Sales Hotline : 09448001653       Download App



ဆရာမများ ရာထူးတိုးစာမေးပွဲစနစ်မူဝါဒများကို ပြင်ဆင်ရေးဆွဲ

ဆရာမများ ရာထူးတိုးစာမေးပွဲစနစ်မူဝါဒများကို ပြင်ဆင်ရေးဆွဲ

အခြေခံ ပညာကဏ္ဍတွင်ရှိသော ဆရာ/ဆရာမများအတွက် ရာထူးတိုးအပြောင်းအရွှေ့ပြုလုပ်ရာတွင် အချို့သောမူဝါဒမှာ ကာလဒေသနှင့် ကိုက်ညီမှုမရှိကြောင်း သိရသည်။

အခြေခံပညာဦးစီးဌာနမှ အဆိုပါ နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြန်လည်ပြုပြင်ရေးဆွဲနေကြောင်း သိရသည်။

ယခုနှစ်ပညာသင်နှစ်တွင် ရာထူးတိုးအပြောင်းအရွှေ့များကို ကျောင်းဖွင့်ချိန်အမီ ဧပြီလတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

ယခုအချိန်တွင် ဥပဒေပြင်ဆင်ရန်အတွက် ပညာရှင်များနှင့် အစည်းအဝေးထိုင်နေပြီး တိုးတက်ပြောင်းလဲမှုများ ရှိရန်လည်း မျှော်လင့်နေကြသည်။

ထို့ပြင် ဥပဒေမူကို နောက်အပတ်တွင် အပြီးဆွဲမည်ဟုလည်း အခြေခံပညာဦးစီးဌာန၏ ပူးတွဲညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲက ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ပြောကြားခဲ့သည်။

၂၀၁၅-၁၆ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်းပြမှ အလယ်တန်းသို့ ရာထူးတိုးလျှောက်ရာတွင် အရည်အချင်းစစ်စာမေးပွဲကို မပျက်မကွက်ပြုလုပ်ရန် ရက်သတ်မှတ်လိုက်သည်။

လူတွေ့စစ်ဆေးခြင်းများ ထပ်မံပြုလုပ်ရန်အတွက်လည်း သတ်မှတ်ခဲ့ရာ အခြေခံဆရာ/ဆရာမများ၏ ဝေဖန်မှုများ ကြုံတွေ့ခဲ့ရသည့်အပြင် ပဲခူးတိုင်းဒေသကြီးရှိ ဆရာ/ဆရာမများအချို့ ဖဲကြိုးနီ တပ်ဆင်ကာ ဆန္ဒထုတ်ဖော်ပွဲအချို့ ပြုလုပ်ခဲ့သည်။

ထို့ကြောင့် ရာထူးအပြောင်းအရွှေ့အတွက် မူဝါဒများရေးဆွဲပါက ဆရာ/ဆရာမများကို ဆွေးနွေးတိုင်ပင်သင့်ကြောင်း ဧရာဝတီတိုင်းဒေသကြီးမှ မူလတန်းပြ ဆရာတစ်ဦးမှ ပြောကြားခဲ့ပါသည်။

ယခုလက်ရှိတွင် မြန်မာနိုင်ငံ အခြေခံပညာကဏ္ဍတွင် စုစုပေါင်းဆရာ/ဆရာမဦးရေ လေးသိန်းဝန်းကျင်တွင် ရှိနေကြောင်း သိရှိရသည်။

Source: Democracy

News Read 7804 times