Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်စာမေးပွဲ ဘောဂဗေဒဘာသာရပ် မေးခွန်းပုံစံသစ်နှင့် အမှတ်ပြည့်ရအောင် ဖြေဆိုနည်း

တက္ကသိုလ်ဝင်စာမေးပွဲ ဘောဂဗေဒဘာသာရပ် မေးခွန်းပုံစံသစ်နှင့် အမှတ်ပြည့်ရအောင် ဖြေဆိုနည်း

တက္ကသိုလ်ဝင်စာမေးပွဲ ဘောဂဗေဒ ဘာသာရပ်နှင့်ပတ်သက်သော အထောက်အကူပြု သင်ခန်းစာများကို အပိုင်း(၂)ပိုင်းခွဲ၍ ရှင်းလင်းတင်ပြပါမည်။

ပထမပိုင်းတွင် စာမေးပွဲမေးခွန်းပုံစံကို တင်ပြမည်ဖြစ်ပြီး ဒုတိယပိုင်းတွင် ယင်းမေးခွန်းကို အမှတ်ပြည့်ရရှိအောင်ဖြေဆိုနိုင်မည့် ဖြေဆိုပုံဖြေဆိုနည်းများနှင့် သတိပြုရမည့်အချက်များကို ရှင်းလင်းတင်ပြပါမည်။

တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်းပုံစံ

၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဘောဂဗေဒဘာသာရပ် မေးခွန်းလွှာကို မေးခွန်းပုံစံသစ်ဖြင့် မေးမြန်းမည် ဖြစ်ပါသည်။

မေးခွန်းတွင် ယခင်ကကဲ့သို့ အပိုင်း(က)နှင့် အပိုင်း(ခ)ဟူ၍ (၂)ပိုင်း ခွဲခြားမထားတော့ပဲ (၅)ပုဒ် မေးထားပြီး မေးခွန်းအားလုံးကို ဖြေဆိုရမည်ဖြစ်ပါသည်။ မေးခွန်းထဲမှ အချို့ မေးခွန်း များကို ရွေးချယ်ရန် အပုဒ်ရေ ပိုပေးပြီး ရွေးချယ်ဖြေဆိုရမည် ဖြစ်ပါသည်။

မေးခွန်းပုံစံသစ်ကို အောက်ပါဇယားတွင် ဖော်ပြထားပါသည်။

ဘောဂဗေဒ မေးခွန်းလွှာ အမှတ်ခွဲဝေမှု ပုံစံပြဇယား

စဉ်

မေးခွန်းနံပါတ်

မေးခွန်းပုံစံ

ပေးမှတ်

ဖြေဆိုရသည့်အမှတ်

ဓမ္မဓိဋ္ဌာန် (က)မှား/မှန်ရွေး ၅

             () အဖြေမှန်ရွေးချယ် ၅

             ()ကွက်လပ်ဖြည့် ၁၀

၂၀

အားလုံးဖြေ ၂ဝ

အဓိပ္ပာယ်သတ်မှတ်ချက် (x၁၂)

၂၄

၁၀ ခု ဖြေ ၂ဝ

၁ဝ မှတ်တန်မှတ်စုတို()ပုဒ်မှ()ပုဒ် ဖြေဆိုရန်

၄၀

၂၀

အမှတ်၂ဝ မေးခွန်းရှည်()ပုဒ်မှ ()ပုဒ် ဖြေဆိုရန်

၄၀

၂၀

တွက်ချက်ရန်ပုစ္ဆာ (x၁ဝ)

၃၀

၂ ပုဒ်ဖြေ ၂၀

စုစုပေါင်း

၁၅၃

၁၀၀

 
မေးခွန်း(၁) ပုဒ်ချင်းစီအတွက် ရှင်းပြသွားပါမည်။

မေးခွန်းနံပါတ်(၁)တွင် (က)၊ (ခ)နှင့်(ဂ)ဟူ၍ နံပါတ်ငယ်(၃)ခုနှင့်(၃)ပိုင်း ထပ်ခွဲထားပါသည်။ ၁။(က)တွင် ဖော်ပြချက် (၅)ခုကို မှား/မှန် ဖြေဆိုရန်ဖြစ်ပါသည်။ ပြဋ္ဌာန်းစာအုပ်တွင် ပါဝင်သည့် အခန်းအားလုံးမှ သဘောတရားများ၊ သီအိုရီများကို ကျေညက်ပြီး နားလည်သဘောပေါက်မှုကို ဆန်းစစ်သော မေးခွန်းဖြစ်သည့်အတွက် ဘာသာရပ်ကို ကျွမ်းကျင်တတ်မြောက်မှုရှိမှသာ ဖြေဆိုနိုင်မည်ဖြစ်သည်။

