Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးမှာ အမှားကင်းစေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးမှာ အမှားကင်းစေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

၂၀၁၉ ခုနှစ်၊ တက္ကသိုလ် ဝင် စာ မေးပွဲကြီးကို မတ် လ ၆ ရက် မှ ၁၅ ရက် နေ့ အထိ တစ်နိုင် ငံလုံး စစ် ဆေးမည်ဖြစ်ပါတယ်။

ယခုနှစ် မေးခွန်းပုံစံအသစ်တွင် ဘာသာရပ် အားလုံး၌ လွယ်၊ သင့်၊ ခက် မျှတစွာဖြင့် စဉ်းစားတွေးခေါ်မှုကို အားပေးသည့် မေးခွန်းများ ပိုမိုပါဝင်လာမည် ဟုသိရှိရပါတယ်။

မေးခွန်းပုံစံသစ်များကိုလည်း ဘာသာရပ်အသီးသီးအလိုက် ရှင်းလင်း ပို့ချ ပေးထားပါတယ်။

ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘဆွေမျိုးများလည်း ရင်ခုန်စိတ်လှုပ်ရှားပြီး စိုးရိမ်မှုတွေ များစွာ ရှိနေမှာပါ။

စာဖြေခန်း အတွင်းမှာ ဆောင်ရန်၊ ရှောင်ရန်တွေကို အဓိကပြောပြပေးပါ့မယ်။

READ - ၂၀၁၉ ခုနှစ် တက္ကသိုလ် ဝင် စာ မေးပွဲ အချိန် စာရင်း

ကျောင်းသား၊ ကျောင်းသူများအားလုံး အဓိကမှာချင်တာကတော့ စာဖြေခန်းအတွင်းမှာ စိတ်အေးအေးထားပြီး ဖြေဆိုဖို့ ပထမဆုံး ပြောချင်ပါတယ်။

၁။ စာမေးပွဲအချိန်ဇယား

ဘယ်နေ့မှာ ဘယ်သာသာဖြေဆိုရမယ်ဆိုတာလေးတော့ သေချာလေးမှတ်ထားပါ။

၂။ ဖြေဆိုရာတွင် အသုံးပြုရမည့် ပစ္စည်းကိရိယာများ

စာဖြေဖို့မသွားခင်မှာ အဓိက စဉ်းစားရမှာကတော့ မိမိဖြေဆိုရာတွင် အသုံးပြုရမယ့် ဘောလ်ပင်၊ ခဲတံ၊ ပေတံ၊ ခဲဖြတ်၊ စာမေးပွဲဝင်ခွင့် ကတ်ပြားတို့ကို မမေ့ဖို့ အထူးအရေးကြီးပါတယ်။ စာမေးပွဲကြီး မပြီး မချင်း အိမ်က အထွက်မှာ သေချာစစ်ပြီးမှ သွားပါနော်။ မိဘတွေအနေနဲ့ကလည်း ကိုယ့်သားသမီးကို လိုအပ်တာတွေ ပါမပါ တစ်ချက်မေးပေးပါ။

၃။ ခုံအမှတ်သေချာရေးပါ။

စာဖြေလွှာရဲ့ သတ်မှတ်ထားသော နေရာတွင်သာ ခုံအမှတ်ကို တပ်ပါ။ အခန်းစောင့် ဆရာ၊ ဆရာမတွေကလည်း သေချာတပ်ဖို့ ပြောပါလိမ့်မယ်။ ဆရာမတွေကပြောပေမယ့် ကိုယ်က သေချာနားမလည် ဘူး ဖြစ်နေပါက ချက်ချင်း ခေါ်မေးပါ။ ကိုယ်တပ်ထားတဲ့နေရာ မှန်၊ မမှန် တစ်ချက်စစ်ခိုင်းပါ။ နောက်ထပ်အဖြေလွှာစာရွက် ထပ်တောင်းပါက သတ်မှတ်ထားသောနေရာတွင်သာ ခုံအမှတ်တပ်ပါ။ စာမျက်နှာ တိုင်းကို လိုက်တပ်စရာမလိုပါဘူး။

၎။ ခန့်မှန်းမေးခွန်းများ မယုံပါနဲ့။

စာမေးပွဲအနီးကပ် ခန့်မှန်းမေးခွန်းများကို လုံးဝ မယုံပါနဲ့နော်။ အကယ်၍ မိမိက ခန့်မှန်းမေးခွန်းတွေပဲ ကြည့်သွားပြီး မေးခွန်းထဲမှာ ကိုယ်မကြည့်ထားတာတွေ ပါလာတဲ့အခါ စိတ်ဓာတ်ကျမှုတွေကြုံတွေ့ ရစေနိုင်ပါတယ်။ အထူးသဖြင့် ဒီနှစ်က မေးခွန်းပုံစံ ပြောင်းလဲမေးမည့် နှစ်ဖြစ်တဲ့အတွက် ခန့်မှန်းမေးခွန်းတွေကို လုံးဝလုံးဝ အားမကိုးပါနဲ့။

