Sales Hotline : 09448001653       Download App



ယဉ်ကျေးမှုတက္ကသိုလ် မဟာဝိဇ္ဇာဘွဲ့ သင်တန်းဝင်ခွင့် နိုဝင်ဘာ ၁ ရက်တွင် စတင်လက်ခံမည်

ယဉ်ကျေးမှုတက္ကသိုလ် မဟာဝိဇ္ဇာဘွဲ့ သင်တန်းဝင်ခွင့် နိုဝင်ဘာ ၁ ရက်တွင် စတင်လက်ခံမည်

ရန်ကုန်နှင့် မန္တလေးမြို့ရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များ၌ ၂၀၁၈-၁၉ ပညာသင်နှစ်တွင် မဟာဝိဇ္ဇာဘွဲ့သင်တန်းများ တက်ရောက်လိုသူ များအား နိုဝင်ဘာ ၁ ရက်မှ ၁၃ ရက်အထိ ၀င်ခွင့်လျှောက် ထားခွင့်ပြုမည်ဟု ထိုတက္ကသိုလ်များက အောက်တိုဘာ နောက်ဆုံးပတ်က ကြေညာထားသည်။

ရန်ကုန်ရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် တွင် ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့် ပြဇာတ်ပညာဟူသည့် အထူးပြုဘာသာရပ် ငါးခုကို မဟာဝိဇ္ဇာဘွဲ့သင်တန်း ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး မန္တလေးရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တွင် ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု မဟာဝိဇ္ဇာဘွဲ့သင်တန်း လေးခု ဖွင့်လှစ်မည်ဖြစ်သည်။ သင်တန်းကာလ ၂ နှစ်ကြာမြင့် မည်ဖြစ်သည်။

‘‘မဟာဝိဇ္ဇာဘွဲ့သင်တန်း တွေက မနှစ်က စတာပေါ့။ အခု ဒုတိယအသုတ် အနေနဲ့ မဟာဝိဇ္ဇာ ၀င်ခွင့်တွေ ခေါ်ထားတာ။ အင်္ဂလိပ်စာရယ်၊ ကိုယ်တက်မယ့် အနုပညာ ဘာသာရပ်ရယ်ကို ရေးဖြေစစ်မယ်။ ပြီးရင် လူတွေ့ရှိပါမယ်’’ဟု အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) သင်တန်းရေးရာဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၏ မဟာဝိဇ္ဇာဘွဲ့သင်တန်းဝင်ခွင့်ကို ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု အထူးပြုဘာသာရပ်ဖြင့် ၂၀၀၇ မှ ၂၀၁၈အထိ ၀ိဇ္ဇာဘွဲ့၊ ၀ိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့နှင့် ၂၀၁၁ မှ ၂၀၁၇ အထိ ဘွဲ့လွန်အနုပညာ ဒီပလိုမာ ရရှိသူများအနက် မဟာဝိဇ္ဇာသင်တန်း တက်ရောက်ရန် အဆင့်မီသူများ လျှောက်ထားနိုင်သည်။  

ရုပ်ရှင်နှင့် ပြဇာတ် အထူးပြုဘာသာရပ်ဖြင့် ၂၀၁၅ မှ ၂၀၁၈ အထိ ဝိဇ္ဇာဘွဲ့၊ဝိဇ္ဇာ(ဂုဏ်ထူး) ဘွဲ့ရရှိသူများအနက် မဟာဝိဇ္ဇာဘွဲ့သင်တန်း တက်ရောက်ရန် အဆင့်မီသူများ လျှောက်ထားနိုင်မည် ဖြစ်သည်။

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ၏ မဟာဝိဇ္ဇာဘွဲ့သင်တန်းဝင်ခွင့်ကို ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု အထူးပြုဘာသာရပ်ဖြင့် ၂၀၀၄-၂၀၀၅ ပညာသင်နှစ်ကစတင်၍ ၂၀၁၇-၁၈ ပညာသင်နှစ်အထိ ၀ိဇ္ဇာဘွဲ့၊ ၀ိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့နှင့် ဘွဲ့လွန်အနုပညာ ဒီပလိုမာရရှိသူများအနက် မဟာဝိဇ္ဇာသင်တန်းတက်ရောက်ရန် အဆင့်မီသူများ လျှောက်ထားနိုင်သည်။  

ရေးဖြေစာမေးပွဲကို နိုဝင်ဘာ ၁၅ ရက်၊ နှုတ်ဖြေကို နိုဝင်ဘာ၁၆ ရက်တွင် စစ်ဆေးပြီး နိုဝင်ဘာ ၁၉ ရက်၌ ကျောင်းစတင်ဖွင့်လှစ်မည် ဖြစ်သည်။

မဟာဝိဇ္ဇာဘွဲ့ သင်တန်းများအတွက် အမျိုးသားယဉ်ကျေးမှု နှင့် အနုပညာတက္ကသိုလ် တစ်ခုစီ တွင် အထူးပြုဘာသာရပ်တစ်ခု လျှင် သင်တန်းသား ၂၅ ဦးနှုန်းလက်ခံမည်ဖြစ်ပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ ပြင်ပပညာရှင်များက သင်တန်းပို့ချ မည် ဖြစ်သည်။

အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်များ၌ မဟာဝိဇ္ဇာတန်းများကို ၂၀၁၇-၁၈ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ပြီး အနုပညာနှင့်ပတ်သက်၍ အ ဆင့်မြင့်ပညာရပ်များ ပိုမိုသင် ကြားနိုင်စေရေး၊ ပိုမိုထူးချွန်သော အနုပညာရှင်များ ပေါ်ထွန်းရေးအ တွက် သုတေသနနှင့် လေ့ကျင့်ပျိုးထောင်ရေးလုပ်ငန်းများ ပိုမို ဆောင်ရွက်နိုင်စေရေး၊ တက္က သိုလ်ကျောင်းဆင်းများအား နိုင်ငံတကာသို့ ProfessionalCareer ရောက်ရှိစေရေး ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ထိုတက္ကသိုလ်များက ကြေညာ ထားသည်။

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ကို ၁၉၉၃ တွင် ဖွင့်လှစ်ကာ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)ကို ၂၀၀၁ ၌ စတင်ဖွင့်လှစ်ခဲ့ပြီး တစ်နှစ်လျှင် ကျောင်းသား၊ ကျောင်းသူ၁,၀၀၀ ကျော်လက်ခံသင်ကြားနေသည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: 7day

News Read 2070 times