မေးခွန်းနံပါတ် ၁။(ခ)တွင် ဖော်ပြချက်(၅)ခုကို စာကြောင်းတစ်ခုတွင် (က)၊ (ခ)နှင့်(ဂ) အဖြေ(၃)မျိုး ပေးထားပြီး ယင်းထဲမှ အဖြေမှန်ကို ရွေးချယ်ရန်ဖြစ်သည်။ ဖြေဆိုရာတွင် အဖြေမှန်ကို ပေးထားသည့် (က)၊ (ခ) နှင့် (ဂ)ထဲမှ ရွေးချယ်ထားသည့်နံပါတ်ကိုသာ ရေးပေးရန်ဖြစ်သည်။

မေးခွန်းနံပါတ် ၁။(ဂ)တွင် ဖော်ပြချက်(၁၀) ခုကို စာကြောင်းအပြည့်အစုံမဖော်ပြဘဲ လိုအပ်သော အဖြေကို ကွက်လပ်ဖြည့်ရမည်ဖြစ်သည်။ ဖြေဆိုရာတွင် အဖြေကိုသာ နံပါတ် တပ်၍ တိကျစွာ ဖြေဆိုရန်ဖြစ်သည်။ များသော အားဖြင့် ဘာသာရပ်ဆိုင်ရာ နားလည်တတ်ကျွမ်းမှုကို ဆန်းစစ်သည့်အနေဖြင့် မေးလေ့ရှိသဖြင့် ဘာသာရပ်ကို နားလည် ကျေညက်မှသာ ဖြေဆိုနိုင်မှာဖြစ်ပါသည်။ မေးခွန်းနံပါတ်(၁)(က)၊(ခ)နှင့်(ဂ)အတွက် ရရှိမည့်အမှတ်မှာ (၂၀)မှတ်ဖြစ်ပါသည်။

မေးခွန်းနံပါတ်(၂)တွင် ပြဋ္ဌာန်းစာအုပ်တွင် ပါဝင်သည့် အခန်းအားလုံးမှ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို မေးထား ပါသည်။ သင်ခန်းစာ အခန်း(၁)ခန်းစီမှ (၂)ခုစီနှင့် အခန်း(၆) ခန်း အတွက် (၁၂)ခုမေးထားပြီး ယင်းတို့ထဲမှ နှစ်သက်ရာ (၁၀)ခု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို ဖြေဆိုရမည်ဖြစ်သည်။

မေးခွန်းနံပါတ်(၃)တွင် (၁၀)မှတ်ပေးသည့် မှတ်စုတို(၄)ပုဒ်ပေးထားပြီး နှစ်သက်ရာ(၂)ပုဒ်ကို ရွေးချယ် ဖြေဆိုရမည်ဖြစ်သည်။ မေးခွန်း(၁)ပုဒ်လုံးအတွက် ရရှိနိုင်သည့်ရမှတ်မှာ (၂ဝ)မှတ်ဖြစ်သည်။

မေးခွန်းနံပါတ်(၄)တွင် (၂၀)မှတ်ပေးသည့်မေးခွန်းရှည်(၂)ပုဒ်ကိုပေးထားပြီး နှစ်သက်ရာ(၁)ပုဒ်ကို ရွေးချယ်ဖြေဆိုရမည်ဖြစ်သည်။ မေးခွန်း(၁)ပုဒ်လုံးအတွက် ရရှိနိုင်သည့် ရမှတ်မှာ (၂၀)မှတ်ဖြစ်သည်။

မေးခွန်းနံပါတ်(၅)မှာ တွက်ချက်မှုနှင့် ဉာဏ်စမ်းမေးခွန်းဖြစ်သည်။ ပေးထားသော စာရင်းအင်းကိန်းဂဏန်း များကိုအသုံးပြုပြီး တွက်ချက်ခြင်း၊ မျဉ်းကွေးများနှင့် ပုံများရေးဆွဲခြင်း စသည်ဖြင့် သီအိုရီသဘောတရားများ နားလည်တတ်ကျွမ်းမှုကို ဆန်းစစ်သော ဉာဏ်စမ်းမေးခွန်းများကို ဖြေဆိုရန်ဖြစ်သည်။ ယခင်မေးခွန်းပုံစံအတိုင်း မေးခွန်းခွဲ (က)၊(ခ)နှင့်(ဂ)မှ နှစ်သက်ရာ(၂)ပုဒ်ကိုသာ ဖြေဆိုရန်ဖြစ်သည်။ ယင်းမေးခွန်းအတွက်ရမှတ်မှာလည်း (၂၀)မှတ်ဖြစ်သည်။