၅။ စာမေးပွဲစည်းကမ်းများကို လေးစားလိုက်နာပါ။

စာမေးပွဲခန်းမထဲတွင် စာမေးပွဲစည်းကမ်းချက်များကို အခန်းစောင့် ဆရာ၊ ဆရာမများက ဖြေဖို့မတိုင်ခင်မှာ ဖတ်ပြပေးသွားမှာပါ။ အကယ်၍ စာမေးပွဲစည်းကမ်းတစ်ခုခုကို ချိုးဖောက်ပါက ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း အသိပေးထားပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲခန်းအတွင်း မှတ်စုစာရွက်စာတမ်း များ ယူဆောင်လာခြင်း၊ လက်ဝါးပေါ်တွင် စာရေးလာခြင်း၊ အဖြေ လွှာစာအုပ်တွင် မသက် ဆိုင်သည့် စာများ ရေးသားခြင်းစသည့် စည်းကမ်းချက်များကို ဖောက်ဖျက်ပါက ဖြေဆိုခွင့် ၂ နှစ်မှ ၃ နှစ်အထိ ပိတ်ပင်မည်ဖြစ်သည်။

စာမေးပွဲကြီးကြပ်ရေးမှူးများကို ကလန်ကဆန်ပြုခြင်း၊ ကြိမ်းမောင်းရန်ပြုခြင်း၊ တစ်ဦးဦး၏ အဖြေလွှာစာအုပ်တွင် အခြားတစ်ဦးက ဖြေပေးခြင်းနှင့် စာဖြေသူအချင်းချင်း အဖြေလွှာစာအုပ်၊ မေးခွန်းအလဲ အလှယ်ပြုလုပ် ခြင်း၊ လူစားထိုး ဖြေဆိုခြင်း၊ အဖြေလွှာစာအုပ်မအပ်ဘဲ ယူဆောင်သွားခြင်း စသည့်အချက်များ ဖောက်ဖျက်ပါက နှစ်အကန့်အသတ်မရှိ ဖြေဆိုခွင့်ပိတ်ပင်မည်ဖြစ်သည်။

၆။ စာဖြေခန်းသို့ အချိန်မီသွားပါ။

တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မေးခွန်းများ မဝေငှမီအချိန်အတွင်း စာဖြေခန်း အတွင်းသို့ အချိန်မီရောက်ရှိရမည်ဖြစ်သည်။

၇။ မေးခွန်းကိုသေချာဖတ်ပါ။

ကျောင်းသားအများစုဖြစ်နေတာက မေးခွန်းကို သေချာမဖတ်တဲ့အကျင့်ပါဘဲ။ မေးခွန်းထဲမှာ သိတဲ့ စာလုံးတစ်လုံးပါတဲ့အခါ ငါထင်တဲ့အပုဒ်ဆိုပြီး ကောက်ဖြေလိုက်တာပါဘဲ။ တကယ်ဆို မေးခွန်းလေးကို ဆုံးအောင် ဖတ်ကြည့်သင့်ပါတယ်နော်။ တော်ကြာ မေးတာနဲ့ ဖြေတာ လွဲတဲ့အခါ နောင်တရမယ့်သူက ပထမဆုံး ကိုယ် ဖြစ်နေမှာပါ။

နောက်ပြီးကိုယ်ဖြေလိုက်တဲ့ မေးခွန်းနံပါတ်စဉ်တွေကိုလည်း သေချာတပ်ပါ။ တစ်ခုမှ မှားလို့မရပါဘူး။ အကယ်၍ မှားပါသွားခဲ့ပါက မှားတဲ့အတိုင်းသာ စာစစ်ဌာနက စစ်ပေးလိုက်မှာဖြစ်ပါတယ်။

၈။ ပေးမှတ်နဲ့ တန်အောင်ဖြေပါ။

တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာရပ်တိုင်းအတွက် အမှတ် ၁၀၀ ဖိုး (၃ နာရီ) ခွင့်ပြုထားပါတယ်။ မေးခွန်းမှာ ပေးထားတဲ့အမှတ်ကို သေချာကြည့်ပြီး ဖြေပါ။ မရတဲ့ပုဒ်စာတွေမှာ မကြာစေဖို့ သတိပြုပါ။ ရတဲ့ပုဒ်စာ အရင်ဖြေဆိုဖို့ အကြံပြုချင်ပါတယ်။

၉။ ညလုံးပေါက်စာကြည့်ခြင်းမျိုးကို မပြုလုပ်ပါနဲ့။

စာမေးပွဲကြီးကလည်း နီးနေပြီ စာတွေကလည်း အများကြီး ကျန်သေးတယ်ဆိုတဲ့စိတ်ကူးဖြင့် ညဘက်တွေမှာ အတော်နဲ့ မအိပ်ဘဲ နေ့စဉ်ဆက်တိုက်ကြည့်ခြင်းမျိုးကို ရှောင်ပါ။ စာကြည့်တိုင်းလည်း စာရ တာမှ မဟုတ်တာ။ one subject one night တော့ လုံးဝလုံးဝ မလုပ်ပါနဲ့။

၁၀။ အိပ်ရေးဝဝအိပ်ပါ။

မအိပ်ချင်အောင်ဆိုပြီးလည်း ကဖိန်းဓာတ်များပါတဲ့ ကော်ဖီ လက်ဖက်ရည်များသောက်ခြင်းတွေ မပြုလုပ်ပါနဲ့။ လူအများစုဖြစ်လေ့ရှိတာက အိပ်ရေးမဝတဲ့အခါ ဒေါသထွက် စိတ်တိုလွယ်ပါတယ်။ ဒါကြောင့် အိပ်ရေးဝဝအိပ်ပါနော်။

တက္ကသိုလ်ဝင်စာမေးပွဲကြီးမှာ ဖြေဆိုကြမည့် ညီငယ်၊ ညီမငယ်များအားလုံး ဘာသာရပ်တိုင်းမှာ အခက်အခဲမရှိ ဖြေဆိုအောင်မြင်နိုင်ကြပါစေလို့ Myanmar Education Guide မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

အားလုံး Good Luck!

Tips Read 5430 times