Sales Hotline : 09448001653       Download App



ဆရာဝန် လိုအပ်ချက်ဖြည့်တင်းနိုင်ရန် ပုဂ္ဂလိက ဆေးတက္ကသိုလ်တွေ ဖွင့်လှစ်မည်

ဆရာဝန် လိုအပ်ချက်ဖြည့်တင်းနိုင်ရန် ပုဂ္ဂလိက ဆေးတက္ကသိုလ်တွေ ဖွင့်လှစ်မည်

ပြည်တွင်းမှာ ဆရာဝန်လိုအပ်ချက် မြင့်မားမှုကြောင့် ပုဂ္ဂလိက ဆေးနှင့် ဆေးဘက်ဆိုင်ရာ တက္ကသိုလ်များ ဖွင့်လှစ်ပြီး ဆရာဝန်တွေ မွေးထုတ်မယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကုသရေး ဦးစီးဌာန၊ ပုဂ္ဂလိက ကျန်းမာရေးဌာနခွဲမှ ညွှန်ကြားရေးမှုး ဒေါက်တာ ကျော်စွာလွင်က ပြောလိုက်ပါတယ်။

ဒီဇင်ဘာ ၁၆ ရက်က ကျင်းပတဲ့ မြန်မာ့ ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုအားကောင်းလာစေရန် မည်သို့လုပ်ဆောင်နိုင်မည်လဲဆိုတဲ့ ခေါင်းစဉ်နဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ ပြောဆိုလိုက်တာပါ။

ကျန်းမာရေးစောင့်ရှောက်မှု နိမ့်ပါးနေတာဟာ လူ့စွမ်းအားအရင်းအမြစ်က အဓိက လိုအပ်ချက်ဖြစ်နေပြီး ပုဂ္ဂလိက ပညာရေးဥပဒေထွက်လာပြီးရင် ပုဂ္ဂလိက ဆေးတက္ကသိုလ်တွေ ဖွင့်လှစ်ဖို့ စီစဉ်မယ်လို့ ဒေါက်တာကျော်စွာလွင်က ပြောပါတယ်။

“ လောလောဆယ် အစိုးရ မွေးထုတ်တဲ့ သင်တန်းကျောင်းတွေက ဆရာဝန်တွေရှိတယ်။ အဲဒါအပြင် Private Sector ကမွေးထုတ်နိုင်ဖို့အတွက် Education Law ပြီးတာနဲ့ ပုဂ္ဂလိက သင်တန်းကျောင်း တွေ ကနေ မွေးထုတ်မယ်။ “ လို့ ဒေါက်တာကျော်စွာလွင်ကပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ဆရာဝန်တွေအများစုက ဆေးတက္ကသိုလ်တွေပြီးရင် ကိုယ်ပိုင်ဆေးခန်းတွေ ဖွင့်လှစ်ပြီး အထွေထွေရောဂါကု ဆရာဝန်အဖြစ်နဲ့သာ ရပ်တည်နေတာများလာမှုတွေကြောင့် အထူးကု ဆရာဝန်တွေ နည်းပါးလာတယ်ဆိုပြီးတော့ ဝါရင့် ဆရာဝန်ကြီးတွေက သုံးသပ်နေကြပါတယ်။

ဒါကြောင့် အထူးကုဆရာဝန်တွေ ပိုမိုမြင့်မားရေးအတွက် အထွေထွေရောဂါကုဆရာဝန်တွေကို ဆေးပညာသင်တန်းတွေ ထပ်မံသင်ကြားပေးနေကာ နောက်ပိုင်းမှာတော့ အထူးကုပညာရပ်တွေ တတ်မြောက် မှသာ လိုင်စင်ထုတ်ပေးဖို့ စီစဉ်မယ်လို့ ဒေါက်တာကျော်စွာလွင်က ထပ်မံပြောပါတယ်။

“နောက်ဆိုရင် လိုင်စင်ထုတ်ပေးတော့မယ်ဆိုရင် ဘယ်ပညာရပ်တွေ တတ်ထားရမယ်ဆိုပြီးတော့ သတ်မှတ်ပေးရင် ဆရာဝန်တွေက အဲဒီပညာရပ်တွေ မတတ်ထားရင် လိုင်စင်မထုတ်ပေးတော့ဘူး။ အဲဒါဆိုရင် ဆရာဝန်တွေရဲ့ အရည်အသွေးတွေတတ်လာမယ်။ အဲဒါဆိုရင် ပြည်သူတွေက ဆရာဝန်တွေကို ပိုပြီးတော့ ယုံကြည်လာမယ်” လို့ ဒေါက်တာကျော်စွာလွင်က ပြောပါတယ်။

WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့) ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ လူဦးရေတစ်သောင်းကို ဆရာဝန် ၆ ယောက်နှုန်းသာရှိနေပြီး ကုသရေးဦးစီးဌာနလက်အောက်မှာ ဆရာဝန် ဦးရေ ၈၀၀၀ ကျော်သာရှိနေပြီး အထူးကုဆရာဝန်ဦးရေက ၁၉ ရာခိုင်နှုန်းသာရှိနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန စာရင်းတွေအရ သိရပါတယ်။

source: Duwun

News Read 4494 times