ထို့ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ဘောဂဗေဒဘာသာရပ်မေးခွန်းလွှာကို ခြုံငုံကြည့်ပါက မေးခွန်းအမျိုး အစား (၅)မျိုးပါဝင်သည့် မေးခွန်း(၅)ပုဒ်မေးထားသော မေးခွန်းလွှာ ဖြစ်သည်။ အမျိုးအစား(၅)မျိုးမှာ (၁) ဓမ္မ ဓိဋ္ဌာန်မေးခွန်း(၂)အဓိပ္ပာယ်ဖွင့်ဆိုချက်များ (၃)မှတ်စုတိုမေးခွန်း(၄)မေးခွန်းရှည်မေးခွန်းနှင့်(၅)တွက်ချက်မှုနှင့် ဉာဏ်စမ်းမေးခွန်း တို့ဖြစ်သည်။

ဖြေဆိုပုံဖြေဆိုနည်း

မေးထားသော မေးခွန်း(၅)ပုဒ်ကို ဖြေဆိုရာတွင် တိကျမှန်ကန်စေရေးနှင့် အမှတ်ကောင်းရရန် ဖြေဆိုပုံ ဖြေဆိုနည်းကို မေးခွန်း(၁)ပုဒ်ချင်းစီအတွက် ရှင်းလင်းသွားပါမည်။

မေးခွန်း(၁-က) ဤမေးခွန်းသည် ဓမ္မဓိဋ္ဌာန်မေးခွန်းဖြစ်ပြီးဖြေဆိုသူက ပေးထားသော ဖော်ပြချက်ကို မှားသလား(သို့)မှန်သလား ရွေးချယ်ဖြေဆိုရမည်ဖြစ်သည်။ စာကြောင်း ပြန်ရေးရန် မလိုဘဲ စာဖြေသူက ရွေးချယ် ထားသောအဖြေကိုသာ နံပါတ်တပ်၍ ဖြေဆိုရန်ဖြစ်သည်။ ဥပမာ- “အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသည် အပြည် ပြည်ဆိုင်ရာ စီးပွားရေး ဆက်ဆံမှု၏ အခြေခံဖြစ်သည်။”ဟူသော ဖော်ပြချက်တွင် အဖြေက“မှန်”ဖြစ်သည့်အတွက် “မှန်”ဟုသာ ဖြေဆိုရန်ဖြစ်သည်။ မေးခွန်းစာသားပြန်ရေးရန်မလိုပါ။ ဖြေဆိုရာတွင်လည်း မှား(သို့မဟုတ်)မှန် တိကျပြတ်သားရန်လိုပါသည်။

စာစစ်သူဖတ်၍မရသော၊ မှား/မှန်မကွဲပြားသောအဖြေများအတွက် အမှတ်မရရှိနိုင်ပါ။ ထို့ကြောင့် စာဖြေသူက အဖြေကို တိတိကျကျ ပြတ်ပြတ်သားသား၊ ပီပီသသ၊ မှန်မှန်ကန်ကန် ဖော်ပြဖြေဆိုရပါမည်။ ဖော်ပြချက်(၅)ခုအတွက် (၁)ခုလျှင် (၁)မှတ်ဖြင့် စုစုပေါင်းရမှတ် (၅)မှတ်ဖြစ်သည်။

မေးခွန်း (၁-ခ) ဤမေးခွန်းတွင် မေးထားသော စာကြောင်းတွင် အဖြေကို (က)(ခ)(ဂ)(၃)မျိုးပေးထားပြီး ယင်းထဲမှ အဖြေမှန်(၁)ခုကို ရွေးချယ်ဖြေဆိုရမည်ဖြစ်သည်။

ယင်းမေးခွန်းတွင်လည်း မေးခွန်းစာကြောင်းကို ပြန်လည်ရေးရန်မလိုပါ။ ဥပမာ “ပြုန်းတီးမှု တန်ဖိုးနုတ်ပြီးသော ဝင်ငွေသည် (က) အမှန်ဝင်ငွေ(ခ) ငွေကြေးဝင်ငွေ (ဂ)အသား တင် ဝင်ငွေ ဟူသော မေးခွန်း၏အဖြေမှန်မှာ (ဂ)အသားတင်ဝင်ငွေ ဖြစ်သည်။

