Sales Hotline : 09448001653       Download App



ပညာရေးဘွဲ့စာပေးစာယူ (၂)နှစ် သင်တန်း (ပထမနှစ်) အတွက် လျှောက်လွှာခေါ်ခြင်း

ပညာရေးဘွဲ့စာပေးစာယူ (၂)နှစ် သင်တန်း (ပထမနှစ်) အတွက် လျှောက်လွှာခေါ်ခြင်း

ရန်ကုန်ပညာရေးတက္ကသိုလ် ၂၀၁၉-၂၀၂၀ပညာသင်နှစ် ပညာရေးဘွဲ့စာပေးစာယူ (၂)နှစ် သင်တန်း (ပထမနှစ်)အတွက် လျှောက်လွှာခေါ်ယူမည် ဖြစ်ပါသည်။

၂၀၁၉-၂၀၂၀ပညာသင်နှစ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ဖွင့်လှစ်မည့် ပညာရေးဘွဲ့စာပေး စာယူ (၂)နှစ်သင်တန်း (ပထမနှစ်)အတွက် အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီသူများလျှောက်ထားခွင့်ရှိသည် -

(၁) ဝင်ခွင့်စာမေးပွဲဖြေဆိုရန် လျှောက်ထားခွင့်ရှိသူများ

(က) အခြေခံပညာဦးစီးဌာနများနှင့် ပညာရေးသုတေသန စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန တို့အောက်ရှိ အခြေခံပညာကျောင်းများတွင် အထက်တန်းပြ၊ မူလတန်းကျောင်းအုပ်၊ အလယ်တန်းပြအဖြစ် တာဝန်ထမ်းဆောင်နေ သူများနှင့် အထက်တန်းပြ(သို့မဟုတ်) အလယ်တန်းပြ လစာနှုန်းတူ သင်ကြားရေးနှင့် သက်ဆိုင်သူများ၊ ပညာရေးကောလိပ်များတွင် နည်းပြ အဖြစ် တာဝန်ထမ်းဆောင်နေသူများ လျှောက်ထားခွင့်ရှိသည်။

(ခ) ပညာရေးကောလိပ် နည်းပြ၊ အထက်တန်းပြနှင့် လစာနှုန်းထားတူညီသည့် သင်ကြားရေးနှင့် သက်ဆိုင်သောဒု-ဦးစီးမှူးများ၊ ဒု-ကြီးကြပ်ရေးမှူးနှင့် PGDMAဘွဲ့ရ ကွန်ပျူတာလုပ်ဆောင် ရေးမှူး များသည် ၃၁-၁၂-၂၀၁၈ ရက်တွင် စုစုပေါင်းသင်ကြားရေး လုပ်သက်အနည်းဆုံး(၅) နှစ်ပြည့်ပြီးသူဖြစ်ရမည်။

(ဂ) အလယ်တန်းပြ (သို့မဟုတ်) မူလတန်းကျောင်းအုပ်များနှင့် လစာနှုန်းထားတူညီသည့် သင်ကြားရေးနှင့် သက်ဆိုင်သော ဒုလ/ထကြီးကြပ်ရေးမှူး၊ PGDMA ဘွဲ့ရ လ/ထကွန်ပျူတာ လုပ်ဆောင်ရေးမှူးများသည် ၃၁-၁၂-၂၀၁၈ရက်၌ စုစုပေါင်းသင်ကြားရေးလုပ်သက် အနည်းဆုံး (၅)နှစ်ပြည့်ပြီးသူဖြစ်ရမည်။

(ဃ) ဘွဲ့တစ်ခုခုရရှိပြီး ပညာရေးဘွဲ့ (B.Ed)မရရှိသေးသူဖြစ်ရမည်။

(င) အခြားသင်တန်းတစ်ခုခုသို့တက်ရောက်နေသူမဖြစ်စေရ။

(၂) လျှောက်လွှာတင်သွင်းခြင်း

(က) အထက်ပါသတ်မှတ်ချက်နှင့်ကိုက်ညီသူများသည် ဝင်ခွင့်စာမေးပွဲ လျှောက်လွှာပုံစံများကို တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးရုံးများတွင်ရယူပြီး သက်ဆိုင်ရာကျောင်းအုပ်ကြီး၏ ထောက်ခံချက်နှင့်အတူ မြို့နယ်ပညာရေးမှူးရုံးများသို့ ၂၆-၁၂-၂၀၁၈ရက် နောက်ဆုံး ထား၍ လျှောက်လွှာများတင်သွင်းရမည်။

