Sales Hotline : 09448001653       Download App



ဝင်ခွင့်ရ တက္ကသိုလ်များ၌ ယခုလ ၁၅ ရက်မှစ၍ ကျောင်းအပ် လက်ခံမည်

ဝင်ခွင့်ရ တက္ကသိုလ်များ၌ ယခုလ ၁၅ ရက်မှစ၍ ကျောင်းအပ် လက်ခံမည်

၂ဝ၁၈ ခုနှစ်  တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများကို ဝင်ခွင့်ရတက္ကသိုလ်များ၌ ယခုလ ၁၅ ရက်မှစ၍ ကျောင်းအပ်လက်ခံမည်ဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းထံမှ  သိရသည်။

''ဒီဇင်ဘာ ၃ ရက်မှာ ကျောင်းစဖွင့်မယ်ဆိုတော့ ကျောင်းဖွင့်တဲ့ရက်မှာ ကျောင်းအပ်လက်ခံနေရင် စာသင်ချိန်ပျက်မှာစိုးတဲ့အတွက် ကြိုတင်ပြီး ကျောင်းအပ်ဖို့ စီစဉ်တာပါ။  နိုဝင်ဘာ ၁၅ ရက်ကစပြီး ကျောင်းအပ်တာတွေ အကုန်လက်ခံမယ်။ ဒီဇင်ဘာ ၂၁  ရက် နောက်ဆုံးထားပြီး ပြောင်းရွှေ့ဖို့ ကျောင်းတွေအားလုံးကို အကြောင်းကြားထားပါတယ်။ ဒီဇင်ဘာ ၂၁ ရက်နောက်ပိုင်းဆိုရင် ကျောင်းပြောင်းတာ  လက်မခံတော့ပါဘူး''  ဟု ဒေါက်တာအောင်အောင်မင်း ကပြောသည်။

ကျောင်းအပြောင်းအရွှေ့ လျှောက်ထားခြင်း၊ ခွင့်ပြုခြင်း၊ ကျောင်းအပြောင်းအရွှေ့ အပ်နှံခြင်းများကို  ဒီဇင်ဘာ  ၂၁  ရက် နောက်ဆုံးထား ဆောင်ရွက်ရမည်ဖြစ်ပြီး တက္ကသိုလ်တစ်ခုမှတစ်ခုသို့ တက်ရောက်လိုသူများသည် ပြောင်းရွှေ့ လိုသော တက္ကသိုလ်၏ အနိမ့်ဆုံးဝင်ခွင့်ပြုသည့် အမှတ်နှင့် ဝင်ခွင့်သတ်မှတ်ချက်များ ပြည့်မီရမည်ဖြစ်ကာ ပြောင်းရွှေ့လိုသော တက္ကသိုလ်က လက်ခံမှသာ ပြောင်းရွှေ့ခွင့်ရမည်ဖြစ်သည်။

မိဘများသည် နိုင်ငံ့ဝန်ထမ်းဖြစ်၍ တာဝန်အရ ပြောင်းရွှေ့ရသောကြောင့် ကျောင်းသား၊ကျောင်းသူများအနေဖြင့် ပြောင်းရွှေ့ပညာ သင်ကြားလိုလျှင် ပထမဝင်ခွင့်ရထားသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၌ ပထမအရစ်ကျ သင်တန်းကြေးများ ပေးသွင်းမှတ်ပုံတင်ခြင်း မပြုဘဲ မိဘများ အလုပ်တာဝန်ပြောင်းရွှေ့ရသည့် တရားဝင် ရုံးအမိန့်စာဖြင့် ပြောင်းရွှေ့မည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တို့သို့ တိုက်ရိုက်လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။ 

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: မြ၀တီ

News Read 4378 times