ထို့ကြောင့် မေးခွန်း (၁-ခ) မေးခွန်းနံပါတ်သေး (၁) (ဂ)ဟု ဖြေဆိုရန်ဖြစ်သည်။ စာကြောင်း(၅)ခုအတွက် (၁)ခုလျှင် (၁)မှတ်ဖြင့် စုစုပေါင်းရမှတ် (၅)မှတ်ဖြစ်သည်။

မေးခွန်း(၁-ဂ)ဤမေးခွန်းသည်လည်း ဓမ္မဓိဋ္ဌာန်မေးခွန်းဖြစ်ပြီး ဖြေဆိုသူက ပေးထားသော စာကြောင်းတွင် လိုအပ်သည့် ကွက်လပ်ကို အဖြေမှန်ဖြည့်စွက်ပေးရန်ဖြစ်သည်။

စာကြောင်းပြန်ရေးသားရန်မလိုဘဲ ဖြည့်စွက်ရမည့် အဖြေကိုသာ နံပါတ်တပ်၍ဖြေဆိုရန်ဖြစ်သည်။ တိကျသော အဖြေဖြစ်ရန်နှင့် စာလုံးပေါင်းမှန်ရန်လိုပါသည်။

ဥပမာ-“ကူးသန်းရောင်းဝယ်ရေးဘဏ်များအားလုံးသည် သတ်မှတ်ထားသော အနည်းဆုံး ----------ကို ဗဟိုဘဏ်တွင် ထားရန်တာဝန်ရှိသည်။” ဟူသောမေးခွန်းအတွက်အဖြေမှာ “သီးသန့်ငွေသား" ဖြစ်ရာ ယင်းအဖြေကိုသာ နံပါတ်တပ်၍ ဖြေဆိုရန်ဖြစ်သည်။ စာကြောင်း(၁)ခုလျှင် (၁)မှတ်ဖြင့် (၅)ခုအတွက် စုစုပေါင်းရမှတ် (၅)မှတ်ဖြစ်သည်။

မေးခွန်းနံပါတ်(၁) မေးခွန်းအတွက် အခြေခံပညာ သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာနှင့် ကျောင်းသုံးစာအုပ် ကော်မတီမှ ပြဋ္ဌာန်းထုတ်ဝေထားသည့် ဒသမတန်း ဘောဂဗေဒ ဖတ်စာအုပ်မှ သင်ခန်းစာအခန်းတိုင်း၏ အဆုံး၌ ထိုမေးခွန်းပုံစံများကို လေ့ကျင့်ရန်ထည့်သွင်းပေးထားသဖြင့် ကျောင်းသားကျောင်းသူများအနေဖြင့် ကြိုတင်လေ့လာ နိုင်ပါသည်။

မေးခွန်းနံပါတ် (၂)တွင် အဓိပ္ပာယ်ဖွင့်ဆိုချက်များကိုမေးထားရာ၌ ပေးထားသော အဓိပ္ပာယ်ဖွင့်ဆိုချက် (၁၂)ခု ထဲမှ နှစ်သက်ရာ(၁၀)ခုကိုဖြေဆိုရပြီး တိကျမှန်ကန်ပြည့်စုံပါက (၁)ခုအတွက်(၂)မှတ်အပြည့်၊ မှန်ကန်သော်လည်း မပြည့်စုံပါက (၁)မှတ်နှင့် မှားယွင်းပါက(ဝ)မှတ်ဟု အမှတ်ပေးစည်းမျဉ်း ချမှတ်စစ်ဆေးလေ့ရှိသဖြင့် ဂရုစိုက်ဖြေဆိုကြ ရန်ဖြစ် ပါသည်။

ပြဋ္ဌာန်းစာအုပ်ပါ အဓိပ္ပာယ်ဖွင့်ဆိုချက်များအတိုင်း တိကျမှန်ကန်ပြည့်စုံစွာဖြေဆိုရန် လိုအပ်ပါသည်။ အဖြေသည် တိကျမှန်ကန်မှု ရှိရန်လိုအပ်ပါသည်။ မှားယွင်းသော အဓိပ္ပာယ် ဖွင့်ဆိုချက်များကို အမှတ်ပေးခြင်း မရှိကြောင်းကို ဖြေဆိုသူများ အထူးသတိပြုရန် လိုပါသည်။ ဥပမာ“ထပ်ဆင့်တိုးတန်ဖိုး၏ အဓိပ္ပာယ်ဖွင့်ဆိုချက် မေးထားခြင်းကို “ထပ်ဆင့်တိုး တန်ဖိုးဆိုသည်မှာ ကုန်ကြမ်းတန်ဖိုးတွင် ထပ်ဆင့်တိုးလာသည့်ထုတ်လုပ်မှု၏တန်ဖိုး ဖြစ်သည်။ ́ဟု ဖြေဆိုရမည့် အစားထပ်ဆင့်တိုး တန်ဖိုးခွန်ဆိုသည်မှာ ကုန်စည်တစ်မျိုး၏ ထုတ်လုပ်မှုဖြစ်စဉ် အဆင့်ဆင့်တွင် ထပ်ဆင့်တိုးလာသောတန်ဖိုးများအပေါ်တွင် ကောက်ယူသည့်အခွန်ဖြစ်သည်။” ဟူသော ထပ်ဆင့် တိုးတန်ဖိုးခွန်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို မှားယွင်းဖြေဆိုပါက လွဲမှားနေသဖြင့် အမှတ်လုံးဝ မရနိုင်ပါ။

