Sales Hotline : 09448001653       Download App



၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သင်္ချာဘာသာရပ် မေးခွန်းပုံစံသစ်အတွက် ရှင်လင်း တင်ပြချက်

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သင်္ချာဘာသာရပ် မေးခွန်းပုံစံသစ်အတွက် ရှင်လင်း တင်ပြချက်

(၁) ကျောင်းသား၊ ကျောင်းသူများ သင်္ချာဘာသာရပ်ကို ပိုမိုစိတ်ဝင်စား လာစေပြီး၊ သင်ရိုး ပြဌာန်းချက် သင်ခန်းစာအားလုံးကို လွှမ်းခြုံလေ့လာနိုင်စေရန်၊

(၂) အဖြေကို အလွတ်ကျက်မှတ် ဖြေဆိုခြင်းထက် သင်ခန်းစာအားလုံးကို ကိုယ်ပိုင်ဉာဏ်စွမ်း ရှိသလောက် စဉ်းစားတွေးခေါ်လေ့လာ သင်ယူနိုင်စေရန်၊

(၃) ရွေးချယ်စရာမေးခွန်း အရေအတွက်များခြင်းကြောင့် သင်ခန်းစာ အချို့ကို ရှောင်လွှဲ၍ ဖြေဆိုခြင်းဖြင့် တတ်မြောက်မှု အားနည်းခြင်းများ ကင်းဝေးလာစေရန်၊

(၄) သင်္ချာဘာသာရပ်သဘောကို အကဲဖြတ်တတ်စေပြီး၊ သင်ခန်းစာ သင်ယူတတ်မြောက်ခြင်း ကို အထောက်အကူဖြစ်စေရန်၊

(၅) အခန်းအချို့ကိုသာ အပိုင်ကျက်မှတ်ဖြေဆိုပြီး အမှတ်များများရခြင်းကို လျော့ပါးလာစေရန်တို့ ဖြစ်ပါသည်။

မေးခွန်းပုံစံသစ်သည် မေးခွန်းပုံစံအားလုံး အလုံးစုံပြောင်းလဲခြင်းမျိုး မဟုတ်ဘဲ ကျောင်းသား၊ ကျောင်းသူများ၏ သင်္ချာဘာသာရပ်အပေါ် စိတ်ဝင်စားမှု၊ ကိုယ်ပိုင်ဉာဏ်စွမ်းရှိမှု၊ ကျွမ်းကျင် တတ်မြောက် သိနားလည်မှုတို့ကို အခြေခံ၍ မေးခွန်းပုံစံအချို့ ပြောင်းလဲခြင်းသာ ဖြစ်ပါသည်။ မေးထားသော မေးခွန်းများကို သေချာစွာ နားမလည်ဘဲ အဖြေကိုမှန်းဆထည့်ခြင်း၊ အက္ခရာစဉ်ကို တန်းစီရေးချဖြေဆိုခြင်းများဖြင့် အမှတ်ရသောမေးခွန်းများ မပါဝင်ပါ။ ထို့ကြောင့် ယခုမေးခွန်းပုံစံသစ်တွင် စဉ်းစားတွေးခေါ်မှုကို အခြေခံသော လွယ်သင့်ခက်မျှတသော မေးခွန်း များ ပိုမိုပါဝင်လာပါမည်။

ယခုမေးခွန်းပုံစံအသစ်မှာ Multiple Choice မေးခွန်းများ မပါဝင်တော့ဘဲ SECTION (A)၊ SECTION (B) နှင့် SECTION (C) ဟူ၍ အပိုင်း(၃)ပိုင်း ပါဝင်မည်ဖြစ်ပါသည်။ မေးခွန်း အပိုင်းအားလုံး ဖြေဆိုရမည်ဖြစ်ပြီး၊ သင်ခန်းစာအားလုံး လွှမ်းခြုံအောင်မေးထားသည့် မေးခွန်း ဖြစ်ပါသည်။ SECTION တစ်ခုချင်းအလိုက် ရှင်းပြပါမည်။

SECTION (A) တွင် မေးခွန်း(၅)ပုဒ်မေးထားပြီး၊ မေးခွန်းအားလုံးဖြေဆို ရပါမည်။ အပုဒ်တိုင်းမှာ အပုဒ်ခွဲ (a) နှင့် (b) ခွဲ၍ မေးထားပြီး၊ အပုဒ်ခွဲတစ်ပုဒ်လျှင် (၃)မှတ် ပေးထားပါသည်။ စုစုပေါင်း (၃၀) မှတ် ဖြစ် သည်။

Chapter 1 to 7 မှ အပုဒ်ခွဲ(၆)ပုဒ်နှင့် Chapter 8 to 12 မှ အပုဒ်ခွဲ(၄)ပုဒ် မေးမှာဖြစ်ပြီး၊ စုစုပေါင်းအပုဒ်ခွဲ (၁၀)ပုဒ်ပါဝင်မှာဖြစ်သည်။

