါတယ်။ အခုကတော့ ရွေးချယ်စရာ လျော့သွားတဲ့ သဘောဖြစ်ပါတယ်။ သင်ခန်းစာတွေကို သေသေချာချာ နားလည်အောင် လေ့လာပြီး တော့ ကျွမ်းကျင်ပိုင်နိုင်အောင် လေ့ကျင့်ထားဖို့ လိုအပ်ပါတယ်’’ ဟု ရန်ကုန်တက္ကသိုလ် ဓာတုဗေဒ ဌာန ပါမောက္ခ (ဌာနမှူး) ဒေါက်တာနီနီသန်းက အကြံပြုသည်။

ကွက်လပ်ဖြည့်ခြင်းနှင့် မှား၊ မှန် ရွေးချယ်ခြင်း မေးခွန်းများ ဖြုတ် လိုက်သည့် ရူပဗေဒဘာသာရပ်

ရူပဗေဒမေးခွန်းပုံစံသစ် တွင် ကွက်လပ်ဖြည့်ခြင်းနှင့် မှား၊ မှန်ရွေးချယ်ခြင်း မေးခွန်းများ ဖြုတ်လိုက်ခြင်းက ထူးခြားချက် ဖြစ်သည်။

မေးခွန်းပုံစံဟောင်းတွင် ကွက်လပ်ဖြည့်ခြင်း (Fill in the blanks)မေးခွန်းကို ထည့်သွင်းခဲ့ သော်လည်း မေးခွန်းပုံစံသစ်တွင် ယင်းအစား ပေးထားသော အဖြေများအနက် မှန်ကန်သောအဖြေ ကို ရွေးချယ်ခြင်း (Multiple Choice)နှင့် အစားထိုးထားသည်။ ကွက်လပ်ဖြည့်တွင် တစ်ခါတစ်ရံ တစ်ခုမကသော အဖြေများ ဖြစ် နိုင်ခြင်းကြောင့် မှန်ကန်တိကျသည့် အဖြေတစ်ခုပါသော အဖြေသုံးမျိုးပေးထားပြီး တစ်ခုကိုသာ ရွေးချယ်ဖြေရမည့် Multiple Choice မေးခွန်းနှင့် အစားထိုး လိုက်ခြင်းဖြစ်သည်ဟု မန္တလေးတက္ကသိုလ် ရူပဗေဒဌာနပါမောက္ခ(ဌာနမှူး) ဒေါက်တာလဲ့လဲ့ဝင်းက ရှင်းပြထားသည်။

မှား၊ မှန် ရွေးချယ်ခြင်း (True or False)မေးခွန်းကို ဖြေရာတွင် ကျောင်းသား၊ ကျောင်းသူများသည် ရူပဗေဒအသိပညာရပ်ဆိုင်ရာ ရှုထောင့်မှအဖြေကို မစဉ်းစားဘဲ စိတ်ကြိုက်လွယ်ကူစွာ ရွေးချယ်ဖြေခြင်းကြောင့် ထိုမေးခွန်းအစား Columnနှစ်ခုပါအကြောင်း အရာများကို မှန်ကန်စွာတွဲဖက် ပေးသော Matching မေးခွန်းသစ်ကို ပြောင်းမေးမည်ဟု ၎င်းကဆိုသည်။

အလွတ်ကျက်မှတ်ရုံနှင့်မရဘဲ စာသင်နှစ်အစမှအဆုံး ပုံမှန် လေ့လာဆည်းပူးထားမှသာ ရူပ ဗေဒဘာသာရပ်ကို ဖြေဆိုနိုင်မည် ဖြစ်ရာ သင်ခန်းစာအားလုံး လွှမ်း ခြုံလေ့လာထားရန် ၎င်းက အကြံ ပြုသည်။

အဖြေမှန် ရွေးချယ်ခြင်း မေးခွန်းသစ်တိုးလာပြီး ပေးမှတ်များ ပြောင်းထားသည့် ဇီဝဗေဒဘာသာရပ်

