Sales Hotline : 09448001653       Download App



ပညာရေးကောလိပ်ဆင်းများ အဝေးသင်ဒုတိယနှစ်မှ စတက်ခွင့်ပြုမည်

ပညာရေးကောလိပ်ဆင်းများ အဝေးသင်ဒုတိယနှစ်မှ စတက်ခွင့်ပြုမည်

ပညာရေးကောလိပ်ဆင်း မူ/လယ်ပြ ဆရာ၊ ဆရာမများအနေနှင့်အဝေးသင် တက္ကသိုလ်ဆက်တက်လျှင် ၂၀၁၉ ခုနှစ်မှ စပြီး ဒုတိယနှစ်မှစတက်ခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးအေးမြင့်က  ပြောကြားသည်။

ပညာရေးကောလိပ်ဆင်းပြီး ပညာရေး ဒီပလိုမာရရှိထားသူများအနေနှင့် စာပေဘာသာရပ်များ ဆက်လက်သင်ယူရာတွင် အဝေးသင်တတိယနှစ်မှ စတက်ခွင့်ပြုရန်နှင့် ဆရာအတတ်ပညာ သင်ယူခွင့်ဆိုင်ရာ နစ်နာမှုများကို ညှိနှိုင်းဖြေရှင်းပေးရေး ပညာရေးကောလိပ်ကျောင်းသားများက မြို့ အများအပြားတွင် ဆန္ဒပြလျက်ရှိသည်။

ကျောင်းသားများဆန္ဒပြ၍ စက်တင်ဘာ ၁၆ ရက်က ပညာရေးဝန်ကြီး၊ အဆင့်မြင့်ပညာ ညွန်ကြားရေးမှူးချုပ်၊ ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်များ၊ အဝေးသင် ပါမောက္ခချုပ်များနှင့် ပညာရေးကောလိပ် ကျောင်းအုပ်များ ရန်ကုန်တက္ကသိုလ်တွင် တွေ့ဆုံညှိနှိုင်းရာ ထိုသို့သဘောတူခဲ့ခြင်းဖြစ်သည်။

သို့သော် ဆွေးနွေးသဘောတူရာတွင် ဆန္ဒပြကျောင်းသားများမပါဝင်ပေ။

ဆွေးနွေးရာတွင်ပါဝင်သူ ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးအေးမြင့်က “တတိယ နှစ်ကစလိုက်ရင် သူတို့ (ကောလိပ်ဆင်း) တွေကျမှာ။ ဒီတော့ ပထမနှစ်က သင်ရိုးတူတဲ့အတွက် ဒုတိယနှစ်က စတက်ခွင့်ပြုနိုင်တယ်လို့ ဒီနေ့သင်ရိုးလေ့လာသူတွေက သုံးသပ်ကြတယ်။ ပြောချင်တာ ဘာမှမနစ်နာဘူး။ သူတို့က ဒီပလိုမာ တစ်ခုရပြီးပါပြီ။  အလုပ်လည်းရပြီးပါပြီ”ဟု ပြောကြားသည်။

ကောလိပ်ဆင်းများ ဆရာအတတ်ပညာ ဆက်သင်လိုပါက အကန့်အသတ်များ လျှော့ပေး၍ ဆက်သင်ခွင့်ရရန်၊ စာပေဘာသာရပ်များ ဆက်ဆည်းပူးလိုပါက နှစ်သက်ရာဘာသာတွဲကို ရွေးချယ်ခွင့်ရစေရန်၊ အဝေးသင်တတိယနှစ်မှစ၍ တက်ခွင့်ရရန် ပညာရေးကောလိပ်ကျောင်းသားများ သမဂ္ဂကိုယ်စားပြုကော်မတီက တောင်းဆိုထားသည်။

အဆိုပါကော်မတီဝင် ကိုဇော်ရဲထွဋ်က “ဆရာအတတ်ပညာသင်ယူခွင့် အဓိကတောင်းတဲ့အတွက် ဒီဆွေးနွေးပွဲက အဝေးသင်ကိစ္စနဲ့တင်ပြီးသွားတာ အားမရပါဘူး။ ဆွေးနွေးညှိနှိုင်းပြီး သဘောတူဆုံး ဖြတ်ချက်ချရာမှာ ကျွန်တော်တို့ ကျောင်းသားတွေမပါတဲ့အတွက် ဒီသဘောတူညီချက်ကိုလည်း ယုံကြည်မှုမရှိဘူး”ဟု ပြောကြားသည်။

တစ်နိုင်ငံလုံးတွင် ပညာရေးကောလိပ်ပေါင်း ၂၄ ကျောင်းရှိသည့်အနက် ထိုတောင်းဆိုချက်ကို ကောလိပ်ထက်ဝက်ကျော် (အခုချိန်အထိ) က ထောက်ခံထားပြီး အခြားသော ပညာရေး ဆိုင်ရာအဖွဲ့ အစည်းများဖြစ်သည့် ပညာရေးစနစ်ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်တို့ကလည်း ဆွေးနွေးအဖြေရှာပေးရန် ထောက်ခံတောင်းဆိုထားသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: thevoice

News Read 3857 times