Sales Hotline : 09448001653       Download App



တက္ကသိုလ် တက်ကြတော့မယ်ဆို ....

တက္ကသိုလ် တက်ကြတော့မယ်ဆို ....

၁။ အလုပ်တစ်ခုခုရမယ်လို့ မျှော်လင့်ချက်နဲ့ တက္ကသိုလ်လာမတက်ပါနဲ့။ အလုပ်ရချင်ရင် သက်မွေးမှုကျောင်းတွေတက်ပါ။ သက်မွေးမှုသင်တန်းတွေ တက်ပါ။

၂။ အခြေခံပညာကျောင်းသား ဘ၀တုန်းကလို ခရေစေ့တွင်းကျ သင်ပေးလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့လည်း တက္ကသိုလ်ကို မလာပါနဲ့။ တက္ကသိုလ်က Self-study Base ဖြစ်ပါတယ်။ သင်ပေး ဖို့ထက် လမ်းညွှန်ပြသမှုကို အခြေခံပါတယ်။

၃။ ဆယ်တန်းအောင်ဖို့ကြိုးစား၊ တက္ကသိုလ်ရောက်ရင် အေးဆေးပဲဆိုတဲ့ စကားတွေ နားယောင်ပြီး တက္ကသိုလ်ကိုမလာပါနဲ့။ တက္ကသိုလ်မှာလည်း တက္ကသိုလ်ကျောင်းသား ပီသဖို့ဆို ပင်ပန်းပါတယ်။ အားထုတ်ရပါတယ်။

၎။ ငါ့ကိုငါ ကောင်းစွာထိန်းသိမ်းမယ်။ ငါ့လွတ်လပ်ခွင့်နဲ့ငါ ထိုက်တန်အောင်နေမယ်ဆိုတဲ့စိတ်နဲ့ တက္ကသိုလ်ကိုလာခဲ့ပါ။ တက္ကသိုလ်မှာ ဘယ်သူကမှ မင့်ကို ကလေးထိန်းသလို ထိန်းနေမှာမဟုတ်ပါ။ မင်းကိုယ်တိုင်က ချဉ်းကပ်နေတတ်မယ်၊ ခံယူနေတတ်မယ်ဆိုရင်တော့ ညွှန်ပြဆုံးမမယ့်သူတွေရှိပါတယ်။

၅။ မေဂျာကြွားချင်တဲ့စိတ်၊ အမှတ်ကြွားချင်တဲ့စိတ်၊ ကျောင်းကြွားချင်တဲ့စိတ်နဲ့ တက္ကသိုလ်ကို မရွေးချယ်ပါနဲ့။ အထူးပြုမေဂျာကို မရွေးချယ်ပါနဲ့။ ၀ါသနာပါလား မပါလား စဉ်းစားပါ။ တက္ကသိုလ်မှာ ဘယ်မေဂျာက ဘယ်မေဂျာထက်သာတယ်လို့ ပြောနေ၊ တွေးနေ၊ ထင်နေကြသူတွေဟာ ပညာရဲ့သဘော၊ တက္ကသိုလ်ရဲ့သဘောကိုကောင်းကောင်းနားမလည်ကြသူများသာဖြစ်ပါတယ်။

ဘယ်မေဂျာပဲယူယူ အတွေးကိုလမ်းဖွင့်ပေးနိုင်တယ်၊ စဉ်းစားဥာဏ်ကို လှုံ့ဆော်ပေးနိုင်တယ်၊ အပေါင်းအသင်းမိတ်ဆွေကောင်းရတယ်၊ မိမိကိုယ်ကိုယ် ရင့်ကျတ်ခွင့်ရခဲ့တယ်ဆို အဲဒီမေဂျာက သင်နဲ့အထိုက်တန်ဆုံးပါ။ မိသားစုစိတ်နဲ့ နွေးထွေးမှုရှိတဲ့ ဌာနတွေမှာ တက္ကသိုလ်ကျောင်းသားဘ၀ ဖြတ်သန်းရရင် သင်ကုသိုလ်ကံကောင်းသူဖြစ်ပါတယ်။

၆။ လက်ရှိတက္ကသိုလ်တွေအနေအထားက မကောင်းမင့်အိမ်၊ ကောင်းမင့်အိမ်၊ မင့်အိမ်ပျက်ပြိုအမိုးယိုသော် မငြိုသင့်ပါ မင်းတက်ဖာပေါ့ဆိုတဲ့ အခြေအနေဖြစ်ပါတယ်။

