Sales Hotline : 09448001653       Download App



“လာမည့်ပညာသင်နှစ်မှစ၍ နွေရာသီကျောင်းပိတ်ရက်များ တစ်လလျှော့မည်”

“လာမည့်ပညာသင်နှစ်မှစ၍ နွေရာသီကျောင်းပိတ်ရက်များ တစ်လလျှော့မည်”

၂၀၁၉ - ၂၀ ပညာသင်နှစ်ကစ၍ အခြေခံပညာကျောင်းများ၏ နွေရာသီကျောင်းပိတ်ရက်ကို ယခင်ကဲ့သို့ သုံးလမပိတ်တော့ဘဲ နှစ်လ သာပိတ်မည်ဟု အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါသည်။

အခြေခံပညာအတန်းများသည် ၂၀၁၈ - ၁၉ ပညာသင်နှစ်အထိ ဖေဖော်ဝါရီကုန်အထိသာ ကျောင်းတက်ရသော်လည်း လာမည့်ဇွန်လ တွင်ဖွင့်မည့် ၂၀၁၉ - ၂၀ ပညာသင်နှစ်မှစတင်ကာ မတ်လကုန်အထိ ကျောင်းတက်ရမည်ဖြစ်ပါသည်။

‘‘အရင်က ဖေဖော်ဝါရီဆို  စာမေးပွဲစစ်ပြီးတော့ ဖေဖော်ဝါရီလ ကုန်ဆို ကျောင်းတွေပိတ်ပြီ။ တကယ်တော့ Academic Year ရဲ့ စာသင် တဲ့ကာလက အရင်ကတည်းက မတ်လ ၃၁ ရက်အထိ ဆွဲထားတာ။ စာသင်ချိန် ၁၀ လ ရှိရမှာကို အခုရှစ်လလောက်ပဲ သင်နေရသလိုဖြစ် နေတာ။ အဲဒါကြောင့် ဒီနှစ်ကစပြီး မတ်လနောက်ဆုံးပတ်အထိ ကျောင်း  တက်ရမှာ’’ဟု ဦးကိုလေးဝင်းက ရှင်းပြခဲ့ပါသည်။

အခြေခံပညာအတန်းများ၏ နှစ်ဆုံးစာမေးပွဲကို ၂၀၁၉ - ၂၀ ပညာသင်နှစ်ကစကာ မတ်လ နောက်ဆုံးပတ်တွင်စစ်ဆေးမည်ဟု ပညာရေးဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီးဒေါက်တာမျိုး သိမ်းကြီးကလည်း ဧပြီ ၂၁ ရက် ၌ ကမာရွတ် တီတီစီတွင် Grade-6 (သင်ရိုးသစ်)နှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ဆွေးနွေးပွဲ၌ ဆရာ၊ဆရာမများနှင့်တွေ့ဆုံစဉ် ပြောကြားထားသည်။

အခြေခံပညာအတန်းများကိုတစ်နှစ်လေးကြိမ်စာမေးပွဲ စစ်ဆေးမည်ဖြစ်ရာ ပထမအကြိမ်စစ်ဆေးခြင်းကို ဇူလိုင် (သို့မဟုတ်) သြဂုတ်၊ ဒုတိယအကြိမ်ကို အောက်တိုဘာ၊ တတိယအ ကြိမ်ကို ဒီဇင်ဘာ၊ စတုတ္ထအကြိမ်ကို မတ်လနောက်ဆုံးပတ်တွင် ပြုလုပ်မည်ဟုပညာရေးဝန်ကြီးကဆိုပါသည်။

အခြေခံပညာအတန်းများ၏ နှစ်ဆုံးစာမေးပွဲကိုမတ်လ နောက်ဆုံးပတ်တွင် ကျင်းပမည် ဖြစ်ရာ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့်ကာလလည်း အပြောင်းအလဲရှိနိုင်ပြီး အတိအကျကို ပညာရေးဝန်ကြီးဌာနက ထပ်မံကြေညာမည်ဟုအခြေ ခံပညာဦးစီးဌာနညွှန်ကြားရေးမှူး ချုပ်ကပြောပါသည်။

နှစ်စဉ် အခြေခံပညာ ကျောင်းများကို ဖေဖော်ဝါရီလ ကုန်တွင် ပိတ်သော်လည်း ပညာ ရေးဝန်ကြီးဌာန၏ ပညာရေး ပြက္ခဒိန်၌ နွေရာသီကျောင်းပိတ်ရက်ကိုယခင်ကတည်းက ရက် ၆၀ သာထည့်ဆွဲထားသည်။ ထို့ ကြောင့် မတ်လတစ်လလုံးအ တွက်လချုပ်စာရင်းတွင် ကျောင်းသား၊ ဆရာ၊ ဆရာမအားလုံးကို ကျောင်းအတက်ပြပေးရသည်ဟု ပဲခူးတိုင်းဒေသကြီး အလက (ရစ်ကန်ဘူတာ)ကျောင်းအုပ်ကြီး ဦးအောင်ကျော်သူကရှင်းပြပါသည်။

