Sales Hotline : 09448001653       Download App



ပညာရေးကောလိပ်ဒီပလိုမာရပြီး အဝေးသင် ဆက်တက်မည့်သူများ သင်ယူခဲ့သည့် ဘာသာတွဲပေါ် မူတည်၍ အထူးပြု ဘာသာရပ်များ သတ်မှတ်မည်

ပညာရေးကောလိပ်ဒီပလိုမာရပြီး အဝေးသင် ဆက်တက်မည့်သူများ သင်ယူခဲ့သည့် ဘာသာတွဲပေါ် မူတည်၍ အထူးပြု ဘာသာရပ်များ သတ်မှတ်မည်

ပညာရေးကောလိပ်များမှ ဒီပလိုမာရရှိပြီး အဝေးသင်တက္ကသိုလ် ဆက်လက်တက်ရောက်မည့် ကျောင်းသား/သူများကို တက္ကသိုလ်အကွာအဝေးနှင့် ကောလိပ်တွင် သင်ယူခဲ့သည့် ဘာသာတွဲများ အပေါ် မူတည်ပြီး အထူးပြု ဘာသာရပ်များ သတ်မှတ်မည် ဖြစ်သည်။         

၂၀၁၉ ခုနှစ် ပညာသင်နှစ်မှ စတင်ကာ ပညာရေးကောလိပ်များမှ လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာ ဒီပလိုမာသင်တန်း နှစ်နှစ်ပြီးဆုံးသော ကျောင်းသား/သူများသည် အဝေးသင် သင်တန်း များ တက်ရောက်ရန် လျှောက်ထားလာပါက ၄င်းတို့သည် အခြေခံပညာဦးစီးဌာန၏ ကျောင်းများတွင် လုပ်ငန်းခွင် ၀င်ရောက်နေသည့် ဆရာ၊ ဆရာမများ ဖြစ်သည့် ကျောင်းနှင့် တက္ကသိုလ် ၏ အကွာအဝေးအရ ၀ိဇ္ဇာသိပ္ပံဘာသာရပ်များကို သတ်မှတ်မည် ဖြစ်သလို၊ ဒုတိယနှစ်သင်တန်းတက်ရောက်ရန် လျှောက်ထားလာပါက ပညာရေးကောလိပ်များတွင် သင်ယူခဲ့ရသော ဘာသာတွဲများ အပေါ် မူတည်ပြီး သက်ဆိုင်ရာ တက္ကသိုလ်များတွင် အထူးပြုရမည့် ဘာသာရပ်များကို သက်ဆိုင်ရာ တက္ကသိုလ်၏ ပညာရေးအဖွဲ့များက သတ်မှတ်ပေးရန် ညွှန်ကြားထားကြောင်း အဆင့်မြင့်ပညာ ဦးစီး ဌာနမှ သိရသည်။

"သိပ္ပံသမားတွေက နှစ်ပတ်တစ်ခါ အနီးကပ် လက်တွေ့သင်တန်းတက်ရတယ်။ သူတို့ကို အနီးမှာ မပေးပဲ အဝေးမှာဆိုရင် သူတို့အတွက် သွားလာရေး အခက်အခဲဖြစ်မယ်။

ဝိဇ္ဇာတွေကတော့ ပြဿနာမရှိဘူး။ သူတို့က ငါးရက်တစ်ခါပဲ သွားရမှာဆိုတော့ အဆင်ပြေတယ်။ တက်ရမယ့် သူတွေ အဆင်ပြေအောင် သတ်မှတ်ပေးထားတာ" ဟု ပြောကြားသည်။

ပညာရေးကောလိပ်ဆင်း ဆရာ၊ ဆရာမများအနေဖြင့် အဝေးသင် ဒုတိယနှစ်သင်တန်းများကို ၂၀၁၉ ခုနှစ်မှ စတင်ကာ တက်ရောက်နိုင်ရေးအတွက် လျှောက်လွှာတင်သွင်းခြင်း၊ စိစစ်ခြင်း၊ လက်ခံခြင်း များကို ယခုလ ၁၅ ရက်နေ့မှ စတင်ပြီး ဆောင်ရွက်ပေးရမည် ဖြစ်သည်။

လျှောက်လွှာလက်ခံ နောက်ဆုံးရက်နှင့် ကျောင်းဝင်မှတ်ပုံတင် နောက်ဆုံးရက်သည် ဒုတိယနှစ်သင်တန်းများ၏ နောက်ဆုံးရက်ဖြစ်သော မေ ၂၃ ရက်ဖြစ်သည်။

ပညာရေးကောလိပ်များ အဆင့်မြင့်ပညာရပ်များကို ဆက်လက်သင်ယူနိုင်ရေးအတွက် ပညာရေးကောလိပ် ကိုယ်စားပြုကော်မတီတို့သည် တွေ့ဆုံဆွေးနွေးပြီး ပညာရေးကောလိပ်ဆင်းများကို အဝေးသင် တက္ကသိုလ် ဆက်လက် တက်ရောက်နိုင်ရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

source: democracy

News Read 3187 times