Sales Hotline : 09448001653       Download App



နှုတ်ဖြေမဖြေထားသူများ ရန်ကုန်တက္ကသိုလ်သို့ ပြောင်းရွှေ့တက်ရောက်ခွင့်မပြု

နှုတ်ဖြေမဖြေထားသူများ ရန်ကုန်တက္ကသိုလ်သို့ ပြောင်းရွှေ့တက်ရောက်ခွင့်မပြု

ရန်ကုန်တက္ကသိုလ်ဝင်ခွင့်အတွက် တက္ကသိုလ်ဝင်စားမေးပွဲရမှတ်ဖြင့်သာမက လူတွေ့နှုတ်ဖြေပါ ဖြေဆိုရမည်ဖြစ်ရာ အခြားတက္ကသိုလ်မှ ရန်ကုန်တက္ကသိုလ်သို့ ပြောင်းရွှေ့တက်လိုပါက နှုတ်ဖြေမဖြေထားသူများကို လက်ခံမည်မဟုတ်ဟု ယင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းကပြောပါသည်။

 

တက္ကသိုလ်ဝင်ခွင့်များ ချထားပေးအပြီးတွင် တက္ကသိုလ်တစ်ခုမှ အခြားတစ်ခုသို့ ပြောင်းရွှေ့တက်လိုပါက မိမိပြောင်းရွှေ့လိုသော တက္ကသိုလ်၏အနိမ့်ဆုံးဝင်ခွင့်ပြုသည့် အမှတ်နှင့်ဝင်ခွင့်သတ်မှတ်ချက်များ ပြည့်မီရမည်ဖြစ်ပြီး ပြောင်းရွှေ့လိုသော တက္ကသိုလ်ကလက်ခံမှသာ တက်ခွင့်ရမည်ဟု အဆင့်မြင့်ပညာဦးစီးဌာနက ကြေညာထားပါသည်။

 

ယခုနှစ်တွင် ရန်ကုန်တက္ကသိုလ်က ဝင်ခွင့်အတွက် လူတွေ့နှုတ်ဖြေစစ်ဆေးမည်ဖြစ်ရာ ယင်းတက္ကသိုလ်သို့ ပြောင်းတက်လိုသူများသည် နှုတ်ဖြေဖြေဆိုထားမှသာ တက်ခွင့်ရမည်ဖြစ်ပါသည်။

 

ရန်ကုန်တက္ကသိုလ်ထက် အမှတ်မြင့်တဲ့ တက္ကသိုလ်တွေကနေ ရန်ကုန်တက္ကသိုလ်ကို ပြောင်းတက်ချင်တယ် ဆိုရင်တောင် ပြောင်းရွှေ့ခွင့်မရှိပါဘူး။ ရန်ကုန်တက္ကသိုလ်တစ်ခုတည်းကသာ လူတွေ့စစ်ဆေးထားတဲ့အတွက် အခြားတက္ကသိုလ်တွေက ပြောင်းလာမယ်ဆိုရင် ခွင့်မပြုပါဘူး။ လူတွေ့မဖြေဆိုထားရင်တော့ ဝင်ခွင့်မပြုပါဘူး။ လူတွေ့ဖြေဆိုထားရင်တော့ ဝင်ခွင့်ပြုပါမယ် " ဟုဒေါက်တာဖိုးကောင်းက ပြောပါသည်။

 

ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ဘွဲ့ကြိုအထူးပြုဘာသာရပ် (၂၆)ခု ဖွင့်လှစ်မည်ဖြစ်ပြီး ဘာသာရပ်အလိုက်သတ်မှတ်ထားသည့် တက္ကသိုလ်ဝင်စာမေးပွဲရမှတ်နှင့် ကိုက်ညီပါက ဦးစားပေးဘာသာရပ်သုံးခုအထိ လျှောက်ထားခွင့်ပြုထားသည်။

 

ဘာသာရပ်အလိုက်ဝင်ခွင့် လျှောက်ထားနိုင်သည့် အခြေခံသတ်မှတ်အမှတ်များတွင် နိုင်ငံတကာ ဆက်ဆံရေးပညာက ရမှတ် (၄၇၀) ဖြင့် အမြင့်ဆုံးဖြစ်ပြီး အင်္ဂလိပ်စာနှင့် ကွန်ပျူတာသိပ္ပံပညာရပ်များက ရမှတ် (၄၅၀) ဖြင့်ဒုတိယနေရာတွင် ရှိသည်။

 

ရန်ကုန်တက္ကသိုလ်ဝင်ခွင့်အခြေခံအမှတ် သတ်မှတ်ချက်များတွင် မြန်မာအထူးပြုဘာသာရပ်တစ်ခုသာ ယခင်နှစ်ထက်စုစုပေါင်း ရမှတ် (၁၀)မှတ်တိုးကာ အမှတ်မြှင့်ခေါ်ယူထားပြီး ကျန်အထူးပြုဘာသာရပ်များ အမှတ်အပြောင်းအလဲမရှိပါ။

 

Read More: ဒီဇင်ဘာလမှသာ ပြုလုပ်နိုင်မည့် တက္ကသိုလ်ကျောင်းပြောင်းလျှောက်ထားခြင်း

 

ရန်ကုန်တက္ကသိုလ်ဝင်ခွင့်ကို တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်ပါ သင်တန်းရွေးချယ်မှု ကတ်ပြားတွင် ဦးစားပေးရွေးချယ်လိုသည့် အထူးပြုဘာသာရပ်သုံးခုထည့်ကာ လျှောက်ထားရမည်ဖြစ်ပြီး ဝင်ခွင့်လျှောက်လွှာစာအိတ်ကို ဇွန်လ (၂၄) ရက်မှ ဇူလှိုင် (၂၃) အထိ ရန်ကုန်တက္ကသိုလ်သို့ တိုက်ရိုက်လျှောက်ထားရမည်ဖြစ်ပါသည်။

 

လျှောက်ထားသူများကို ဇူလှိုင် (၂၇) နှင့် (၂၈) ရက်တွင် လူတွေ့စစ်ဆေးမည်ဟုကြေညာထားပါသည်။

 

ယခုပညာသင်နှစ် ရန်ကုန်တက္ကသိုလ်တွင် ကျောင်းသား/သူ (၂၁၃၀) ဦးလက်ခံရန် စီစဉ်ထားပြီး ဒီဇင်ဘာတွင် ကျောင်းစတင်ဖွင့်မည်ဖြစ်ပါသည်။

 

Source: 7Day News

 

News Read 1579 times