Sales Hotline : 09448001653       Download App



ဦးစားပေး ပြည့်စုံစွာ မဖော်ပြထားသော တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများ အပယ်ခံရမည်

ဦးစားပေး ပြည့်စုံစွာ မဖော်ပြထားသော တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများ အပယ်ခံရမည်


ဦးစားပေးပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို ပယ်သွားမည်ဖြစ်ကြောင်း ၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်ဖော်ပြချက်အရ သိရသည်။

“ပယ်တယ်ဆိုပေမယ့် ယာယီပယ်တာပေါ့။ လျှောက်လွှာပယ်လို့ တက္ကသိုလ်မဝင်ရဘူးဆိုတာ နှစ်စဉ်မရှိခဲ့ဘူး။ ဒါပေမဲ့လမ်းညွှန်ထဲမှာတော့ စည်းမျဉ်း စည်းကမ်းကတော့ အထိုက်အလျောက်တော့ လုပ်ရတာပေါ့။

နှစ်စဉ် ဝင်ခွင့်ပယ်လို့ မတက်ရဘူးဆိုတာမရှိအောင် ရုံးဝန်ထမ်းတွေ အချိန်ပေးပြီး လုပ်ကြရတာပေါ့။

ယာယီပယ်ထားတဲ့စာရင်းတွေ မြန်မာနိုင်ငံတစ်နိုင်ငံလုံး မှာရှိတဲ့ ကျောင်းသားတွေကိုမရရအောင် ဖုန်းဆက်ပြီးတော့၊ ကျောင်းသားကို တိုက်ရိုက်ဆက်သွယ်ပြီးတော့ဝင်ခွင့်ရဖို့ ဆောင်ရွက်တာပေါ့။ သူ့လျှောက်လွှာထဲမှာပဲ ပြန်ပြင်ခိုင်းတာပေါ့။

အဲဒီအချိန်မှာ ဆရာတို့က အမှတ်ကိုမပြောသေးဘူး။ ဘယ်အမှတ်ကတော့ဘယ်ဘာသာရပ်ရတယ်။ ဘယ်တက္ကသိုလ်ရတယ် မပြောသေးဘူး။

သူကပညာရေးတက္ကသိုလ်မမီဘဲ လျှောက်ထားရင် အခြားတစ်ခု ထပ်လျှောက်ဦးပဲလုပ်တယ်။ သူအမှတ်မီနိုင်တဲ့ တက္ကသိုလ်လောက် လျှောက်ပြီဆိုမှ ရပြီဆိုပြီးပြောလိုက်တာပေါ့ ဟုအဆင့်မြင့် ပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

READ - အဆင့်မြင့်ပညာဦးစီးဌာန တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေး အဖွဲ့က ရွေးချယ်မည့် တက္ကသိုလ်များ

ဦးစားပေး ပြည့်စုံစွာ မဖော်ပြသည့်လျှောက်လွှာများကို ပယ်မည်ဆိုသည်မှာ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားသူ တစ်ဦးသည် သင်တန်းရွေးချယ် ကတ်ပြားတွင်တက္ကသိုလ်နှင့် အထူးပြုဘာသာရပ်များကို အပြည့်အစုံ မဖော်ပြဘဲ မိမိလျှောက်ထားလိုသည့် တက္ကသိုလ်သုံးခုကိုသာ ဦးစားပေး အစီအစဉ်တွင် ဖော်ပြမည်ဆိုပါလျှင်အစီအစဉ်အတိုင်းသာ တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့က စဉ်းစားမည်ဖြစ်သည်။

ဦးစားပေးဖော်ပြ ထားသည့် တက္ကသိုလ်များသည် သတ်မှတ်ဦးရေကျော်လွန်နေပြီဖြစ်ပါက အခြားတက္ကသိုလ်နှင့် အထူးပြုဘာသာရပ်များတွင်နေရာရှိနေစေကာမူ အဆိုပါ လျှောက်လွှာကို ပယ်မည်ဖြစ်ကြောင်း သိရသည်။

ဦးစားပေးအစီအစဉ်တွင် ဖော်ပြထားခြင်းမရှိသည့် မည်သည့်တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အထူးပြုဘာသာရပ်ကိုမျှ စဉ်စားပေးမည်မဟုတ်ဘဲ တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ခြင်းလုပ်ငန်းပြီးစီးပြီးနောက် ဦးစားပေးမပြည့်စုံ၍ အပယ်ခံရသူများက အသနားခံ လျှောက်ထားလာလျှင် တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်အဖွဲ့က နေရာကျန်ရှိလျှင် စဉ်းစားပေးမည်ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်ခွင့် လက်ခံရာတွင် သင်တန်းရွေးချယ်မူ ကတ်ပြား၌ ဖော်ပြထားသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် အထူးပြု ဘာသာရပ်များ ဦးစားပေးအစီအစဉ်၊ တက္ကသိုလ်ဝင်စာမေးပွဲရရှိသည့်ရမှတ်၊ ပြင်ပမှဝင်ရောက် ဖြေဆိုအောင်မြင်သူများအတွက်မိမိနောက်ဆုံးနေခဲ့သော ကျောင်းမှသက်ဆိုင်ရာကျောင်းအုပ်ကြီးက ထုတ်ပေးသော အရည်အချင်းမှတ်တမ်းချုပ်ရမှတ်အဆင့် ၊ နိုင်ငံခြားစာစစ်ဌာနများမှဝင်ရောက်ဖြေဆိုသူများအတွက် သက်ဆိုင်ရာသံရုံး၊ သံအမတ်ကြီးက သတ်မှတ်ပေးသည့် အရည်အချင်း မှတ်တမ်းချုပ်ရမှတ်အဆင့်၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ကောလိပ်နှင့် အထူးပြုဘာသာရပ်အလိုက် လက်ခံသင်ကြားခွင့်ပြုရန်သတ်မှတ်ထားသည့် ဦးရေအတိုင်း လက်ခံမည်ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်ခွင့်ကို စိစစ်ရွေးချယ်ရာတွင် တက္ကသိုလ်ဝင်စာမေးပွဲရမှတ်အပေါ် အခြေခံ၍ ယှဉ်ပြိုင်စနစ်ဖြင့်စိစစ်ရွေးချယ်မည်ဖြစ်ပြီး တက္ကသိုလ်ဝင်ခွင့်စိစစ်ရေးအတွက် တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့ကို ဖွဲ့စည်းထားကာ အဆိုပါအဖွဲ့မှ စိစစ်ရွေးချယ်ခြင်းဖြစ်ကြောင်း တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖော်ပြချက်အရ သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: စံတော်ချိန်

News Read 5684 times