Sales Hotline : 09448001653       Download App



ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်း သင်ယူပြီးမြောက်မှုလက်မှတ် မထုတ်ပေးနိုင်ပါက လာမည့်နှစ်တွင် ထုတ်ပေးမည်

ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်း သင်ယူပြီးမြောက်မှုလက်မှတ် မထုတ်ပေးနိုင်ပါက လာမည့်နှစ်တွင် ထုတ်ပေးမည်

တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်သူများကို အခြေခံပညာသင်ယူပြီး မြောက်မှု လက်မှတ်ထုတ်ပေးရန် ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် မထုတ်ပေးနိုင်ပါက လာမည့် နှစ်တွင် ထုတ်ပေးမည်  ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန တာဝန်ခံ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၏ ပြောဆိုချက်အရ သိရသည်။

လက်မှတ်ထုတ်ပေးရာတွင် တက္ကသိုလ်ဝင်တန်းတက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများကို သတ်မှတ်ချက်နှင့်အညီ အခြေခံပညာသင်ယူပြီးပါက လက်မှတ်ထုတ်ပေးမည် ဖြစ်သည်။

ယင်းကဲ့သို့ ထုတ်ပေးနိုင်ရန် သက်ဆိုင်ရာ ပညာရေးမှူးရုံးများမှ အကြံပြုချက်များကို အခြေခံပညာဦးစီးဌာနက တောင်းခံထားပြီး အကြံပြုချက်များအရ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူ များသည် ကျောင်းတက်ရောက်မှု ၇၅ ရာခိုင်နှုန်း၊ ကျောင်းတွင်း စာမေးပွဲဖြေဆိုမှု လေးကြိမ်၊ ဘာသာရပ်အလိုက် ပျမ်းမျှအဆင့် C ရရှိထားပါက အခြေခံပညာသင်ယူပြီးမြောက်မှု လက်မှတ်ထုတ်ပေးရန် အနိမ့်ဆုံး စံသတ်မှတ်မှုကြမ်းရရှိထားသည်။

READ - ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ဘာသာရပ် (၉) ခု အတွက် အချိန်ပိုင်းနည်းပြများ ခေါ်ယူ

"အခုထုတ်ပေးဖို့ အစီအစဉ်ရှိပေမယ့် ဒီနှစ်အတွင်း မပေးနိုင်ရင် လာမယ့်နှစ်မှာ ထုတ်ပေးမှာပါ။ ကျောင်းသား၊ ကျောင်းသူ တွေအနေနဲ့ သတ်မှတ်စံနှုန်းတော့ ပြည့်မီဖို့ လိုပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ပြင်ပရောက်ရှိသွားရင် ဒီအသိအမှတ်ပြု လက်မှတ်က တခြားလုပ်ငန်းတွေ ဝင်ရောက်လုပ်ကိုင်ရာမှာ အဆင်ပြေစေမှာပါ။ အားလုံးရဲ့  သဘောထား မှတ်ချက်တွေကို ရယူပြီး လက်မှတ်ထုတ်ပေးဖို့ ဆောင်ရွက်နေပါတယ်။

ကျောင်းပညာကို အပြည့်အဝသင်ကြားခဲ့ပြီး အသိအမှတ်ပြု လက်မှတ်မရှိတဲ့ ကျောင်းသား၊ ကျောင်းသူ တွေက နစ်နာပါတယ်" ဟု ပြောသည်။

ယင်းလက်မှတ်ထုတ်ပေးရန် အနိမ့်ဆုံး စံသတ်မှတ်ချက်များနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရေးစာတမ်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ပထမပတ်က ကျင်းပသော ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေးနှီးနှောပွဲတွင် ဖတ်ကြားခဲ့သည်။

ထို့ပြင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများသာ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် ရရှိထားသော်လည်း မအောင်မြင်သည့် ၇၀ ရာခိုင်နှုန်းသော ကျောင်းသား၊ ကျောင်းသူအများစုသည် ၁၁ နှစ်တာ ပညာသင်ယူခဲ့သော်လည်း အသိအမှတ်ပြု လက်မှတ်မရရှိသဖြင့် နစ်နာသည်ဟု အမျိုးသားပညာရေး ကော်မရှင် ခြောက်လတာလုပ်ငန်း အစီရင်ခံစာတွင် သုံးသပ်ဖော်ပြထားသည်။

READ - မဟာပညာရေးဘွဲ့ (အရည်အချင်းစစ်) M.Ed(Q) သင်တန်းဝင်ခွင့် စာမေးပွဲ လျှောက်လွှာခေါ်ယူခြင်း

source: မြဝတီ

News Read 1570 times