Sales Hotline : 09448001653       Download App



၁၀ တန်းစာမေးပွဲ ဖျက်သိမ်းပြီး တက္ကသိုလ်ဝင်ခွင့် တိုက်ရိုက်လျှောက်နိုင်သည့်စနစ် ကျင့်သုံးရန်စီစဉ်

၁၀ တန်းစာမေးပွဲ ဖျက်သိမ်းပြီး တက္ကသိုလ်ဝင်ခွင့် တိုက်ရိုက်လျှောက်နိုင်သည့်စနစ် ကျင့်သုံးရန်စီစဉ်

လက်ရှိကျင်းပနေသော တက္ကသိုလ်ဝင်စာမေးပွဲကို ဖျက်သိမ်းပြီး တက္ကသိုလ်များက တိုက်ရိုက်ဝင်ခွင့် ခေါ်ယူသည့်စနစ်ကို ကျင့်သုံးရန် စီစဉ်နေကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနနှင့် အဆင့်မြင့်ပညာဦးစီးဌာနတို့ထံမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို ဖျက်သိမ်းပြီး အခြေခံပညာ ဒွါဒသမတန်း (၁၂ တန်း) ပြီးမြောက်သူများကို အခြေခံပညာအထက်တန်း ပြီးဆုံးကြောင်း လက်မှတ်ထုတ်ပေးမည်ဟု ပညာရေးဝန်ကြီးဌာနက ကြေညာထားပြီးဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲလင်းမြင့်က ပြောကြားသည်။

ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် သင်ရိုးသစ်ဖြင့် ပညာသင်နှစ်အလိုက် ပြောင်းလဲရမည့်အတန်းများနှင့် သင်ရိုးဟောင်းအတန်းများစာရင်းတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲမရှိဟု ဖော်ပြထားသည်။ ထို့နောက် ဒွာဒသမတန်း (၁၂ တန်း)ကို ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် စတင်အစားထိုးသင်မည်ဖြစ်ကြောင်းလည်းဖော်ပြထားသည်။
လက်ရှိကျင်းပနေသော တက္ကသိုလ်ဝင်စာမေးပွဲ (၁၀ တန်းစာမေးပွဲ) ကို ဖျက်သိမ်းရန် စီစဉ်ခြင်းမှာ KG+12 သင်ရိုးသစ် အစားဝင်ရောက်လာသဖြင့် အထက်တန်းတွင် ၁၁ တန်းနှင့် ၁၂ တန်း ထပ်တိုးလာမည်ဖြစ်ရာ ၁၀ တန်း စာမေးပွဲ တစ်ခုတည်းကိုကြည့်၍ တက္ကသိုလ်ဝင်ခွင့် ဆုံးဖြတ်ရန် မသင့်လျော်တော့သောကြောင့်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနထံမှ သိရသည်။

အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဝင် ဦးကျော်နိုင်ကမူ အခြေခံပညာရေး ဥပဒေကြမ်းတွင် ပါဝင်သည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဗဟိုကဦးစီးကျင်းပရမည်ဆိုသည့်အချက်ကို ပယ်ဖျက်ရန် ပညာရေးဝန်ကြီးဌာနက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းမှုရှိကြောင်းဆိုသည်။

“အခြေခံပညာရေး ဥပဒေကြမ်းမှာ နောက်ဆုံးအဆင့်မှာ ဗဟိုအဆင့်ကနေ စာမေးပွဲစစ်ဆေးမယ်ဆိုတဲ့ စာလေးထည့်ထားတယ်။ အဲဒါကို လာညှိတဲ့အချိန်မှာ ပယ်ဖျက်သည် ဆိုတာမျိုးဖြစ်သွားတယ်” ဟု ၎င်းကပြောသည်။