အပုဒ်ခွဲ(၁၀)ပုဒ်တွင် Chapter (4) နှင့် Chapter (9) အခန်းများမှ မေးခွန်းများ ပါဝင်ပါက ကျန်သော SECTION များတွင် မေးမည်မဟုတ်ပါ။

SECTION (B) တွင် Chapter 1 to 7 မှ မေးခွန်း(၅)ပုဒ် မေးထားပြီး၊ ကြိုက်နှစ်သက်ရာ မေးခွန်း(၄)ပုဒ်ကိုသာ ဖြေဆိုရပါမည်။

မေးခွန်းတစ်ပုဒ်စီတွင် အပုဒ်ခွဲ (a) နှင့် (b) ခွဲ၍ မေးမည် ဖြစ်ပြီး၊ မေးခွန်းတစ်ပုဒ်လျှင် (၁၀)မှတ်ပေးထားပါသည်။ စုစုပေါင်း (၄၀) မှတ် ဖြစ်သည်။

SECTION (B) အတွက် ကန့်သတ်ချက်များမှာ မေးခွန်းတစ်ပုဒ်စီတွင် အပုဒ်ခွဲ (a) နှင့် (b) ကို Chapter တစ်ခုတည်းမှ တွဲ၍ မေးမည်မဟုတ်ပါ။

သို့သော် Chapter 1 to 7 မှ Chapter များကိုသာ တွဲမေးမည်ဖြစ်ပြီး ဘာသာရပ်အခြေခံ အနည်းငယ်ရှိရုံမျှဖြင့် ဖြေဆိုနိုင်သော မေးခွန်း များပါဝင်ပါမည်။

မေးခွန်းတစ်ခုစီတွင် ပါဝင်သော အပုဒ်ခွဲ (a) နှင့် (b) အတွဲတိုင်းသည် မတူညီသော အတွဲများ မေးမည်ဖြစ်သော်လည်း စဉ်းစားတွေးခေါ်မှု အနည်းငယ်သာပါဝင်သော မေးခွန်းများပါဝင်ပါမည်။

Chapter 1 to 7 မှ Chapter အားလုံး ကျွမ်းကျင်တတ်မြောက်မှုကို စစ်မေးသော မေးခွန်းများသာ ဖြစ်သည်။

SECTION (C) တွင် Chapter 8 to 12 မှ မေးခွန်း(၄)ပုဒ် မေးထားပြီး၊ ကြိုက်နှစ်သက်ရာ မေးခွန်း(၃)ပုဒ်ကိုသာ ဖြေဆိုရမည်။ မေးခွန်းတစ်ပုဒ်စီတွင် အပုဒ်ခွဲ (a) နှင့် (b) ခွဲ၍ မေးမည် ဖြစ်ပြီး၊ မေးခွန်းတစ်ပုဒ်လျှင် (၁၀)မှတ်ပေးထားပါသည်။ စုစုပေါင်း (၃၀)မှတ်ဖြစ်သည်။

SECTION (C) အတွက် ကန့်သတ်ချက်များမှာ မေးခွန်းတစ်ပုဒ်စီတွင် အပုဒ်ခွဲ (a) နှင့် (b) ကို Chapter တစ်ခုတည်းမှ တွဲ၍မေးမည်မဟုတ်ပါ။

မေးခွန်း တစ်ပုဒ်စီတွင် ပါဝင်သော အပုဒ်ခွဲ (a) နှင့် (b) အတွဲတိုင်းသည် မတူညီသော အတွဲများဖြင့် မေးမည်ဖြစ်ပါသည်။

သို့သော် သာမန်ရိုးစင်း ရှင်းလင်းလွယ်ကူသော မေးခွန်းများနှင့် စဉ်းစားတွေးခေါ်မှုကို အားပေးသော မေးခွန်းများ ပါဝင်ပါမည်။

ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူများအတွက် ဖြေဆိုမှု အခက်တွေ့ စေမည့် ပညာပြမေးခွန်းများ မပါဝင်ပါ။

ကျောင်းသား၊ ကျောင်းသူများ သင်္ချာဘာသာရပ်ကို ကျေညက်ပြီး စဉ်းစားတွေးခေါ် တတ်အောင် လေ့ကျင့်ပေးသည့် မေးခွန်းများသာ ပါဝင်ပါမည်။

အပိုင်း (၃)ပိုင်းလုံးအတွက် စုစုပေါင်း (၁၀၀)မှတ်ဖြစ်ပြီး၊ ဖြေဆိုချိန် (၃)နာရီဖြစ်ပါသည်။

Maths1

maths2

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: MOI Webportal Myanmar

News Read 7840 times