ထို့ကြောင့် မှားယွင်းလွယ်သော၊ ဆင်တူရိုးမှားဖြစ်ပြီး အဓိပ္ပာယ်လုံးဝကွဲလွဲသော အဓိပ္ပာယ်ဖွင့်ဆိုချက်များကို အလွတ်ကျက်ခြင်းထက် သဘောတရားနားလည်စေရန် ပိုမိုလေ့လာထားပြီး မမှားအောင်ဖြေဆိုရန် လိုအပ်ပါသည်။ တစ်ခုလျှင် (၂)မှတ်နှင့် (၁၀) ခု ဆိုရသည့်အတွက် စုစုပေါင်း (၂၀)မှတ်ဖြစ်သည်။

မေးခွန်းနံပါတ်(၃)တွင် (၁၀)မှတ်တန် မှတ်စုတို(၄)ခု မေးထားပြီး ယင်းထဲမှ နှစ်သက်ရာ(၂)ပုဒ်ကို ဖြေဆိုရမည် ဖြစ်ပါသည်။ ယင်းမေးခွန်းများတွင် အခန်းသီးသန့်စီခွဲကာ မေးထားခြင်းမျိုး မဟုတ်ဘဲ ပြဋ္ဌာန်းစာအုပ်ပါ အခန်း (၆)ခန်းစလုံးမှမေးနိုင်သဖြင့် ကျောင်းသားကျောင်းသူများအနေဖြင့် သင်ရိုးအားလုံးကို နှံ့စပ်စွာ ကျေညက်အောင် ဖတ်ရှုလေ့လာထားရန် အထူးလိုအပ်ပါသည်။ ဤမေးခွန်းအတွက် ရမှတ်မှာ (၂၀)မှတ်ဖြစ်သည်။

မေးခွန်းနံပါတ်(၄)တွင် အမှတ်(၂၀) မေးခွန်းရှည်(၂)ပုဒ်ကို မေးထားပြီး ယင်းထဲမှ နှစ်သက်ရာ (၁)ပုဒ်ကို ဖြေဆိုရမည်ဖြစ်ပါသည်။ မေးခွန်းရှည်အတွက် ကျက်မှတ်ရသည်မှာ အနည်းငယ် ခက်ခဲသဖြင့် ယခင်မေးခွန်းဟောင်းတွင် စာဖြေသူအများစုက ဖြေဆိုမှု နည်းပါးသော်လည်း ယခုမေးခွန်းပုံစံသစ်တွင် (၁)ပုဒ်ကို မဖြစ်မနေဆိုရမည်ဖြစ်သဖြင့် ယခင်ကကဲ့သို့ မလေ့လာပဲ ချန်လှပ်ထားခြင်းမျိုးမပြုကြရန် အထူး သတိပေးလိုပါသည်။

မေးခွန်းနံပါတ်(၃) မှတ်စုတိုကိုဖြစ်စေ၊ မေးခွန်းနံပါတ်(၄) မေးခွန်းရှည်ကိုဖြစ်စေ ဖြေဆိုရာတွင်လည်း မေးထား သည့်အကြောင်းအရာ၏ အဓိပ္ပာယ်ကို ဦးစွာဖွင့်ဆိုသင့်ပါသည်။ ပြီးမှသာ ရှင်းလင်းချက်များကိုဖြေဆိုရပါမည်။ ထို့အပြင် အချက်အလက်များကို ဖော်ပြရှင်းလင်းရန်ဟု မေးလာပါက စစ်ဆေးသူ ရှင်းလင်းပြတ်သားစွာ စစ်ဆေးနိုင် ရန် မေးထားသည့် အချက်အလက်များကို ဦးစွာဖော်ပြပြီးမှ (၁)ချက်ချင်းစီကို အသေးစိတ် ထပ်မံဖြေဆိုသင့်ပါသည်။

