Sales Hotline : 09448001653       Download App



အဝေးသင် ပထမနှစ် ကျောင်းအပ်လက်ခံရက် နှစ်လထပ်တိုး

အဝေးသင် ပထမနှစ် ကျောင်းအပ်လက်ခံရက် နှစ်လထပ်တိုး

အဝေးသင်တက္ကသိုလ် ပထမနှစ်သင်တန်း များအတွက် ကျောင်းအပ်လက်ခံရက်ကို မတ်လကုန်အထိ နှစ်လထပ်တိုးမည်ဟု တက္ကသိုလ်များက ဖေဖော်ဝါရီ ၅ ရက်တွင် ကြေညာသည်။

ပထမနှစ် သင်တန်းများကို ဇန်န၀ါရီလကုန်အထိ ကျောင်းအပ်လက်ခံမည်ဟု သတ်မှတ်ခဲ့ရာမှ ကျောင်းဝင်မှတ်ပုံတင် ရမည့်သူများ ကျန်ရှိနေသေးခြင်း၊ အဝေးသင်တက္ကသိုလ် နောက်ဆက်တွဲ ၀င်ခွင့်ရ သူများကို တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေးအဖွဲ့ကလည်း ဆက်လက် ၀င်ခွင့်ပြုနေခြင်းကြောင့် ကျောင်းအပ်လက်ခံရက် ကို မတ်လ ၂၉ ရက်အထိ တိုးမြှင့် သတ်မှတ်ခဲ့သည်ဟု ကြေညာထား သည်။

‘‘ပြီးခဲ့တဲ့နှစ် ၁၀ တန်းအောင်ကလေးတွေထဲက တချို့က အဝေးသင်ပြန်ပြောင်းတာတို့၊ ဦးစားပေး မပြည့်စုံလို့ တခြားအသက် မွေးဝမ်းကျောင်း တက္ကသိုလ်လည်း ထပ်လျှောက်မရတော့ အဝေးသင်ပဲ လျှောက်တာတို့တွေ ရှိ တယ်။ မူလ၀င်ခွင့်ရ စာရင်းထဲမှာ လည်း ကျောင်းလာမအပ်တာတွေရှိသေးတယ်ဆိုတော့ နှစ်လတိုးဖို့ ကျောင်းတွေကို ညှိပေးတာပါ’’ဟု အဆင့်မြင့်ပညာ ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အဝေးသင်ဘာသာ ရပ်သင်တန်းများ ဖွင့်လှစ်မည့် တစ်နိုင်ငံလုံးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ၃၉ ခုသို့ ၀င်ခွင့်ရသူများစာရင်းကို သက်ဆိုင်ရာကျောင်း များတွင် ကြေညာထားပြီး ဘာသာရပ် တစ်ခုချင်း၏ ၀င်ခွင့်ရ အနိမ့်ဆုံး အမှတ်များသည် တက္ကသိုလ်တစ်ခုနှင့်တစ်ခု မတူညီပေ။

အရှေ့တိုင်းပညာ ဘာသာရပ်သည် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တိုင်းတွင် ၀င်ခွင့်ရအမှတ် အနိမ့်ဆုံးဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲရမှတ် စုစုပေါင်း၂၄၀ ကျော်ရသူများ ၀င်ခွင့်ရသည့် ဘာသာရပ် ဖြစ်သည်။

သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ အင်္ဂလိပ်စာ ဘာသာရပ်များသည် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တိုင်းတွင် အမှတ်အမြင့်ဆုံး ဘာသာရပ်များဖြစ်ပြီး အနိမ့်ဆုံးဝင်ခွင့်ရ အမှတ်များသည် ၃၂၀ မှတ်မှ ၃၆၀ ကျော် အထိ ဖြစ်သည်။

အဝေးသင်ပထမနှစ် ၀င်ခွင့်ရသူများသည် မှတ်ပုံတင်ကြေးကျပ် ၅၀၊ ကျောင်းဝင်ကြေး ကျပ်၅၀ ၊ သင်တန်းကြေး(တစ်နှစ်အ တွက်)ကျပ် ၁,၅၀၀၊ စာအုပ်ဖိုး (တစ်နှစ်အတွက်)နှင့် သင်ခန်းစာပို့ချချက် (DVD) များ ကျပ် ၁၅,၀၀၀၊ စာမေးပွဲဝင်ကြေးကျပ် ၁၀၀၊ သိပ္ပံဘာသာရပ်များအတွက် ဓာတ်ခွဲခန်းကြေး ကျပ် ၃၀၀ နှင့် အပတ်စဉ် လက်တွေ့သင်တန်းမှတ်ပုံတင်ကြေးကျပ် ၂၅၀ ပေးသွင်းကာ ကျောင်း အပ်နှံရမည် ဖြစ်သည်။

အဝေးသင်တက္ကသိုလ်များ၏ အတန်းတင် စာမေးပွဲများကို ပညာသင်နှစ်  တစ်နှစ်လျှင် တစ်ကြိမ်ကျင်းပသည်။

စာစဉ်တင်သွင်းထားပြီး သတ်မှတ်ရက်အ တွင်း စာမေးပွဲဝင်ခွင့်လျှောက်လွှာ တင်သွင်းပြီးမှသာ စာမေးပွဲ ၀င်ရောက်ဖြေဆိုခွင့်ပြုမည်ဟု အဝေးသင် တက္ကသိုလ်များက ကြေညာထားသည်။

ထို့ပြင် သိပ္ပံဘာသာရပ် အထူးပြုသင်တန်းများသည် သိပ္ပံလက်တွေ့သင်တန်းကို ၇၅ ရာခိုင်နှုန်း တက်ရောက်ပြီးမှသာ စာမေးပွဲ ဖြေဆိုခွင့်ရမည်ဖြစ် သည်။

source: 7day

News Read 2638 times