(ခ) လျှောက်လွှာစတင်နိုင်သောရက် ၁၀-၁၂-၂၀၁၈ရက်

(ဂ) ပညာရေးကောလိပ်များမှ လျှောက်ထားသူများသည် သက်ဆိုင်ရာ ပညာရေးကောလိပ် ကျောင်းအုပ်ကြီး၏ ထောက်ခံချက်နှင့်အတူ ဦးစီးဌာန၏ ခွင့်ပြုချက်ရယူ၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ပညာရေး မှူးရုံးများသို့ ၂၆-၁၂-၂၀၁၈ ရက် နောက်ဆုံးထား၍ လျှောက်လွှာများ တင်သွင်းရမည်။

(၃) အထူးပြုဘာသာရပ် ရွေးချယ်လျှောက်ထားခြင်း

(က) ပညာရေးဘွဲ့ (B.Ed) စာပေးစာယူသင်တန်းသည် (၂)နှစ်သင်တန်းသာဖြစ်သဖြင့် ဘာသာရပ် ကျွမ်းကျင်မှု၊ သင်ပြနည်း ကျွမ်းကျင်မှု တို့အတွက် အထူးပြုဘာသာရပ်တစ်ခုတည်းကိုသာ ရွေးချယ်ဖြေဆို သင်ယူခွင့်ပြုမည် ဖြစ်သည်။

(ခ) လျှောက်ထားသူ၏ မူလဘွဲ့ ရဘာသာရပ်ကို သင်ယူလိုသည့် အထူးပြုဘာသာရပ်အဖြစ် လျှောက်ထားရန်ဖြစ်သည်။ မူလဘွဲ့ ရဘာသာရပ်နှင့် သင်ယူလိုသည့် အထူးပြုဘာသာရပ် ကိုက်ညီမှု မရှိပါက လျှောက်လွှာအား လက်ခံစဉ်းစားမည်မဟုတ်ပါ။

(ဂ) စိတ်ပညာ၊ ဒဿနိကဗေဒ၊ ဥပဒေပညာ၊ အရှေ့တိုင်းပညာစသည့် ဘာသာရပ်များဖြင့် ဘွဲ့ရရှိထားသူသည် အင်္ဂလိပ်စာ/မြန်မာစာ/ သင်္ချာ(သို့မဟုတ်)ဝိဇ္ဇာဘာသာရပ် တစ်ခုခုကို သင်ယူလိုသည့် အထူးပြုဘာသာရပ်အဖြစ် လျှောက်ထားရန်ဖြစ်သည်။

(ဃ) ဝင်ခွင့်စာမေးပွဲတွင် ဘာသာရပ်အလိုက် တက္ကသိုလ်ဝင်တန်းသင်ရိုးညွှန်းတမ်းနှင့် သက်ဆိုင်ရာအထူးပြုဘာသာရပ်၏ တက္ကသိုလ်ပညာသင်ရိုးညွှန်းတမ်းမှ ဘွဲ့ကြိုသင်တန်း ပထမနှစ်၊ ဒုတိယနှစ်သင်ရိုးအထိ လေ့လာရန် ဖြစ်ပြီး ဘာသာရပ်ကျွမ်းကျင်မှုကို (၃)နာရီ မေးခွန်းဖြင့် ရေးဖြေစစ်ဆေးမည်။

* ဝင်ခွင့်စာမေးပွဲဖြေဆိုရာတွင် မြန်မာစာဘာသာရပ် မှအပ ကျန်ဘာသာရပ်များကို အင်္ဂလိပ်ဘာသာဖြင့် ဖြေဆိုရမည်။ *

(၄) လုပ်သက်ကြီးစဉ်အုပ်စုဖြင့် တက်ရောက်နိုင်ရန် ဝင်ခွင့်စာမေးပွဲဖြေဆို လျှောက်ထားခွင့်ရှိသူများ

