Sales Hotline : 09448001653       Download App



နွေရာသီ "အ"သုံးလုံး စာသင်ဝိုင်းများ ဖွင့်မည်

နွေရာသီ "အ"သုံးလုံး စာသင်ဝိုင်းများ ဖွင့်မည်

နွေရာသီ "အ"သုံးလုံး စာသင်ဝိုင်းများကို တိုင်းဒေသကြီးနှင့်ပြည်နယ် အချို့တွင် ဧပြီအတွင်း ဖွင့်လှစ်ရန် ပညာရေးဝန်ကြီးဌာနက စီစဉ်နေသည်။

အခြေခံအရေး၊ အဖတ်၊ အတွက် မတတ်မြောက်သည့် ဒေသခံများကို တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများက လုပ်အားပေး ဆရာ၊ ဆရာမများအဖြစ် သင်ကြားပေးမည် ဖြစ်သည်။

"အ"သုံးလုံး စာသင်ဝိုင်းများတွင် အခြေခံစာရေးနည်း၊ ဖတ်နည်းများကို သင်ပြနိုင်ရန် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအား ဧပြီလ ဆန်းတွင် တက္ကသိုလ်များ၌ နည်းပြသင်တန်းများ ပို့ချမည် ဖြစ်သည်။

"အခုက တက္ကသိုလ်ကျောင်းသားတွေလည်း စာမေးပွဲဖြေတဲ့ကာလပဲရှိသေးတယ်။ "အ" သုံးလုံးက တက္ကသိုလ်ကျောင်းသားလုပ်အားပေးတွေနဲ့ လုပ်မှာဆိုတော့ သူုတို့ အရင်သင်တန်းပေးမယ်။ ပြီးရင် အ သုံးလုံး စာသင်ဝိုင်းတွေ က ရက် ၄၀ ရက်လောက် ဖွင့်တယ်ဆိုတော့ စာသင်ဝိုင်းရှိတဲ့ ဒေသတွေကို သွားသင်ရမှာ" ဟုပြောသည်။

"အ"သုံးလုံး စာသင်ဝိုင်းများတွင် စာသင်ရက် ၄၀ အတွင်း တစ်ရက်လျှင် ပျမ်းမျှ သုံးနာရီနှုန်းဖြင့် နာရီပေါင်း ၁၂၀ ကြာ သင်ကြားပေးမည် ဖြစ်သည်။

အခြေခံစာစဉ်များဖြစ်သည့် မြန်မာစာနှင့် သင်္ချာကို လက်တွေ့သင်ကြားပေးမည် ဖြစ်သည်။

နွေရာသီ "အ"သုံးလုံး စာသင်ဝိုင်းများကို ၂၀၁၃ ခုနှစ်က ပြန်လည်စတင်ခဲ့ပြီး ၂၀၁၄ အထိ သင်ယူသူ ၇၀,၀၀၀ ခန့်ရှိခဲ့သည်ဟု အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်းတွင် ဖော်ပြထားသည်။

ဒီချုပ်အစိုးရ လက်ထက် ၂၀၁၆ အောက်တိုဘာတွင် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး ဦးစီးဌာနကို အသစ်တိုးချဲ့ဖွဲ့စည်းပြီး ကယားပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီးတို့တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

၂၀၁၈ နွေရာသီတွင် ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့၌ လည်း "အ"သုံးလုံး စာသင်ဝိုင်းများ တိုးချဲ့ဖွင့်လှစ်ခဲ့သည်။

၂၀၁၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ ၁၀ ဒသမ ၅ ရာခိုင်နှုန်းသည် စာမတတ်သူများ ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် နှိုင်းယှဉ်ရာတွင် ရှမ်းပြည်နယ်က စာတတ်မြောက်မှု နှုန်း အနိမ့်ဆုံးဖြစ်ပြီး ကရင်ပြည်က ဒုတိယ အနိမ့်ဆုံးနှင့် ချင်းပြည်နယ်က တတိယအနိမ့်ဆုံး ဖြစ်သည်။

source: 7day

News Read 2666 times