Sales Hotline : 09448001653       Download App



အဝေးသင်တက်သည့် ဆရာ၊ ဆရာမများကို လစာမဖြတ်ရန် ညွှန်ကြား

အဝေးသင်တက်သည့် ဆရာ၊ ဆရာမများကို လစာမဖြတ်ရန် ညွှန်ကြား

အခြေခံပညာဦးစီးဌာနအောက်ရှိ ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်း အားလုံး အဝေးသင်တက္ကသိုလ် တက်ရောက်ရာတွင် တာဝန်ချိန်အဖြစ် တရားဝင် မသတ်မှတ်သေးသော်လည်း လစာမဖြတ်ရန် မြို့နယ် ပညာရေးမှူးများကို ညွှန်ကြားထားကြောင်း အခြေခံပညာဦးစီးဌာနထံမှ သိရသည်။

ယင်းဌာန ညွန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက “လစာဖြတ်ဖို့အတွက် ခွင့်ပြုမထားဘူး။ မြို့နယ်ပညာရေးမှူးတွေကို ပြောထားပြီးပြီ။ နောက်ပိုင်းကျရင် တာဝန်ချိန်အဖြစ် သတ်မှတ်ပေးဖို့ ဝန်ကြီးဌာနကိုတင်ပြပြီး ဆောင်ရွက်ဖို့ရှိတယ်။ လောလောဆယ်တော့ လစာမဖြတ်ခံရဖို့က အရေးကြီးတယ်”ဟု ပြောကြားသည်။

ယခင်နှစ်များက ဆရာ၊ ဆရာမများအနေနှင့် သက်ဆိုင်ရာ ကျောင်းအုပ်နှင့် မြို့နယ်ပညာရေးမှူးတို့၏ နားလည်မှုအရ ပေးသည့်ခွင့်နှင့်သာ အဝေးသင်တက္ကသိုလ် တက်ရောက်ရခြင်းဖြစ်ပြီး နားလည်မှုမရပါက ကျောင်းတက်ချိန်ကို လစာမဲ့ခွင့်အနေနှင့် တက်ရောက်ရကြောင်း ဦးကိုလေးဝင်းက ရှင်းပြသည်။

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေအရ ပညာဆိုင်ရာသင်တန်းများဖြစ်သော PPTT (လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ် ပညာသင်တန်း)၊ PGDMA (မာလ်တီ မီဒီယာအတတ်ပညာ ဘွဲ့လွန်ဒီပလိုမာ)၊ B.Ed(ပညာရေးဘွဲ့သင်တန်း)၊ M.Ed (ပညာရေးမဟာဘွဲ့)၊ Ph.D (ပါရဂူဘွဲ့) သင်တန်းများတက်ချိန်ကိုမူ လစာပြည့်ဖြင့် တာဝန်ချိန်အဖြစ် သတ်မှတ်ပေးထားခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်မှ အလယ်တန်းပြ ဦးမျိုးမင်းနိုင်က “ကျွန်တော်တို့တုန်းက အဝေးသင်တက်ပြီဆိုရင် ကျွန်တော်တို့ဘက်မှာ နားလည်မှုနဲ့ ခွင့်ရပါတယ်။ ၁၇ ရက်ပေးတယ်။ တခြားနယ်ဘက်မှာဆိုရင် ၁၇ ရက်ထက်ကျော်တဲ့ရက်တွေကို လစာဖြတ်တယ်။ ဒီနှစ် တရားဝင်ပေးမယ်ဆိုတော့ ပညာရေးကောလိပ်ဆင်း ဆရာ၊ ဆရာမတွေအတွက် ပိုပြီးကောင်းသွားတာပေါ့”ဟု ပြောသည်။

အဝေးသင် တက္ကသိုလ်တက်ရောက်သည့် ရုံးဝန်ထမ်းအပါအဝင် ဆရာ၊ ဆရာမဦးရေသည် နှစ်စဉ် ရှစ်ထောင်နှင့် တစ်သောင်းကြားရှိကြောင်း အခြေခံပညာဦးစီးဌာနထံမှ သိရသည်။

ဝိဇ္ဇာအထူးပြု အဝေးသင်စာမေးပွဲ ဖြေဆိုမည့်သူများအတွက် ဒုတိယအသုတ် အနီးကပ်သင်တန်းများကို အောက်တိုဘာလ ၁၂ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကာ တတိယအသုတ် အနီးကပ်သင်တန်းများကို နိုဝင်ဘာလ ၅ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း အဝေးသင်တက္ကသိုလ်များက ကြေညာထားသည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: The Voice

News Read 2181 times