ရေကန်အသင့်ကြာအသင့်နေရမယ်၊ ပြီးပြည့်စုံမယ်လို့ မျှော်လင့်လာရင် သင်စိတ်ဓာတ်ကျပြီး ဘေးရောက်သွားပါလိမ့်မယ်။ တက္ကသိုလ်ကိုလာခဲ့ပါ။ နိုင်သလောက် တည်ဆောက်ပါ။ လက်တွဲ  ဖြတ်သန်းပါ။ ကိုယ်တိုင်ရွှေ့မှ ရွေ့မယ့်ကားအိုလို့သဘောထားပြီးလာရင် သင်စိတ်အပင်ပန်းသက်သာမှာပါ။

၇။ တခြားတက္ကသိုလ်တွေတော့မသိဘူး။ တို့တက္ကသိုလ်မှာ အာမခံနိုင်တာကတော့ စာကြည့်တိုက်ကောင်းပါတယ်။ စာကြည့်တိုက်ဝန်ထမ်းများက ကူညီတတ်ပါတယ်။ ရှာဖွေပါ။ လေ့လာပါ။ စာကြည့်တိုက်ကို သွေးကျောက်လိုသဘောထားပြီး ကိုယ့်ကိုယ်ကိုယ်နာနာသွေးပါ။ ဖတ်ရမယ့်စာအုပ် လမ်းညွှန်နိုင်ပါတယ်။ ဖတ်ချင်စိတ်ကို သင့်ဘာသာမွေးယူပါ။

၈။ တက္ကသိုလ်ရပ်ဝန်းဟာ သင်တန်းကျောင်းကနေ စစ်မြေပြင်သွားဖို့ သင့်ကိုယ်သင် ပြုစုတည်ဆောက်ရာဝန်းကျင် ဖြစ်ပါတယ်။ ဆယ်တန်းအောင်တာနဲ့ ဘာမှမဖြည့်ဘဲ လူကြီးတန်းလုပ်နေကြတဲ့ စိတ်ကြီးဝင်နေကြတဲ့ ကလေးတွေ တွေ့နေရပါတယ်။

တက္ကသိုလ်သည် အခြောက်တိုက်စိတ်ကြီးဝင်ပြီး မိဘပိုက်ဆံတောင်းသုံးလို့ကောင်းရုံဖြတ်သန်းရမယ့်နေရာမဟုတ်ပါ။ အပန်းဖြေအနားယူစရာ ကမ်းခြေမဟုတ်ပါ။ တက္ကသိုလ် လေးနှစ်တာကာလ မိတ်ဆွေရှာရင် မိတ်ဆွေရင်းတွေရပါမယ်။ ပညာရှာရင် ပညာရပါမယ်။ တခြားဟာတွေ ရှာသွားရင်လည်း တခြားဟာတွေ ရမှာပါ။ ဒီတော့ သင်တန်းကျောင်းမှာ တန်ဖိုးရှိအောင် သွေးသွားမယ်ဆို တဲ့စိတ်နဲ့ လာစေချင်ပါတယ်။

၉။ လက်ရှိ တက္ကသိုလ်တွေ အခြေအနေကို ငါတို့လည်း ကျေနပ်မှုမရှိပါ။ မင်းတို့လည်း ကျေနပ်မှုအပြည့်ရကြမယ်မဟုတ်ပါ။ သို့သော် ခေတ်စနစ်ဆိုတာ ဖြတ်သန်းကြရစမြဲဖြစ်ပါတယ်။

မဖြတ်သန်းချင်လို့ အသက်ဓာတ်ကို ခေတ္တ Pause လုပ်ထားလို့မရ။ သည်တော့ အဆင်မပြေတာတွေအတွက် စောစောက ကြိုပြောထားသလို နိုင်သလောက် ပြုပြင်ရင်း၊ စုစည်းညီညွတ်မှု နဲ့တောင်းဆိုတွန်းပို့ရင်း၊ ငါတို့ဖြတ်သန်းခဲ့ကြသည်ဆိုတဲ့ စိတ်နဲ့ အတူတူ ဖြတ်သန်းကြမယ်ဆို လာခဲ့ပါ။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: တင်မိုး

Tips Read 5002 times