ဇီဝဗေဒမေးခွန်းသစ်တွင် မေးခွန်းဟောင်း၌ ပါလေ့မရှိခဲ့ သည့် အဖြေမှန်ရွေးချယ်ခြင်း မေးခွန်းသစ်ကို ထည့်မေးထားပြီး အချို့မေးခွန်းများကို မေးခွန်း ဟောင်းထက် ပေးမှတ်များ လျှော့ ချထားခြင်း၊ တိုးပေးထားခြင်းများ ပြုလုပ်ထားသည်။

မေးခွန်းဟောင်းတွင် ပါနေ ကျ မှား၊ မှန် ရွေးချယ်ဖြေရသည့် မေးခွန်းကို ယခင်အမှတ် ၂၀ ဖိုးမှ ၁၀ မှတ်ဖိုးသို့ လျှော့ချလိုက်ပြီး ယင်းအစား ပေးထားသည့် အ ဖြေမှန်များအနက် မှန်ကန်သည့် အဖြေကို ရွေးချယ်ကွက်လပ်ဖြည့် ပေးရမည့် မေးခွန်းသစ်ကို ၁၀ မှတ်ဖိုး ထည့်မေးထားသည်။

‘‘အဲဒီမေးခွန်းကတော့ စာ ပေလေ့လာကျက်မှတ်တဲ့နေရာမှာ အလွတ်ကျက်မှတ်တာမဟုတ်ဘဲနဲ့ ကိုယ်ဟာ ဘယ်လောက် အဓိပ္ပာယ်ကို နားလည်ပြီး ကျက်မှတ်ထားသလဲ။ ကျက်မှတ်လေ့ လာနည်းအပေါ်မှာ သူတို့ရဲ့ အ ရည် အသွေးကို ပေါ်လွင်စေတဲ့ မေးခွန်းတစ်မျိုးဖြစ်ပါတယ်’’ဟု ရန်ကုန်တက္ကသိုလ် သတ္တဗေဒ ဌာန ပါမောက္ခ (ဌာနမှူး)ဒေါက် တာသီတာလေးသွယ်က ပြော ကြားသည်။

ဇီဝဗေဒဘာသာရပ်ကို လေ့လာရာတွင် အဓိပ္ပာယ်နားမလည်ဘဲ အလွတ်ကျက်မှတ်ခြင်းက မေ့ လျော့သွားနိုင်ခြင်းကြောင့် သင်ခန်းစာအဓိပ္ပာယ်ကို နားလည် အောင် လုပ်သင့်ပြီး ပုံအညွှန်းနှင့် ခေါင်းစဉ်များကိုလည်း အဓိပ္ပာယ် နှင့်တကွ ကျက်မှတ်သင့်ကြောင်း၊ ဇယားပုံစံများနှင့် Equation များ ကို အကြမ်းရေးမှတ်ပြီး Notes ထုတ်ကျက်မှတ်သင့်ကြောင်း ၎င်း က အကြံပြုထားသည်။

ရွေးချယ်ဖြေဆိုနိုင်မည့်ပုဒ်ရေ လျှော့ထားသည့် ဘောဂဗေဒ ဘာသာရပ်

ဘောဂဗေဒမေးခွန်းဟောင်း ၏ အားနည်းချက်သည် ရွေးချယ် ရန် ပုဒ်ရေများနေခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများသည် ပြဋ္ဌာန်းစာအုပ်ပါ အခန်း ခြောက်ခန်းအနက် သုံးခန်းကို အ ပိုင်ကျက်ပါက ဂုဏ်ထူးထွက်နေ သည်။ ကျောင်းသား၊ ကျောင်းသူ များ ပြဋ္ဌာန်းစာအုပ်ပါ သင်ခန်းစာ အားလုံး လေ့လာမိစေရန် ပြောင်း လဲမည့် မေးခွန်းသစ်တွင် ရွေးချယ်ဖြေဆိုနိုင်မည့်ပုဒ်ရေများကို လျှော့ချထားသည်။

