Sales Hotline : 09448001653       Download App



အောင်မြင်နေသော ဆရာတိုင်း ကျင့်သုံးလေ့ရှိတဲ့ သင်ကြားပို့ချမှုဆိုင်ရာ ဗျူဟာများ

အောင်မြင်နေသော ဆရာတိုင်း ကျင့်သုံးလေ့ရှိတဲ့ သင်ကြားပို့ချမှုဆိုင်ရာ ဗျူဟာများ

စာသင်ကြားပို့ချမှုမှာ အောင်မြင်ဖို့ ကျင့်သုံးနိုင်တဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်။ ကိုယ့်ရဲ့သင်ကြားပို့ချမှုစတိုင်လ်က ဘယ်လိုပဲရှိရှိ ထိရောက်မှုရှိတဲ့ဆရာတွေမှာ တူညီတဲ့အရာတစ်ခုတော့ ရှိပါတယ်၊ အဲ့ဒါက ကျောင်းသားတွေကို ရေရှည်၊ အကောင်းဘက်ဆောင်တဲ့နည်းလမ်းတွေနဲ့ ဘယ်လိုချဉ်းကပ်ရမလဲသိတာပဲ ဖြစ်ပါတယ်။

အခုဖော်ပြထားတဲ့ အရည်အသွေး (၁၀) ချက် ကိုကျင့်သုံးခြင်းဖြင့် အောင်မြင်ပျော်ရွှင်တဲ့ Teaching Career ကို ရရှိမှာပါ။

၁။ ကိုယ့်တပည့်တွေဆီက အကောင်းဆုံးဆိုတာကိုပဲ မျှော်လင့်ထားပါတယ်။

ထိရောက်မှုရှိတဲ့ဆရာတွေက သူတို့ရဲ့ကျောင်းသားတွေ အောင်မြင်ဖို့မျှော်လင့်တယ်၊ အောင်မြင်မယ်လို့ ယုံကြည်တယ်၊ ပြီးတော့ တပည့်တွေရဲ့ ရည်မှန်းချက်ပန်းတိုင်မရောက်မချင်း ဆက်လက်ကြိုးစားနေဖို့လည်း အားပေးကြပါတယ်။

ဒီလို အောင်မြင်ဖို့အတွက်လည်း မရမကတွန်းတင်ပေးပြီး၊ တပည့်တွေအနေနဲ့ သူတို့ရဲ့ Limit ကိုကျော်လွန်ပြီး ကြိုးစားကြအောင် ကောင်းမွန်တဲ့ပတ်ဝန်းကျင်တစ်ခုပါ ဖန်တီးပေးပါတယ်။ မအောင်မြင်ခဲ့ရင်တောင် အကျမနာဖို့အတွက် ဘေးကနေ အသင့်ရှိနေတတ်ကြပါတယ်။

၂။ ဟာသဉာဏ် ရှိကြပါတယ်။

ကျောင်းသားတစ်ယောက်ကို သူ့ရဲ့အကြိုက်ဆုံးဆရာက ဘယ်သူလဲမေးကြည့်ရင် သူတို့ရယ်မောအောင် ဟာသနှောပြီး စာသင်တတ်တဲ့ဆရာလို့ပြောဖို့ကများပါတယ်။ ဒီဆရာတွေက လူအများရယ်စရာဖြစ်မှာမကြောက်သလို သူတို့ရဲ့ အမှားတွေကိုတောင် ရယ်စရာအဖြစ် ပြောင်းလဲနိုင်ကြပါတယ်။ ဟာသက ဆရာတွေကို အဲ့လိုရေရှည်တည်တံ့တဲ့ အကောင်းမြင်မှုတွေ ရှိလာအောင် ကူညီပေးပါတယ်။

၃။ သူတို့သင်ကြားပို့ချနေရတဲ့နယ်ပယ်မှာ နှံ့နှံ့စပ်စပ်ရှိကြပါတယ်။

အကောင်းဆုံးဆရာတွေက သူတို့သင်ကြားနေရတဲ့ဘာသာရပ်မှာ ဆရာတစ်ဆူဖြစ်ကြပါတယ်။ ကိုယ့်အလုပ်ကိုယ်သိပြီး ဘယ်တော့မှ လေ့လာသင်ယူမှု မပြတ်ကြပါဘူး။ သူတို့တွေဟာ သိလိုစိတ်ပြင်းပြတယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး၊ ကျောင်းသားတွေကို စာသင်ဖို့ ပုံနှိပ်စာအုပ်တောင် မလိုကြပါဘူး။

