Sales Hotline : 09448001653       Download App



သုတရတနာသိုက် စွယ်စုံကျမ်းများကို အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် ထားရှိမည်

သုတရတနာသိုက် စွယ်စုံကျမ်းများကို အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် ထားရှိမည်

ပညာရေးဝန်ကြီးဌာန၊ တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနက ထုတ်ဝေသည့် သုတရတနာသိုက် စွယ်စုံကျမ်း ၁၀ တွဲနှင့် တက္ကသိုလ်ပညာ ပဒေသာစာစောင် စာပေဆောင်းပါးများ စာအုပ်ကိုအခြေခံပညာ ကျောင်းများနှင့် တက္ကသိုလ်များ တွင်ထားရှိမည် ဖြစ်သည်။

ထိုစာအုပ်များ မိတ်ဆက်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၅ ရက်က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ကျင်းပခဲ့သည်။

စာရေးဆရာကြီး မင်းသု ၀ဏ် တည်ထောင်ခဲ့သည့် တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနမှ တာဝန်ရှိသူများက ထိုစာအုပ်များ ထုတ်ဝေပေးနိုင် သဖြင့် ဖခင်သက်ရှိထင်ရှားရှိနေပါက ၀မ်းသာမည်ဖြစ်ကြောင်း မင်းသုဝဏ်၏ သားဖြစ်သူ သမ္မတဟောင်း ဦးထင်ကျော်က ထိုအခမ်းအနားတွင် ၀မ်းသာစကားပြော ကြားသည်။

ကလေးသူငယ်များအတွက် သုတဆိုင်ရာ မိတ်ဆက်ရေးသား ထားသည့် အင်းဆက်ပိုးများ၊ ဝါသနာပါရာ အပန်းဖြေစရာ၊ ကမ္ဘာဦးသက်ရှိများ၊ တိရစ္ဆာန်များ၊ သင်္ချာ၊ ရေအောက်သက်ရှိများ၊ အပင်များ၊ ပို့ဆောင်ရေး ယာဉ်များ၊ အီလက်ထရွန်နစ်နှင့် စွမ်းအင်၊ ယူနီဗာ့စ်နှင့် ရာသီဥတုစ သည့် ခေါင်းစဉ်များဖြင့် သုတရတနာသိုက် စွယ်စုံကျမ်း ၁၀ တွဲကို တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနက စက်တင်ဘာတွင် အုပ်ရေ ၅,၀၀၀ စီ ထုတ်ဝေထားသည်။

ထို့ပြင် ၁၉၆၆ မှ ၁၉၈၄ အထိ တက္ကသိုလ်ပညာ ပဒေသာ စာစောင်ပါ မြန်မာ ဘာသာရပ်ဆိုင်ရာ ဆောင်းပါးများကိုလည်း တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေး ဌာနက စုစည်းကာ အုပ်ရေ ၅,၀၀၀ ထုတ်ဝေထားသည်။ 

‘‘ကျောင်းစာကြည့်တိုက်တွေမှာ ဒီစာအုပ်တွေကို ဖြည့်ပေးမှာပါ။ လောလောဆယ် အစဖြစ်တဲ့အတွက် အုပ်ရေ ၅,၀၀၀ ရိုက်ထား တယ်။ ကျောင်းတချို့ကို စဖြန့်မယ်။ ကျောင်းပေါင်းက ၄၇,၀၀၅ ကျောင်းရှိတဲ့အတွက် ကျန်တဲ့ကျောင်းတွေကို ဆက်ပြီးတော့ ဖြည့်ဆည်းသွားရမှာပါ’’ဟု ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောသည်။

တက္ကသိုလ်၊ ဒီဂရီကောလိပ် စာကြည့်တိုက်များအတွက် စောင်ရေ ၂,၀၀၀ ခန့်၊ အခြေခံပညာကျောင်း စာကြည့်တိုက်များအတွက် ပထမအသုတ် အနေဖြင့်စောင်ရေ ၃,၀၀၀  ဖြည့်ဆည်းပေးရန် လျာထားသည်ဟု ၎င်းကဆို သည်။ သုတရတနာသိုက် စွယ်စုံကျမ်းများကို တက္ကသိုလ်ဘာသာ ပြန်နှင့် စာအုပ်ထုတ်ဝေရေး ဌာနက ၁၉၈၄ တွင် စတင်ထုတ်ဝေခဲ့ပြီးခေတ်နှင့် လျော်ညီအောင် ၂၀၁၈ ၌ တတိယအကြိမ် ပြန်လည်ထုတ်ဝေခဲ့သည်။

တက္ကသိုလ်ပညာပဒေသာ စာစောင်ကို ၁၉၆၆ တွင် စတင်ထုတ်ဝေခဲ့ပြီး တက္ကသိုလ်ပညာရပ် များကို မြန်မာဘာသာဖြင့် သင်ကြားရာတွင် အထောက်အကူဖြစ်စေရန် ၀ိဇ္ဇာ၊ သိပ္ပံပညာရပ်အသီးသီးနှင့် သက်ဆိုင် သော ဆောင်းပါးများ၊ သုတေသနစာတမ်းများကို ထည့်သွင်းခဲ့သည်။ ၁၉၈၄ တွင် ထိုစာစောင် ထုတ်ဝေမှုကိုရပ်ဆိုင်းထားခဲ့သည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: 7day

News Read 3732 times