မေးခွန်းနံပါတ်(၅)သည် တွက်ချက်မှုနှင့် ဉာဏ်စမ်းပုစ္ဆာကို (က)(ခ)(ဂ)ခွဲ၍ (၁ဝ)မှတ်စီ မေးထားပြီး နှစ်သက်ရာ(၂)ခုကို ဖြေဆိုရပါမည်။ တိကျမှန်ကန်စွာ ဖြေဆိုနိုင်ပါက အမှတ်ပြည့်ရရှိနိုင်သော်လည်း တွက်ချက်မှုနှင့် ယူဆချက် မှားယွင်းပါက အမှတ်လျော့လွယ်သော မေးခွန်းပုံစံဖြစ်ပါသည်။

ထို့ကြောင့် ယင်းမေးခွန်းနှင့်ပတ်သက်၍ အထူးအလေးပေးရှင်းလင်းလိုပါသည်။

(၁) မေးခွန်းတွင် ကိန်းဂဏန်းအချက်အလက်ကို အခြေခံပြီး မျဉ်းကွေးများ၊ ပုံများရေးဆွဲခြင်းဖြစ်ပါက ပေးထားသည့် ကိန်းဂဏန်းပေါ်မူတည်၍ စကေးချပြီး မျဉ်းကွေးကို တိကျစွာ ရေးဆွဲရမည်ဖြစ်ပါသည်။ ဥပမာ -'အားမျှခြေဇယား' ပေးထားပြီး မျဉ်းကွေးရေးဆွဲစေသော မေးခွန်းတွင်ဦးစွာ “အားမျှခြေ”၏ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ဖြေဆိုရပါမည်။

ထို့နောက် မေးခွန်းပါကိန်းဂဏန်းကို လေ့လာ၍ သင့်လျော်သော စကေးကို ဦးစွာချပြီး ဆက်စပ်ကိန်းဂဏန်းကို စကေးအလိုက် ဝယ်လိုအားနှင့် ရောင်းလိုအား မျဉ်းကွေးများအတွက် အစက်ချရပါမည်။ ထို့နောက် ယင်းအမှတ်များကိုဆက်လိုက်ခြင်းအားဖြင့် ဝယ်လိုအားနှင့် ရောင်းလိုအား မျဉ်းကွေးများကို ရရှိပါမည်။ ဤသို့ရေးဆွဲရာတွင် အမှတ်(၂)ခုစီကို ပေတံဖြင့် မျဉ်းဖြောင့်အတိုင်းမဆက်ရဘဲ အမှတ်အားလုံးကို အစဉ်လိုက် လက်ဖြင့်ပြေပြစ်သောမျဉ်းကွေးအဖြစ် ဆက်ရန်လိုပါသည်။

(၂) ထို့အတူ“ထုတ်လုပ်နိုင်မှုအခြေပြဇယား" ပေးထားပြီး မျဉ်းကွေးရေးဆွဲစေသော မေးခွန်းတွင်လည်း ဦးစွာ ထုတ်လုပ်နိုင်မှု အခြေပြမျဉ်းကွေး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုဖြေဆိုပြီး မေးခွန်းပါကိန်းဂဏန်းများကို အခြေခံ၍ သင့်လျော်သော စကေးကိုချကာ ဆက်စပ်ကိန်းဂဏန်းကို စကေးအလိုက်အစက်ချရပါမည်။

ထို့နောက် ယင်းအမှတ်များကို ဆက်လိုက်ခြင်းအားဖြင့် ထုတ်လုပ်နိုင်မှု အခြေပြမျဉ်းကွေးကို ရရှိပါမည်။ ဤတွင်လည်း အစက်များကို အစဉ်လိုက်ပြေပြစ်သော မျဉ်းကွေးအဖြစ် ရေးဆွဲရမည်ဖြစ်သည်။ အခွင့်အလမ်းစရိတ် တွက်ချက်မှု တွင် အခွင့်အလမ်းစရိတ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ တွက်ချက်ရမည့်ပုံသေနည်းကိုဖြေဆိုပြီး
မေးခွန်း တွင် မေးထားသည့် အမှတ်(၂)ခုအတွက် အခွင့်အလမ်းစရိတ်ကို တွက်ချက်ပေးရပါမည်။

