Sales Hotline : 09448001653       Download App



အနုပညာဒီပလိုမာသင်တန်း Level 2 ကို ရန်ကုန်ယဉ်ကျေးမှုတက္ကသိုလ်တွင် အချိန်ပိုင်းထပ်မံဖွင့်လှစ်မည်

အနုပညာဒီပလိုမာသင်တန်း Level 2 ကို ရန်ကုန်ယဉ်ကျေးမှုတက္ကသိုလ်တွင် အချိန်ပိုင်းထပ်မံဖွင့်လှစ်မည်

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၏ အချိန်ပိုင်းအနုပညာ ဒီပလိုမာသင်တန်း Level 2ကို မေလ ၃ ရက်တွင် စဖွင့်မည်ဟု အဆိုပါတက္ကသိုလ်က ဧပြီ ၄ ရက်တွင် ကြေညာခဲ့ပါသည်။

အချိန်ပိုင်းအနုပညာ ဒီပလိုမာ သင်တန်း Level 1 ကိုဇန်နဝါရီလ ကစတင်ဖွင့်လှစ်ခဲ့ပြီး တစ်ဆင့်မြင့်သင်တန်းဖြစ်သည့် Level 2ကိုထပ်မံဖွင့်လှစ်ခြင်းဖြစ်သည်။Level 2 သင်တန်းကို Level 1ပြီးမြောက်ထားသူများ ဆက်လက်တက်ရောက်နိုင်ပြီး မေလ ၃ ရက်တွင်ကျောင်းအပ် စတင်လက်ခံမည်ဖြစ်ပါသည်။

အနုပညာတက္ကသိုလ်(ရန်ကုန်)၏ အချိန်ပိုင်းအနုပညာ ဒီပလိုမာ သင်တန်းတွင် ဒီပလိုမာဘာသာရပ် (၅)ခုကို သင်ကြားပေးပြီး အနုပညာဝါသနာပါသည့် မည်သူမဆို အသက်အကန့်သတ်မရှိ တက်ရောက်ခွင့်ပြုထားသည်။

Diploma in Music အချိန်ပိုင်းသင်တန်းတွင် စောင်း၊ ပတ္တလား၊ တယော၊ စန္ဒရား၊ အဆိုဘာသာရပ်များ၊ Diploma in Dramatic Art အချိန်ပိုင်းသင်တန်းတွင် မြန်မာ့ရိုးရာရုပ်သေးပညာ၊ မြန်မာ့ရိုးရာ အကပညာဘာသာရပ်များ၊ Diploma in Painting အချိန်ပိုင်းသင်တန်းတွင် အခြေခံပန်းချီ၊ ရေဆေးရောင်စုံ ရေးဆွဲနည်း၊ လူပုံရေးဆွဲနည်း၊ ဆီဆေးနှင့် အခရိုင်းလစ်ရေးဆွဲနည်းဘာသာရပ်များ သင်ကြားရမည် ဖြစ်ပါသည်။Diploma in Sculpture အချိန်ပိုင်းသင်တန်းတွင် အခြေခံပန်းပု၊ မြန်မာ့ရိုးရာပန်းပု၊ ပန်းပုနည်းပညာဘာသာရပ်များ၊ Diploma in Cinematography အချိန်ပိုင်းသင်တန်းတွင် ဓာတ်ပုံပညာ (Still and Movie) ဘာသာရပ်များကို သင်ကြားပေးမည်ဖြစ်သည်။

“၁၀ တန်းမအောင်သေးလည်း တက်လို့ရပါတယ်။ ဒါပေမဲ့ ၁၀ တန်းမအောင်သေးရင်တော့ Level တစ်ခုပြီးရင် ကျောင်းမှာပဲ Certificate ပေးပါတယ်။ ၁၀ တန်းအောင်ပြီး Level သုံးခုစလုံးပြီးရင်တော့ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်မှာ ဒီပလိုမာပေးတယ် “ ဟု အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) သင်တန်းရေးရာဌာန တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

အချိန်ပိုင်း အနုပညာဒီပလိုမာ သင်တန်းများကို Level တစ်ခုလျှင် စာသင်ချိန်သုံးလဖြင့် Level 1,2,3 သုံးခုခွဲကာ ဖွင့်လှစ်မည်ဖြစ်ပြီး Level တစ်ခုပြီးပါက အသိအမှတ်ပြုလက်မှတ် (Certificate) ပေးအပ်မည်ဖြစ်ပါသည်။ Level သုံးခုစလုံး ပြီးမြောက်အောင်မြင်ပြီး အခြေခံပညာအထက်တန်းအောင်မြင်ထားသူများကို အနုပညာဒီပလိုမာ လက်မှတ်ပေးအပ်မည်ဖြစ်ပါသည်။

အဆိုပါ သင်တန်းများတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)မှ ဆရာများ၊ ဘာသာရပ်အလိုက်ပြင်ပ ပညာရှငိများက သင်ကြားပေးမည်ဖြစ်ပါသည်။

သင်တန်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)ရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) တွင် တက်ရောက်ရမည်ဖြစ်ပြီး တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့(နံနက် ၇ နာရီမှ ၉ နာရီအထိ) (သို့မဟုတ်) စနေ၊ တနင်္ဂနွေ (နံနက် ၉ နာရီမှ ၁၂ နာရီအထိ) သင်တန်းချိန်များအနက် အဆင်ပြေသည့် အချိန်ရွေးချယ်တက်ရောက်နိုင်ပါသည်။

“အချိန်ပိုင်း ဒီပလိုမာသင်တန်းက အနုပညာကိုလည်း ဝါသနာပါတယ်။ အနုပညာနဲ့ပတ်သက်တဲ့ဒီပလိုမာ တစ်ခုလည်း ရထားချင်တယ်ဆိုရင် တက္ကသိုလ်ကဖွင့်တဲ့၊ တက္ကသိုလ်က ဆရာတွေသင်တဲ့ ဒီသင်တန်းက အပြင်သင်တန်းတွေထက်တော့ အကျိုးရှိလိမ့်မယ်လို့ မျှော်လင့်တယ်” ဟုအမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဦအောင်နိုင်မြင့်က အချိန်ပိုင်းဒီပလိုမာသင်တန်းများဖွင့်လှစ်ရန် စတင်စီစဉ်နေစဉ်က 7Day သတင်းစာအားပြောခဲ့ပါသည်။

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) တွင် ၂၀၁၇-၁၈ ပညာသင်နှစ်ကစကာ မဟာဘွဲ့သင်တန်းများကိုဖွင့်လှစ်ထားပါသည်။အဆိုပါတက္ကသိုလ်ကို ၁၉၉၃ တွင် စတင်ဖွင့်လှစ်ခဲ့ပြီးတစ်နှစ်လျှင် ကျောင်းသာ၊ကျောင်းသူ ၈၀၀ ခန့်ပညာသင်ယူနေပါသည်။

Source: 7Day News

News Read 1662 times