Sales Hotline : 09448001653       Download App



ဘက်စုံကျွမ်းကျင်အထည်ချုပ်အလုပ်သမားများ မွေးထုတ်နိုင်ရေး အခမဲ့သင်တန်း ဖွင့်လှစ်သင်ကြား ပေးမည်

ဘက်စုံကျွမ်းကျင်အထည်ချုပ်အလုပ်သမားများ မွေးထုတ်နိုင်ရေး အခမဲ့သင်တန်း ဖွင့်လှစ်သင်ကြား ပေးမည်

အထည်ချုပ်လုပ်ငန်းများ၌ ၀င်ရောက်လုပ်ကိုင်လိုသော အမျိုးသား၊ အမျိုးသမီးများအား ကျွမ်းကျင် အလုပ်သမားများဖြစ်လာစေရန် Bogart Lingeric Myanmar Training Centre မှ သင်တန်းသား ၃၀၀၀ ကို အခမဲ့ သင်တန်းပေးမည် ဖြစ်၍ စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ပါသည်။

"နှစ်နှစ်အတွင်း အယောက် ၃၀၀၀ ကို သင်တန်းပေးဖို့ ရည်ရွယ်ထားပါတယ်။ Bogart အနေနဲ့ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလက စတာဆိုတော့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ တစ်နှစ်ပြည့်ခဲ့ပြီး သင်တန်းသား ၁၁၀၀ ကျော် သင်တန်းပေးခဲ့ပါတယ်" ဟု အထွေအထွေမန်နေဂျာ ဒေါ်အိသူဇာဝင်းမောင်က ပြောသည်။

မတ်လအတွက် သင်တန်းကို ဖေဖော်ဝါရီလတွင် ခေါ်ယူမည် ဖြစ်၍ အသက် ၁၈ နှစ်ပြည့်ပြီးသူ အမျိုးသား၊ အမျိုးသမီး မည်သူမဆို တက်ရောက်နိုင်သည်။

သင်တန်းကာလမှာ ခြောက်ပတ်ကြာမြင့်၍ တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၈ နာရီမှ ညနေ ၅ နာရီအတွင်း သင်ကြားပေးခြင်းဖြစ်သည်။

အဆိုပါသင်တန်းကျောင်း၌ အထည်ချုပ်လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင် အသက်မွေးဝမ်းကျောင်း ပြုလိုပြီး အတွေ့အကြုံ မရှိသေးသူများကို အထည်ချုပ်လုပ်ခြင်း၊ ပိတ်ဖြတ်ညှပ်ခြင်း၊ အရည်အသွေးစစ်ဆေးခြင်းနှင့် စက်ပြုပြင် ထိန်းသိမ်းခြင်း စသည်ဖြင့် အထည်ချုပ်လုပ်ငန်းနှင့် ပတ်သက်သော ကျွမ်းကျင်မှုသင်တန်းများအပြင် လုပ်ငန်းခွင်ဆိုင်ရာ အထွေထွေဗဟုသုတများနှင့် အသိပညာပိုင်းဆိုင်ရာ တိုးတက်မြင့်မားရေးနှင့် ဆိုင်သော သင်တန်း ၁၅ မျိုးကို သင်ကြားပို့ချပေးမည် ဖြစ်သည်။

ယင်းသင်တန်းကျောင်း ဖွင့်လှစ်ရခြင်းမှာ ဘက်စုံကျွမ်းကျင် အထည်ချုပ်အလုပ်သမားများ မွေးထုတ်ပေးရန်နှင့် ကျွမ်းကျင်လုပ်သား ရှားပါးသည့် ပြဿနာကို ဖြေရှင်းနိုင်ခြင်းအားဖြင့် ကုန်ထုတ်စွမ်းအားမြှင့်တင်နိုင်ပြီး မြန်မာ့အထည်ချုပ်လုပ်ငန်း ကဏ္ဍတိုးတက်လာစေရန် ဖြစ်သည်။

ထို Bogart Lingeric Myanmar Training Centre ၏ အခမဲ့သင်တန်းတက်ရောက်လိုသူများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ ဧရာဝတီလမ်း အမှတ် (၉၀) ရွှေသံလွင် စက်မှုဇုန် Bogart Lingeric Myanmar Training Centre  ဖုန်း ၀၉-၇၈၁၅၃၅၂၉၉ သို့ ဆက်သွယ် စာရင်းပေးသွင်းနိုင်သည်။

source: myawaddy

News Read 2015 times