‘‘အခုကတော့ ၀န်ကြီးပြောတဲ့ပုံအရ ကလေးတွေကို မတ်လ တစ်လလုံး ကျောင်းမှာထားမယ့် ပုံစံမျိုးပြောတယ်။ မိဘတွေ ကျောင်းပို့ရတာတစ်လပိုသွား မယ်။ ရာသီဥတုကတအားပြင်း တော့ ကလေးတွေ နေပူထဲလာရမယ်။ ကလေးတွေကျောင်းမှာ ဆော့ကစားတာရှိမယ်ဆိုတော့သူတို့ကို ဆရာ၊ ဆရာမတွေကသတိထားထိန်းရမယ်။ နောက်တစ်ခုက ရေအခက်အခဲ၊ သုံးရေ၊ သောက်ရေအခက်အခဲကလည်း  အရင် မတ်လကျောင်းပိတ်ထား တော့အခက်အခဲမရှိပေမယ့် မတ်လဖွင့်မယ်ဆို ဒီအခက်အခဲ တွေကိုထည့်တွက်သင့်တယ်။ လေးတန်း၊ ရှစ်တန်းတွေ၊ ၁၀ တန်းတွေက ပုံမှန်မတ်လထဲ စစ်တတ်တော့ ကျောင်းဖွင့်နေရင် ဒါက ပြဿနာရှိတယ်’’ဟု ဦး အောင်ကျော်သူက ဆိုပါသည်။

ထို့အပြင်လက်ရှိသင်ရိုးအရ ဖေဖော်ဝါရီလကုန်တွင် ကျောင်းပိတ်ပါက သင်ကြားရေးအခက် အခဲထူးထူးခြားခြားမရှိ၍ စာသင်ချိန်ထပ်တိုးရန် မလိုအပ်ဟု ၎င်း ကဆိုပါသည်။

ပညာရေးဝန်ကြီးဌာနတွင် ပြုပြင်ပြောင်းလဲမှု အများစုကို အောက်ခြေ ဆရာ၊ ဆရာမ၊ ကျောင်းသားမိဘပြည်သူများကို ကြိုတင်အသိပေးမှုအားနည်းပြီး အထက်က ညွှန်ကြားမှုကိုသာ လိုက်နာရသည်ကများနေ ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်အခြေ ခံပညာကဏ္ဍ အတွင်းရေးမှူးဦး အောင်ကျော်သူက မှတ်ချက်ပြုသည်။

နွေရာသီကျောင်းပိတ်ရက်ကို တစ်လလျှော့ချမည့်အစီအစဉ်သည်  မိဘ၊ ကျောင်းသား၊ ဆရာ အားလုံးနှင့်သက်ဆိုင်နေ၍အားလုံးသဘောထားကို ရယူသင့် ကြောင်း၊ နိုင်ငံတကာတွင်လည်း ရာသီဥတုအပေါ် မူတည်ကာ ကျောင်းရက်ရှည်ပိတ်လေ့ရှိ၍ မြန်မာ့ရာသီဥတုနှင့် အဆင်ပြေမည့် ကျောင်းပိတ်ရက်မျိုးကိုသတ်မှတ်သင့်သည်ဟု ၎င်းက အကြံပြုပါသည်။

ရာသီဥတုပိုမိုပူပြင်းလာချိန် တွင် နွေရာဦကျောင်းပိတ်ရက် ကာလလျှော့ချပါက ကျောင်း သား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများအပူဒဏ်ပိုခံရနိုင်၍ နွေရာသီကျောင်းပိတ်ရက်ကို  ယ ခင်အတိုင်းသုံးလသာသတ်မှတ်သင့်ကြောင်း တာမွေမြို့နယ်မှ တတိယတန်းကျောင်းသားမိခင် ဒေါ်သိမ့်သိမ့်ဝင်းက မှတ်ချက်ပြုပါသည်။

အခြေခံပညာကျောင်းများကို နှစ်စဉ် မေလ ၂၅ ရက်ကစကာ ကျောင်းအပ်လက်ခံပြီး ဇွန်လ ၁ ရက်တွင်ကျောင်းစဖွင့်သည်။ ပြီးခဲ့သည့် ပညာသင်နှစ်တွင် အခြေခံပညာကျောင်းသား၊ ကျောင်း သူ ၉ ဒသမ ၁၄ သန်းရှိပါသည်။

Source: 7Day Daily

News Read 2744 times