‘‘အဓိကအားဖြင့် ပေးထား တဲ့ ပြဋ္ဌာန်းစာအုပ်ကို အပြည့်အဝ လေ့လာစေချင်တဲ့အတွက် ပြင် တာပါ။ ပြဋ္ဌာန်းစာအုပ်မှာ အခန်း ခြောက်ခန်း ပါပါတယ်။ အရင် တုန်းက အဲဒီခြောက်ခန်းက သုံး ခန်းဖတ်ရင်ကို ဂုဏ်ထူးထွက် အောင် ဖြေနိုင်တဲ့အထိ အလွတ် ကျက်ပြီး အမှတ်ရနိုင်ပါတယ်။ အဲဒါကို ပြင်မှာ ဖြစ်ပါတယ်။ အဓိကအားဖြင့် ရည်ရွယ်တာက ပြဋ္ဌာန်းစာအုပ်ကို အပြည့်အဝ လေ့လာစေချင်တယ်’’ဟု တက္က သိုလ်ဝင်တန်းမေးခွန်းပုံစံသစ် ဆိုင်ရာ ပညာရေးစကားဝိုင်းတွင် ရန်ကုန်စီးပွားရေးတက္ကသိုလ် အ သုံးချဘောဂဗေဒဌာန ပါမောက္ခ (ဌာနမှူး) ဒေါက်တာဖြူဖြူအိက ပြောကြားသည်။

ဘောဂဗေဒမေးခွန်း၏ မေး ခွန်းနံပါတ် (၅)သည် တွက်ချက်မှု နှင့် ဉာဏ်စမ်းမေးခွန်းဖြစ်ပြီး ယခင်မေးခွန်းဟောင်းတွင် ရွေး ချယ်စရာပုဒ်ရေများသောကြောင့် ကျောင်းသား၊ ကျောင်းသူများ သည် မေးခွန်းနံပါတ် (၅)ကို ရှောင်လွှဲဖြေဆိုလေ့ရှိသည်။ မေး ခွန်းပုံစံသစ်တွင် ရွေးချယ်ဖြေရ မည့် ပုဒ်ရေလျှော့ချလိုက်ခြင်း ကြောင့် ထိုမေးခွန်းနံပါတ် (၅) သည် မဖြစ်မနေဖြေဆိုရမည့် မေး ခွန်းဖြစ်လာသည်။

သင်ခန်းစာအချို့ကို ဇောင်း ပေး၍ များများထည့်မေးခြင်းမျိုး၊ အချို့အခန်းများကို လုံးဝထည့် မမေးခြင်းမျိုးပြုမည်မဟုတ်သော ကြောင့် ဘောဂဗေဒဘာသာရပ် ကို အပြည့်အဝဖြေဆိုနိုင်ရန် ပြဋ္ဌာန်းစာအုပ်ပါ သင်ခန်းစာအား လုံး ခြုံငုံလေ့လာထားရန် ဒေါက် တာဖြူဖြူအိက အကြံပြုထား သည်။

အမှတ်ပေးပုံ၊ မေးခွန်းအပြောင်း အလဲများနှင့် ပထဝီဝင်နှင့် သမိုင်း ဘာသာရပ်

ပထဝီဝင်ဘာသာရပ်တွင် ယခင်မေးနေကျ စီးပွားရေးပထဝီဝင် အပိုင်းမပါဝင်တော့ဘဲ အမှတ်ပေးပုံ ပြောင်းလဲမှုများလည်းရှိသည်။ သမိုင်းဘာသာရပ်တွင်လည်း မှား၊ မှန် မေးခွန်းဖြုတ်ကာ အဖြေမှန်ရွေးချယ်ရသည့် မေး ခွန်းဖြင့် အစားထိုးမှုများရှိသည်။

ယခုနှစ်တွင် စတင်ပြောင်းလဲမည့် မေးခွန်းပုံစံသစ်များကို တစ်နိုင်ငံလုံးရှိ တက္ကသိုလ်များမှ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများက ပြုစုထားပြီး ပြောင်းလဲရန် လိုအပ်သည့် ဘာသာရပ်များ၊ မေးခွန်းများကိုသာ ပုံစံအသစ် ပြောင်းထားသည်ဟု ဒေါက်တာ အောင်အောင်မင်းက ဆိုသည်။

သူငယ်တန်း + ၁၂ တန်း (KG+12)စနစ်သစ်အရ အခြေခံပညာ သင်ရိုးညွှန်းတမ်းများကို ၂၀၂၂-၂၃ ပညာသင်နှစ်တွင် အပြီးပြောင်းလဲမည်ဖြစ်ရာ ယင်းမတိုင်မီ ယခုမေးခွန်းပုံစံသစ်များ အသုံးပြုရန် ရည်ရွယ်ထားသည် ဟု ပညာရေးဝန်ကြီးဌာနက ကြေ ညာထားသည်။