ထို့သို့ပယ်ဖျက်မှုသည် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုလိုက်ပါက ပညာရေးဝန်ကြီးဌာနက ဦးစီးကျင်းပသည့် တက္ကသိုလ်ဝင်ခွင့်စနစ် ရှိတော့မည်မဟုတ်ဘဲ တက္ကသိုလ်တစ်ခုချင်းစီအလိုက် သီးခြားဝင်ခွင့်ခေါ်ယူမှုများ ဖြစ်လာနိုင်ကြောင်း ဦးကျော်နိုင်က ဆိုသည်။

ပြည်သူ့လွှတ်တော်ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ တင်အောင်ကမူ အခြေခံပညာဥပဒေ အတည်ပြုပြီးနောက်တွင် လက်ရှိကျင်းပနေသော ၁၀ တန်းစာမေးပွဲ(တက္ကသိုလ်ဝင် စာမေးပွဲ) သည် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်တွင် ရှိတော့မည်မဟုတ်ဘဲ ကျောင်းသား၊ ကျောင်းသူများသည် ၁၂ တန်းအထိ တက်ရောက်ရမည်ဖြစ်ကြောင်း ပြောသည်။

အခြေခံပညာ ၁၂ တန်းပြီးဆုံးပါက အခြေခံပညာအထက်တန်းပြီးဆုံးကြောင်း စာမေးပွဲဖြေဆိုရမှု ရှိလာနိုင်ပြီး တက္ကသိုလ်များကလည်း တက္ကသိုလ်ဝင်ခွင့် သီးခြားခေါ်ယူသည့်စနစ်ဖြစ်လာနိုင်ကြောင်း ၎င်းကဆိုသည်။

လက်ရှိတွင် တက္ကသိုလ်တစ်ခုချင်း၏ ကိုယ်ပိုင်မူများဖြင့် တက္ကသိုလ်ဝင်ခွင့်ဖြေဆိုကာ တိုက်ရိုက်လျှောက်ထားနိုင်သော တက္ကသိုလ်များဟု လူသိများသည့်တက္ကသိုလ်မှာ ၁၄ ခု ရှိနေပြီဖြစ်သည်။

တက္ကသိုလ်ဝင်စာမေးပွဲကို ပယ်ဖျက်ပြီး တက္ကသိုလ်အသီးသီးက တိုက်ရိုက်ဝင်ခွင့်ခေါ်ယူသည့်စနစ်သာ အပြည့်အဝအကောင်အထည်ဖော်နိုင်ပါက တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်ကောင်းကောင်းဖြင့်အောင်ရန် သင်ကြားသည့် ကျူရှင်များ လျော့နည်းသွားနိုင်ကြောင်း ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ရူပဗေဒဌာနမှ ကထိက ဦးဇော်မျိုးလှိုင်က ဆိုသည်။

“တိုက်ရိုက်ခေါ်မယ်ဆိုပေမယ့် တက္ကသိုလ်တွေက သူ့သတ်မှတ်ချက်တွေတော့ ရှိမှာပေါ့။ ဥပမာ – ဆေးတက္ကသိုလ်ဆိုလည်း အခြေခံပညာအထက်တန်းစာမေးပွဲ ဘယ်အဆင့်နဲ့ အောင်သူတွေ ဝင်ခွင့်လျှောက်နိုင်တယ်ဆိုတာမျိုး သတ်မှတ်တာတွေပေါ့။ အမှတ်တစ်ခုတည်းကြည့်ပြီး ဆုံးဖြတ်တာမျိုး မရှိတော့ဘူးပေါ့” ဟု ၎င်းကဆိုသည်။

ထို့အပြင် တက္ကသိုလ်တစ်ခုချင်းစီအလိုက် ဝင်ခွင့်ဖြေဆိုနိုင်ရန် လေ့ကျင့်ပေးသည့် ပုဂ္ဂလိက ဝင်ခွင့်သင်တန်းများလည်း ပေါ်ပေါက်လာနိုင်ကြောင်း ၎င်းက သုံးသပ်သည်။

Source: The Voice

News Read 1799 times