(က) ပညာရေး(B.Ed)ဘွဲ့မရသေးသော သင်ကြားရေးတာဝန်ထမ်းဆောင်နေသည့် အထက်တန်းပြများ၊ အလယ်တန်းပြများ၊ မူလတန်းကျောင်းအုပ်များဖြစ်ရမည်။

(ခ) လျှောက်ထားသူသည် အလယ်တန်းပြနှင့် အထက်ရာထူးတွင် ၃၁-၁၂-၂၀၁၈ရက်၌ လုပ်သက်အနည်း(၁၀)နှစ်ရှိရမည်။

(ဂ) ဝင်ခွင့်စာမေးပွဲ ဖြေဆိုအောင်မြင်မှသာ လုပ်သက်ကြီးစဉ် အုပ်စုအတွက် သင်တန်းသား ရွေးချယ်မည့်ဦးရေအချိုးအတိုင်းပညာရေးဘွဲ့ စာပေးစာယူသင်တန်း တက်ရောက်ခွင့်ရမည်။

(၅) ရွေးချယ်ရေးမှူးများ

(က)ဝင်ခွင့်စာမေးပွဲဖြေဆိုရန် လျှောက်ထားသူများအား တိုင်းဒေသကြီး/ပြည်နယ် ဆရာလိုအပ်ချက်နှင့် ဘာသာရပ်လိုအပ်ချက်တို့ပေါ်မူတည်၍ ဝင်ခွင့်စာမေးပွဲရမှတ်များ နည်းတန်းစီဇယားဖြင့် စိစစ်ရွေးချယ်မည်။

(ခ) လုပ်သက်ကြီးစဉ်အုပ်စုမှ ဝင်ခွင့်စာမေးပွဲဖြေဆိုရန် လျှောက်ထားသူများအား တိုင်းဒေသကြီး/ပြည်နယ် ဆရာလိုအပ်ချက်နှင့် ဘာသာရပ်လိုအပ်ချက်တို့အပေါ်မူတည်၍ ဝင်ခွင့် | စာမေးပွဲရမှတ်များ/နည်း တန်းစီဇယားအရ ဦးရေအချိုးအတိုင်း စိစစ်ရွေးချယ်မည်။

(၆) စာစစ်ဌာနများ။ အောက်ပါမြို့များတွင် စာစစ်ဌာနများ ဖွင့်လှစ်စစ်ဆေးသွားမည်ဖြစ်သည် -

(က) ဘားအံမြို့      (ည) သံတွဲမြို့

(ခ) ထားဝယ်မြို့     (ဋ) မြောက်ဦးမြို့

(ဂ) မြိတ်မြို့           (ဌ) ပုသိမ်မြို့

(ဃ) ပဲခူးမြို့           (ဍ) ဟင်္သာတမြို့

(င) တောင်ငူမြို့      (ဎ) ဖျာပုံမြို့

(စ) ပြည်မြို့            (ဏ) မြောင်းမြမြို့

(ဆ) မော်လမြိုင်မြို့  (တ) လပွတ္တာမြို့

(ဇ) စစ်တွေမြို့         (ထ) မအူပင်

(ဈ) ကျောက်ဖြူမြို့   (ဒ) ရန်ကုန်မြို့

(၇) ဝင်ခွင့်စာမေးပွဲ စစ်ဆေးမည့်အစီအစဉ်

(က) နေ့ရက် -၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ ၂၇ရက် (တနင်္ဂနွေနေ့)

(ခ) အချိန် -နံနက် ၉ နာရီမှ ၁၂ နာရီအထိ

(၈) အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဌာနမှူး (သင်တန်းရေးရာဌာန) ၀၉-၉၇၉၆၀ ၂၉၀၇၊ ၀၁-၅၂၆၉၃၇၊ ဌာနခွဲမှူး (ပညာရေးဘွဲ့စာပေးစာယူသင်တန်းဌာန)၊ တယ်လီဖုန်းအမှတ် ၀၉-၇၉၅၄၁၁၀၂၂၊ ၀၁-၅၃၄၃၄၀)တို့တွင် စုံစမ်းနိုင်ပါသည်။

source: ရန်ကုန်ပညာရေးတက္ကသိုလ်

News Read 4661 times