‘‘ကိုယ်ကတော့ သေချာနားမလည်ဘူး။ ဒါပေမဲ့ မေးခွန်းပုံစံအသစ်ကို ကလေးက စစချင်းကြုံရမှာကိုတော့ တစ်ခုခု ချွတ် ချော်မှာတော့ စိုးရိမ်တာပေါ့’’ဟု ပြင်ဦးလွင်မြို့တွင် ကိုယ်ပိုင်သင် တန်းကျောင်းတက်ကာ စာမေးပွဲဝင်ဖြေမည့် ကျောင်းသူ၏ မိခင် ဒေါ်စုစုနိုင်က ပြောသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ မေးခွန်းပုံစံသစ်ကို စတင်ကြုံ တွေ့ရမည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများကမူ စာမေးပွဲ နီးကပ်လာသည်နှင့်အမျှ စိုးရိမ်ပူပန်မှုများရှိနေသည်။

‘‘မေးခွန်းပုံစံတွေလည်း ပြောင်းမယ်ဆိုတော့ ကိုယ်ဖြေရမယ့် မေးခွန်းပုံစံတွေနဲ့ အကျွမ်း တဝင်ဖြစ်အောင်၊ သေချာနားလည်အောင် ဆရာ၊ ဆရာမတွေ ပြောတာကို သေချာမှတ်သားပါ။ ကျန်းမာရေးလည်း မလစ်ဟင်း အောင် ဂရုစိုက်ပါ။ ဘာသာတရားလည်း ကိုင်းရှိုင်းပါလို့ ပြောချင်ပါတယ်’’ဟု ၂၀၁၈ တက္ကသိုလ်ဝင် စာမေးပွဲတွင် သိပ္ပံဘာသာတွဲဖြင့် မြန်မာတစ်နိုင်ငံလုံး အမှတ်အများ ဆုံးရရှိခဲ့သည့် မသင်းမြနွေးကအကြံပြုသည်။

မေးခွန်းပုံစံသစ် ပြောင်းလဲ ခြင်းအတွက် ဆရာ၊ ဆရာမများတွင်လည်း စိန်ခေါ်မှုများရှိနေပြီး ကျောင်းသား၏ စဉ်းစားတွေးခေါ်နိုင်စွမ်းကို မြှင့်တင်နိုင်မည့် သင်ကြားနည်းစနစ်များ အသုံးပြုပါက အဆင်ပြေနိုင်ကြောင်း ကျွမ်းကျင်သူများက ထောက်ပြသည်။

‘‘ကျောင်းသား၊ ကျောင်းသူများ တကယ်တတ်အောင် သင်ကြပါ။ ဆရာ၊ ဆရာမများ ကိုယ့်ရဲ့အရည်အချင်းကို Upgrade လုပ်ပြီး သင်ပေးရင် အားလုံးအဆင်ပြေမှာပါ။ အားလုံးက တကယ့်အစစ်အမှန်နဲ့ တကယ်တတ်ကျွမ်းဖို့ကို ဦးတည်ရင် တကယ်လုပ်ရင်ဖြစ်ပါတယ်’’ဟု ကောင်းစုံကိုယ်ပိုင်အထက်တန်း ကျောင်း တည်ထောင်သူ သင်္ချာ သန်းနိုင်က မှတ်ချက်ပြုသည်။

ယခုနှစ် တက္ကသိုလ်ဝင်စာ မေးပွဲကျင်းပရန် ရက်အားဖြင့် ၁၃ ရက်သာ လိုတော့သည်။ အလွတ် ကျက်ဖြေဆိုမှုကို ယခုမေးခွန်းပုံစံ သစ်များက လျော့နည်းစေနိုင် မည်ဟု ပညာရေးဝန်ကြီးဌာနက မျှော်မှန်းထားသည်။ မေးခွန်းပုံစံ သစ်အပြောင်းအလဲက ပညာရေး စနစ်အပေါ် မည်မျှသက်ရောက် နိုင်မည်ကို ဆက်လက်စောင့် ကြည့်ရပေမည်။

source: 7day

News Read 7794 times