Sales Hotline : 09448001653       Download App



စတုတ္ထတန်း စာရိတ္တနှင့် ပြည်သူ့နီတိပြဋ္ဌာန်းစာအုပ်ပါ ဝံသာနုစိတ်ဓာတ်ကဗျာကို သင်ရိုးမှပယ်ဖျက်

စတုတ္ထတန်း စာရိတ္တနှင့် ပြည်သူ့နီတိပြဋ္ဌာန်းစာအုပ်ပါ ဝံသာနုစိတ်ဓာတ်ကဗျာကို သင်ရိုးမှပယ်ဖျက်

စတုတ္ထတန်း (Grade-5) စာရိတ္တနှင့် ပြည်သူ့နီတိပြဋ္ဌာန်းစာအုပ်ပါ ၀ံသာနုစိတ်ဓာတ်ကဗျာကို မတ်လ ၇ ရက်ကစကာ သင်ရိုးမှ ပယ်ဖျက်ခဲ့သည်။

‘သားသမီးဝတ်ငါးပါးမှာ တစ်ပါးဝင်အပါ၊ အမျိုးဂုဏ်သာ စောင့်ပါမှ အမျိုးချစ်မည်ပ၊ မြေမျိုသည်က မထောင်းတာ လူမျိုးမပျောက်ပါ၊ လူမျိုရင်သာ လူမျိုးပျောက်  အားလုံးဒုက္ခရောက်၊ အမျိုးပျောက်မှာ စိုးကြောက်ပါကျွံဖြစ်နွံနစ်မှာ၊ သွေးနှောတာ ငါတို့မုန်း လူမျိုးအညွန့်တုံး’ဟူသည့်  ၀ံသာနုစိတ်ဓာတ်ကဗျာကို အခြေခံပညာသင်ရိုးမှ ပယ်ဖျက်ခြင်း ဖြစ်သည်။

ထိုကဗျာကို သင်ကြားခြင်း မပြုရန်နှင့် ပယ်ဖျက်ကြောင်း တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးများက တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများသို့ အဆင့်ဆင့်ညွှန်ကြားရန် အခြေခံပညာ ဦးစီး ဌာနက မတ်လ ၇ ရက်စွဲဖြင့် ညွှန်ကြားချက်ထုတ်ပြန် သည်။

 ‘‘လက်ရှိခေတ်စနစ်နဲ့ မကိုက်လို့ပယ်တာပါ’’ဟု အခြေခံပညာဦးစီးဌာန တာဝန်ခံညွှန်ကြား ရေးမှူးချုပ် ဦးကိုလေးဝင်းက ဆိုသည်။

READ - အခြေခံပညာအတန်းများ၏ အောင်စာရင်း ဧပြီ ၂၁ ရက် ကြေညာမည်

အခြေခံပညာ စတုတ္ထတန်း တွင် သင်ကြားနေသည့် စာရိတ္တနှင့်ပြည်သူ့နီတိ ပြဋ္ဌာန်းစာအုပ် ၂၀၁၅-၁၆ ပညာသင်နှစ်တွင် ရိုက်နှိပ်ထားခြင်း ဖြစ်သည်။

လက်ရှိ ပြောင်းလဲနေသည့် KG+12 (သူငယ်တန်း+၁၂ တန်း)စနစ်သစ်အရ စတုတ္ထတန်း (Grade-5)ကို ၂၀၂၀-၂၁ ပညာသင်နှစ်မှသာ သင်ရိုးသစ်ပြောင်းလဲမည်ဖြစ်ရာ ဇွန်လတွင် စတင်မည့် ၂၀၁၉-၂၀  ပညာသင်နှစ်အထိ ၀ံသာနုစိတ်ဓာတ်ကဗျာ ထည့်သွင်း ရိုက်နှိပ်ထားသည့် ပြဋ္ဌာန်းစာအုပ် အဟောင်းကိုသာ ဆက်လက်သုံးရမည် ဖြစ်သည်။ သို့သော် ထိုကဗျာကို ကလေးများအား မသင်ကြားရန် ညွှန်ကြားထားသည်။

‘‘အဲဒီကဗျာကတော့ ကိုယ့် Identityကို ထိန်းသိမ်းဖို့ပေါ့။ ၀ံသာနုစိတ်ဓာတ်နဲ့ စောင့်ထိန်းဖို့၊ သွေးနှောတာ မလုပ်ရဘူးဆိုတာ ပါတယ်။ ဒီကဗျာမှာက ကိုယ့်အ မျိုးကို သိပ်ချစ်တဲ့စိတ်ကို ရှေ့တန်းတင် လွန်းတဲ့ သဘောဖြစ်တဲ့အတွက်ရယ်၊ တခြားကိုယ်နဲ့ မတူတာတွေကို အမုန်းစိတ်တွေဝင်မှာ ကြောက်တဲ့အတွက် စေတနာနဲ့ ဖြုတ်တယ်လို့ ယူဆပါတယ်’’ဟု စာရေးဆရာ မောင်သာချိုက မှတ်ချက် ပြုသည်။

ခေတ်မီကမ္ဘာတွင် လူတိုင်းသည် မိမိ၏ Identity ကို ထိန်းသိမ်းသင့်သော်လည်း ကိုယ်သာအမှန်၊ ကိုယ် သာ အကောင်း၊ အခြားသော အမျိုးအနွယ်မတူ၊ အသားအရောင်မတူ၊ ဘာသာမတူ၊ နိုင်ငံ မတူသူ များကို ရန်ရှာမုန်းတီးသည့် စိတ်များမထားသင့်တော့ဘဲ မတူညီမှုကို လက်ခံလေးစားတတ်ရန် လိုအပ်လာပြီဟု စာရေးဆရာ မောင်သာချိုက ဆိုသည်။

မူလတန်းသင်ရိုးညွှန်းတမ်း ပါ ၀ံသာနုစိတ်ဓာတ်ကဗျာကို ပယ်ဖျက်ပေးရန် အရပ်ဘက်အဖွဲ့အစည်း တစ်ရာကျော်နှင့်  တစ်သီးပုဂ္ဂလပုဂ္ဂိုလ် ၁၂ ဦးက စုပေါင်းလက်မှတ်ရေးထိုးကာ နိုင်ငံတော်သမ္မတထံ ၂၀၁၈ ဒီဇင်ဘာက အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့ သည်။

ဝံသာနုစိတ်ဓာတ်ကဗျာ သည် မျိုးချစ်စိတ်ဓာတ်ကို မြှင့်တင်ပေးသည်ဟု မည်မျှပင် ရည်ရွယ်ချက် ကောင်းစေကာမူ နုနယ်သည့်ကလေးငယ်များကို ခွဲခြားဆက်ဆံတတ်သည့်၊ မတူကွဲပြားမှုကို မုန်းတီး စရာ အဖြစ် ရှုမြင်တတ်သည့် အမုန်းစိတ်ဓာတ်ကို သွတ်သွင်းပေးနေ သကဲ့သို့ဖြစ်ကြောင်း အိတ်ဖွင့်ပေးစာတွင် ရေးသားထားသည်။

READ - အခမဲ့ ဒစ်ဂျစ်တယ်နည်းပညာ ကွန်ပျူတာအခြေခံသင်တန်း

source: 7day

News Read 3457 times