သက်ဆိုင်ရာ ဘာသာရပ်တွေနဲ့ ပတ်သက်လို့ အမြဲ up-to-date ဖြစ်အောင်နေပြီး သူတို့ရဲ့ပညာဗဟုသုတရှာဖွေမှုမြတ်နိုးတဲ့စိတ်မျိုး ကျောင်းသားတွေဆီကို မျှဝေပေးပါတယ်။  

၎။ သမာရိုးကျနည်းလမ်းတွေကနေ ခွဲထွက်ပြီးတွေးခေါ်ရစေမယ့် စာသင်ကြားပို့ချမှုဗျူဟာတွေကို အသုံးပြုကြပါတယ်။

Productive ဖြစ်တဲ့ ဆရာတွေက တီထွင်ကြံဆမှုပြုကြပြီး ကျောင်းသားတွေ စိတ်ပါဝင်စားလာစေမယ့် စာသင်ခန်းတွင်း အတွေ့အကြုံတွေကို ကြိုးစားဖန်တီးကြပါတယ်။ သူတို့တွေက သမာရိုးကျ ပညာရေးစံနှုန်းတွေကနေ ခွဲထွက်ပြီး မျှော်လင့်မထားလောက်မယ့်၊ ထူးခြားမယ့်၊ နောက်ဆုံး ပိုပြီးအမှတ်ရစရာဖြစ်နေစေမယ့် အတွေ့အကြုံမျိုးကို ဖန်တီးကြပါတယ်။

၅။ စွန့်စားမှုပြုကြပါတယ်။

ကျော်ကြားတဲ့စကားပုံတစ်ခုအရ “စွန့်စားမှုမရှိရင်၊ အမြတ်လည်း မရှိနိုင်ဘူး” လို့ဆိုပါတယ်။ အောင်မြင်တဲ့ဆရာတွေက စွန့်စားမှုပြုခြင်းဟာ အောင်မြင်ခြင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်မှန်း သိကြပါတယ်။

ကလေးတွေက အတုမြင် အတတ်သင်ဖြစ်ကြတဲ့အတွက် ဆရာတစ်ယောက်အနေနဲ့ အသစ်အသစ်သောနည်းလမ်းတွေ ကျင့်သုံးတာတွေ့ရင် (အောင်မြင်မှု၊ ကျရှုံးမှုကို ဘယ်လိုကိုင်တွယ်လဲ စောင့်ကြည့်နေခြင်း) သူတို့ကိုယ်တိုင်လည်း တူညီတဲ့အခြေအနေမျိုးမှာ ဘယ်လိုဖြေရှင်းရမလဲ သိကြပါလိမ့်မယ်။

၆။ ခိုင်မာပြတ်သားကြပါတယ်။

အောင်မြင်တဲ့ဆရာတွေက သူတို့လုပ်တဲ့အရာတိုင်းမှာ ခိုင်မာပြတ်သားမှု ရှိကြပါတယ်။ ကိုယ်ကဒါဆို ဒါပဲဖြစ်အောင်နေပါ။ ဥပမာ အတန်းစည်းမျဉ်း တင်းကျပ်တာမျိုး၊ အမှတ်ပေးစည်းမျဉ်းကို တသွေမတိမ်းလိုက်နာတာမျိုး၊ ပြီးတော့ ကျောင်းသားတွေအားလုံးဆီက မျှော်လင့်ထားတာမျိုးတွေပဲ ဖြစ်ပါတယ်။ ဘက်လိုက်ပြီး အချစ်တော် ဒါမှမဟုတ် ချွင်းချက်ထားတာတို့ မလုပ်မိအောင်နေပါ။

၇။ မိဘ၊ ကျောင်းသားတွေနဲ့ အဆက်အဆံရှိကြပါတယ်။

ထိရောက်မှုရှိတဲ့ဆရာတွေက ကျောင်းသားတွေရဲ့အောင်မြင်မှုသော့ချက်က ဆက်ဆံရေးဆိုတာကို သိကြပါတယ်။ ဒီတော့ မိဘနဲ့ကျောင်းသားတွေကြားထဲ ပွင့်လင်းမြင်သာတဲ့ ဆက်ဆံရေး တစ်ခုရှိဖို့ ဖန်တီးပေးကြပြီး နှစ်ဦးနှစ်ဘက်အကြား ပွင့်လင်းမှုက ကလေးတွေ တစ်ယောက်တည်း ပစ်ထား၊ ကျဉ်ထားခံရနိုင်ချေကို နည်းပါးစေတယ်ဆိုတာ သိကြပါတယ်။