(၃) အားမျှခြေတွင် ဇယားပေးပြီး အားမျှခြေ၊ ပိုလျှံဝယ်လိုအား၊ ပိုလျှံရောင်းလိုအားတို့ကို ရှာစေသည့်မေးခွန်းအပြင် ဈေးကွက်အားမျှခြေအပေါ်တွင် ဝယ်လိုအားနှင့် ရောင်းလိုအား ပြောင်းလဲခြင်းများ၏ အကျိုးသက်ရောက်ပုံ ကိုလည်း မေးလေ့ရှိပါသည်။ မေးခွန်းတွင် မူလရှိ ဈေးကွက်အခြေအနေတစ်ခုတွင် ဝယ်လိုအား(သို့)ရောင်းလို အားကိုပြဋ္ဌာန်းသော အချက်များထဲမှ အချက်တစ်ခုခုကိုပြောင်းလဲစေခြင်းသည် လေ့လာရမည့်ဈေးကွက် အခြေအနေကို မည်သို့အကျိုးသက်ရောက်စေသည်စသည်ကို ပုံနှင့်တကွဖြေဆိုရမှာဖြစ်သည်။

(၄) ကိန်းဂဏန်းအချက်အလက်ကို အခြေခံပြီးတွက်ချက်စေသောမေးခွန်းတွင် မေးထားသည့်အကြောင်းအရာ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ပုံသေနည်းကို ဦးစွာဖြေဆိုရပါမည်။ ထို့နောက်မှတွက်ချက်မှုကိုပြုလုပ်သင့်ပါသည်။ ဥပမာ တိုင်းပြည်ဝင်ငွေ တွက်ချက်နည်းဆိုင်ရာမေးခွန်းများ အတွက် တိုင်းပြည်ဝင်ငွေနှင့် တစ်ဦးကျဝင်ငွေတို့၏ အဓိပ္ပာယ် ဖွင့်ဆိုချက်ကိုဖြေဆိုပြီးတွက်ချက်မှုကိုဆက်လက် ဖြေဆိုရန်ဖြစ်သည်။ များသောအားဖြင့် GDP, GNP NNPနှင့် တစ်ဦးကျဝင်ငွေအထိမေးလေ့ရှိသည်။ သတိပြုရန်အချက်မှာ ပေးထားသော ကိန်းဂဏန်းများ၏ ယူနစ်ကို ပြန်သုံးရန်ဖြစ်သည်။ ဆိုလိုသည်မှာ ပေးထားသည့်တန်ဖိုးမှာ ကျပ်သိန်းပေါင်းဆိုပါက ဖြေဆိုရာတွင် ကျပ်သိန်းပေါင်း၊ ကျပ်သန်းပေါင်းဆိုပါက ကျပ်သန်းပေါင်းဖြင့် တွက်ချက်ဖော်ပြရမည်ဖြစ်သည်။ ဤတွင် ပေးထားသောကိန်းဂဏန်းများကို ချရေးပြရုံဖြင့် အမှတ်မရနိုင်သဖြင့် အဆင့်လိုက်တွက်ချက်သွားရန်နှင့် တွက်ချက်မှုတွင် အသုံးပြုသောလက္ခဏာများကို ဖော်ပြရန်လိုပါသည်။

(၅) ငွေကြေးအရေအတွက် သီအိုရီမေးခွန်းတွင် ငွေကြေးပမာဏ၊ ဈေးနှုန်းနှင့် ကုန်စည်အရေအတွက်တို့ကို ပေးထားပြီး ငွေကြေးလှည့်ပတ်မှု အရှိန်ကိုရှာရန် မေးလေ့ရှိပါသည်။ ပထမဦးစွာ ငွေကြေးအရေအတွက်သီအိုရီ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဖြေဆိုရပါမည်။ ထို့နောက် ပေးထားချက်များကိုအခြေခံ၍ တွက်ချက်ရန်ဖြစ်ပါသည်။

(၆) အခွန်စည်းကြပ်မှု နှုန်းနှင့်ပတ်သက်၍ ဝင်ငွေအဆင့်အလိုက် စည်းကြပ်သည့်အခွန်နှုန်းကိုတွက်ပြီး ယင်းအခွန်သည် မည်သည့်အခွန်စည်းကြပ်မှု ပုံသဏ္ဌာန်ဖြစ်သည်ကို သုံးသပ်ပြခိုင်းလေ့ရှိသည်။

