Sales Hotline : 09448001653       Download App



အရည်အချင်းစစ်စာမေးပွဲပြုလုပ်မည့် သတင်းထွက်ပေါ်နေသော်လည်း အတည်မပြုနိုင်သေး

အရည်အချင်းစစ်စာမေးပွဲပြုလုပ်မည့် သတင်းထွက်ပေါ်နေသော်လည်း အတည်မပြုနိုင်သေး

ကိုရီးယားဘာသာ အရည်အချင်းစစ်မေးပွဲ (EPS-TOPIK) ကိုလာမည့်နှစ်ဆန်းတွင် ပြုလုပ်မည့်သတင်း ထွက်ပေါ်နေခြင်းကြောင့် သင်တန်းအချို့ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်လာကြောင်း သင်တန်းကျောင်းတာဝန်ရှိသူ အချို့က ပြောပါသည်။


(၁၃) ကြိမ်မြောက် EPS-TOPIK စာမေးပွဲကို ယခုနှစ်တွင် မကျင်းပဖြစ်ကြောင်း အစိုးကြောင်း အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီက ဧပြီ (၄) ရက်တွင် ကြေညာပြီးနောက် သင်တန်းကျောင်းအများစု ယာယီရပ်နားခဲ့ပါသည်။


သို့သော် ယင်းစာမေးပွဲကို ၂၀၂၀ နှစ်ဆန်းတွင် ပြန်လည်ပြုလုပ်မည်ဟု သတင်းထွက်ပေါ်နေခြင်းကြောင့် သင်တန်းကာလနှင့် အချိန်ကိုက်ဖြစ်စေရန် သင်တန်းသား ခေါ်ယူစုဆောင်းမှုများ ပြန်လည်ပြုလုပ်ခြင်းဖြစ်ပါသည်။


"ကုန်ထုတ်လုပ်ငန်းအတွက် သင်တန်းတွေကို ပြန်ဖွင့်ဖို့လုပ်နေကြတာရှိတယ်။ တချို့သင်တန်းတွေကတော့ ကြားမှာမရပ်ဘဲထိန်းပြီး ဖွင့်ထားတာတွေရှိပါတယ်။ တော်တော်များများကတော့ စာမေးပွဲမရှိဘူးလို့ ကြေညာထားပြီး နောက်ပိုင်းမှာ အခြေအနေကို စောင့်ကြည့်ပြီး နားထားကြတယ်" ဟုရာပြည့်သင်တန်းကျောင်းမှ သင်တန်းနည်းပြဆရာဦးသော်မျိုးက ပြောပါသည်။


အဆိုပါ သင်တန်းသည် (၆) လခန့် အချိန်ယူလေ့ရှိပြီး ၂၀၂၀ နှစ်ဆန်းတွင် စာမေးပွဲကျင်းပဖြစ်ပါက အဆင်သင့်ဖြစ်ရန် ကြိုတင်ပြင်ဆင်ခြင်းဖြစ်သည်ဟု တက်လမ်းသင်တန်းကျောင်းမှ တာဝန်ခံတစ်ဦးက ဆိုပါသည်။


“ စာမေးပွဲမရှိဘူးဆိုတော့ ဒီနှစ်ထဲမှာ သင်တန်းကျောင်းတွေ အတွက်လည်း အနည်းနှင့်အများ ထိခိုက်တာပေါ့။ သင်တန်းသားတွေကတော့ ပုံမှန်စုံစမ်းမေးမြန်းမှုတွေရှိပါတယ်။" ဟု၎င်းကပြောကြားပါသည်။


သို့သော် ၂၀၂၀ EPS-TOPIK စာမေးပွဲ ပြန်လည်ကျင်းပမည်ဖြစ်သော်လည်း ပြုလုပ်မည့်လ အတိအကျကို ပြောကြားနိုင်ခြင်းမရှိသေးဟု အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။


ကိုရီးယားနိုင်ငံက (၁၃) ကြိမ်မြောက် EPS-TOPIK စာမေးပွဲတွင် အောင်မြင်မှုအရေအတွက် ထက်ဝက်ကျော်လျှော့ချမည်ဆိုသဖြင့် စာမေးပွဲဖြေဆိုမည့် အလုပ်သမားများ အခွင့်အရေးနည်းပါးသည်ဆိုကာ မြန်မာနိုင်ငံဘက်က ယခုနှစ်တွင် ယင်းစာမေးပွဲ မပြုလုပ်ရန် ဆုံးဖြတ်ခဲ့ပါသည်။


သို့သော် ၂၀၂၀ တွင် EPS-TOPIK စာမေးပွဲပြန်လည်ပြုလုပ်မည်ဟု အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောကြားထားပါသည်။


" ၂၀၂၀ မှာ အောင်မြင်မှု အရေအတွက် တိုးပေးဖို့တောင်းထားတယ်" ဟု၎င်းကပြောပါသည်။

 

Read More>>> Digital Marketing သင်တန်းဖွင့်လှစ်မည်


ကိုရီးယားနိုင်ငံသို့ အလုပ်သမားစေလွှတ်ခြင်းကို နှစ်နိုင်ငံအစိုးရချင်းသဘောတူညီမှုဖြင့် မြန်မာနိုင်ငံဘက်မှ အစိုးရပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီက တာဝန်ယူပို့ဆောင်နေသည်။


ယင်းနိုင်ငံသို့ တစ်နှစ်လျှင် မြန်မာအလုပ်သမားဦးရေ လေးထောင်ခန့် တရားဝင်သွားရောက်လုပ်ကိုင်နေကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန စာရင်းများက ဆိုပါသည်။

 

Source; 7Day News

 

News Read 5501 times