Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်စာမေးပွဲ စာဖြေခန်းအတွင်း လက်ပတ်နာရီ ယူခွင့်မပြုတော့

တက္ကသိုလ်ဝင်စာမေးပွဲ စာဖြေခန်းအတွင်း လက်ပတ်နာရီ ယူခွင့်မပြုတော့

စာဖြေခန်းတိုင်းတွင် တိုင်ကပ်နာရီတစ်လုံးစီ ထားမည်

တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့်သူများအား  စာဖြေခန်းအတွင်း လက်ပတ်နာရီယူခွင့်မပြုတော့ဘဲ အချိန်သိရှိနိုင်ရန် စာဖြေခန်းတိုင်း၌ တိုင်ကပ်နာရီ တစ်လုံးစီထားရန် စီစဉ်ထားသည်ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသိန်းဇံက ပြောသည်။

အချက်အလက် ထည့်သိမ်းနိုင်ပြီး အင်တာနက်ပါ အသုံးပြုနိုင်သည့် နာရီမျိုးကို စာဖြေခန်းအတွင်း ယူလာကာ သိမ်းဆည်းထား သော အချက်အလက်များဖြင့် မသမာဖြေဆိုခြင်း၊ နာရီတွင်ပါသည့် ကင်မရာမှ တစ်ဆင့် စာမေးပွဲ မေးခွန်းကို ဓာတ်ပုံရိုက်ယူကာ စာမေးပွဲ မပြီးမီ ပြင်ပသို့ အင်တာနက်ဖြင့် ချိတ်ဆက်ပေးပို့ခြင်းများ မရှိအောင် လက်ပတ်နာရီများ ယူ ဆောင်ခွင့် မပြုရန် မြန်မာနိုင်ငံစာ စစ်ဦးစီးဌာနက စီစဉ်နေခြင်း ဖြစ် သည်။

‘‘တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျတော့ ဆရာ၊ ဆရာမတွေကလည်း သူ့(စာဖြေသူ)နာရီဟာမသမာမှု လုပ်လို့ ရ၊ မရဆိုတာကို စစ်ဆေးဖို့ တချို့ခက်တာလေးတွေ ရှိတယ်၊ အခုနောက်ဆုံး နည်းပညာတွေနဲ့ဆိုတော့လေ။

တကယ်လို့များ ကလေးတွေ ပတ်လာခဲ့ရင် သူတို့ကို မေတ္တာရပ်ခံပြီးတော့ စာဖြေခန်းထဲမှာတော့ခဏ ချွတ်ပြီးတော့ သူတို့ရှေ့မှာပဲ စားပွဲလေးတစ်လုံးနဲ့ ခဏသိမ်းထား ပေးတာမျိုးလုပ်ဖို့ စီစဉ်ထားတယ်’’ဟု ဒေါက်တာသိန်းဇံက ဆိုသည်။

စာဖြေသူများ အချိန်သိရှိနိုင် ရန် စာဖြေခန်းတိုင်းတွင် တိုင်ကပ် နာရီ  စီစဉ်ထားပေးရန်နှင့် တိုင်ကပ်နာရီကိုလည်း  စာဖြေချိန်အ တွင်း အချိန်မှန်စေရေး မြန်မာစံ တော်ချိန်နှင့် တိုက်ထားပေးရန်ပါ မြန်မာနိုင်ငံ စာစစ် ဦးစီး ဌာနက စာစစ်ဌာနကြီးကြပ်ရေးမှူးများ အား ညွှန်ကြားထားသည်။

ပြင်ပနှင့် ဆက်သွယ်၍ မသမာမှု ပြုနိုင်သော အီလက်ထရွန်နစ်ပစ္စည်းများ (Smart Phone/Watch/ Ballpen/Glasses,Bluetooth etc..)ကို စာဖြေခန်းအတွင်း ယူဆောင်လာပါက နှစ်အ ကန့်အသတ်မရှိ  ဖြေဆိုခွင့် ပိတ်မည် ဟူ သည့် ပြစ်ဒဏ်အသစ်ကို စာစစ်ဦးစီးဌာနက ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စည်းကမ်းချက်တွင် ထည့်သွင်းထားသည်။

၂၀၁၉ တက္ကသိုလ်ဝင်စာမေး ပွဲကို မတ်လ ၆ ရက်မှ ၁၅ ရက်အ ထိ ကျင်းပမည်ဖြစ်သည်။

source: 7day

News Read 4616 times