အိမ်ထောင်စု(၃)ခု၏ ဝင်ငွေနှင့် ဝင်ငွေခွန်ပေးဆောင်ရမည့်ပမာဏကို ဇယားတွင်ဖော်ပြထားပြီး အိမ်ထောင်စုတစ်ခုစီအတွက် အခွန်နှုန်းကိုရှာကာ ယင်းဝင်ငွေခွန်သည် မည်သည့်အခွန်စည်းကြပ်မှု ပုံသဏ္ဌာန်ဖြစ်သည်ကို သုံးသပ်ပါဟု မေးလေ့ရှိပါသည်။ ဦးစွာ အခွန်စည်းကြပ်မှု ပုံသဏ္ဌာန်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုဖြေဆိုပြီး အိမ်ထောင်စု(၁)ခုချင်းစီ၏ အခွန်ပမာဏကို တွက်ချက်သုံးသပ်ရမည်ဖြစ်သည်။

(၇) ကုန်ဖလှယ်မှု အချိုးနှင့်ပတ်သက်၍ အခြေခံနှစ်နှင့် အခြားနှစ် (၂)ခုတို့၏ ပို့ကုန်ဈေးဆနှုန်းကိန်းနှင့် သွင်းကုန်ဈေးဆနှုန်းကိန်းတို့ကို ပေးထားပြီး ယင်းနှစ်များ၏ ကုန်ဖလှယ်မှု အချိုးကိုတွက်ချက်ကာ အချိုးပြောင်းလဲခြင်း များကို သုံးသပ်ပြစေလေ့ရှိပါသည်။ ဦးစွာ ကုန်ဖလှယ်မှုအချိုး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဖြေဆိုရပါမည်။ ထို့နောက် (၃)နှစ်စလုံး၏ ကုန်ဖလှယ်မှု အချိုးကို (၁)နှစ်စီတွက်ချက်ရပါမည်။

ထိုအခါ အခြေခံနှစ်၏ ကုန်ဖလှယ်မှု အချိုးသည် (၁ဝဝ)ဖြစ်ပြီး ကျန်(၂)နှစ်တွင် ထွက်ရှိသော အဖြေသည် (၁၀၀) ထက်နည်းပါက အခွင့်မသာသော(သို့)ကျဆင်းသော ကုန်ဖလှယ်မှုဟု သုံးသပ်ပြီး(၁ဝဝ)ထက်များပါက အခွင့်သာသော(သို့) တိုးတက်သောကုန်ဖလှယ်မှုဟု သုံးသပ်ဆိုရပါမည်။

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဘောဂဗေဒဘာသာရပ်မေးခွန်းလွှာသည် ပုံစံအသစ်ဟုဆိုသော်လည်း များစွာပြောင်းလဲခြင်းမျိုးမဟုတ်ဘဲ ပြဋ္ဌာန်းစာအုပ်ကို ခြုံငုံမိသော လေ့လာမှု ဖြစ်လာစေရန်ရည်ရွယ်ကာ ရွေးချယ်ရန် များစွာပေးထားခြင်းကိုလျှော့ချပြီး ကိုယ်ပိုင်စဉ်းစားတွေးခေါ်ဆိုရသည့်မေးခွန်းမျိုးကို ပေါင်းစပ်မေးမြန်းသွားခြင်း ဖြစ်ပါသည်။

ထို့ကြောင့် ဖြေဆိုရန်အတွက်ပြဋ္ဌာန်းစာအုပ်ပါ သင်ခန်းစာအားလုံးကို နားလည်သဘောပေါက်အောင် လေ့လာပြီး ကျေညက်အောင်မှတ်သားထားပါက အခက်အခဲမရှိ ကောင်းစွာဖြေဆိုနိုင်မှာဖြစ်ပါသည်။

မေးခွန်းသည် ကျက်မှတ်သည့်အတိုင်းဖြေဆိုရသည့် မေးခွန်းများပါဝင်သည့်အပြင် ကိုယ်ပိုင်စဉ်းစားတွေးခေါ်ဆိုရသည့် မေးခွန်း မျိုးကိုပါ ထည့်သွင်းထားခြင်း၊ ရွေးချယ်ရန် ပုဒ်ရေအနည်းငယ်လျော့ထားခြင်းတို့ကြောင့် ဖြေဆိုသူ ကျောင်းသား ကျောင်းသူများအနေဖြင့် ပိုမိုဂရုစိုက်လေ့လာထားရန် အထူးအသိပေးလိုပါသည်။

ဖြေဆိုသူ ကျောင်းသား ကျောင်းသူများအားလုံး အောင်မြင်ပါစေဟုဆုတောင်းရင်း ပို့ချချက်ကို ရပ်နားလိုက်ပါသည်။

ဒေါက်တာဖြူဖြူအိ၊ ပါမောက္ခ/ဌာနမှူး၊ အသုံးချဘောဂဗေဒ ဌာန၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်

News Read 9481 times