၈။ နောက်ဆုံးပေါ်နည်းပညာတွေကို အဆက်အသွယ်မပြတ်အောင် နေကြပါတယ်။

အောင်မြင်တဲ့ဆရာတွေက အသစ်ထွက်ပေါ်လာတဲ့ ကိရိယာတန်ဆာတွေကို စူးစမ်းလေ့လာကြည့်ဖို့ အချိန်ပေးကြပြီး နောက်ဆုံးပေါ်နည်းပညာနဲ့ အဆက်အသွယ်မပြတ်အောင် နေကြပါတယ်။ သူတို့တွေက အနာဂတ်ပညာရေးမှာ နည်းပညာအရေးပါလာမှုကို မကြောက်ရွံ့ကြသလို trend အသစ်တွေကို စာသင်ခန်းထဲ ဆောင်ကြဉ်းလာနိုင်ဖို့အတွက် သင်ယူမှုပြုရာမှာလည်း စိတ်အားထက်သန်မှု ရှိကြပါတယ်။

၉။ ပျော်စရာသင်ယူမှုဖြစ်အောင် ကြိုးပမ်းပေးကြပါတယ်။

ဒါကတော့ ဟာသဉာဏ်နဲ့ဆိုင်တယ်ဆိုပေမယ့် ပျော်စရာသင်ယူမှုဖြစ်အောင်ဆိုတာက လူရွှင်တော်လုပ်ရမယ်လို့  မဆိုလိုပါဘူး။ ကျောင်းသားတွေ စိတ်ဝင်တစားရှိတဲ့အရာတွေအပေါ်မူတည်ပြီး ကိုယ့်ရဲ့သင်ကြားရေး အစီအစဉ်တွေထဲမှာ ပေါင်းစပ်နိုင်မယ့်နည်းလမ်းတွေကို ရှာကြံဖို့ပြောချင်တာပဲ ဖြစ်ပါတယ်။

ဆရာတစ်ယောက်အနေနဲ့ ကျောင်းသားတွေရဲ့ အကြိုက်ကိုလေ့လာပြီး သူတို့ရဲ့လက်တွေ့ဘ၀နဲ့ စာသင်ကြားပို့ချမှုတွေကိုပေါင်းစပ်ဖို့ ကြိုးပမ်းအားထုတ်မှုပြုတာကို သူတို့မြင်တွေ့ လာလေလေ ကိုယ့်အနေနဲ့ ပိုပြီးအောင်မြင်လာလေလေပဲ ဖြစ်ပါတယ်။

၁၀။ ကျောင်းသားတွေကို ကိုယ်ချင်းစာနိုင်ကြပါတယ်။

အကောင်းဆုံးသောဆရာတွေဆိုတာ ကျောင်းသားတွေကို စိတ်ရှည်ကြပြီး၊ သူတို့တွေ စိတ်ဖိစီးနေတဲ့အခါ ဒါမှမဟုတ် စာနဲ့ပတ်သက်ပြီး ပြသနာတွေရှိနေတဲ့အခါ နားလည်ပေးနိုင်ကြပါတယ်။ ကျောင်းသားတွေ စာပြန်လုပ်လာနိုင်အောင် လိုအပ်တာမှန်သမျှကို ကူညီပေးကြပြီး၊ လူတိုင်းမှာ စိတ်မကြည်တဲ့ရက်တွေရှိတယ်ဆိုတာကိုလည်း သိကြပါတယ်။

တကယ်လို့ ကိုယ့်အနေနဲ့ Teaching Career မှာ နောက်တစ်ဆင့်ထပ်တက်ဖို့ စဉ်းစားနေတယ်ဆိုရင် တခြားအောင်မြင်နေတဲ့ဆရာတွေရဲ့ တမူထူးခြားကွဲပြားတဲ့ အလေ့အကျင့်တွေကနေ အများကြီးအတုယူနိုင်ပါတယ်။

ကျောင်းသားတွေကို ဒီထက်ပိုပြီး လက်လှမ်းအကူအညီပေးနိုင်ဖို့ ကြိုးပမ်းရမယ့်အရာတွေကို စဉ်းစားကြည့်ရင် အတော်ခက်ခဲနိုင်တယ်ဆိုပေမယ့် တစ်နေ့နေ့တစ်ချိန်ချိန်တော့ ဒီအရည်အသွေးတွေကိုပိုင်နိုင်မှု ရှိလာနိုင်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန်website တွင် ပါဝင်သောသင်တန်းများ ကျောင်းများ၊ Scholarship၊ Knowledgeများနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: TeachHub

Tips Read 3573 times