Sales Hotline : 09448001653       Download App



စိတ်ကြိုက်မြန်မာစာ ဘာသာရပ်ဆိုင်ရာ ပို့ချချက်

စိတ်ကြိုက်မြန်မာစာ ဘာသာရပ်ဆိုင်ရာ ပို့ချချက်

၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စိတ်ကြိုက်မြန်မာစာ ဘာသာရပ်ဆိုင်ရာ ပို့ချချက်များကို ဒေါက်တာအောင်မြင့်ဦး၊ ပါမောက္ခ (ဌာနမှူး)၊ မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်မှ ပြောကြားခဲ့ပါသည်။

ယခုပို့ချချက်သည် ၂၀၁၉ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကြီးတွင် စိတ်ကြိုက်မြန်မာစာ ဖြေဆိုကြမည့် ကျောင်းသူ ကျောင်းသားများအတွက် စိတ်ကြိုက်မြန်မာစာ မေးခွန်းပုံစံဆိုင်ရာ သိမှတ် ဖွယ်ရာများ ဖြစ်ပါသည်။

စိတ်ကြိုက်မြန်မာစာ ဘာသာရပ်သည် အဆင့်မြင့်မြန်မာစာ ဘာသာရပ် တစ်ခု ဖြစ်ပြီး မြန်မာစာပေကို ချစ်မြတ်နိုးသူများအတွက် လွန်စွာသင့်လျော်သည့် ဘာသာရပ်တစ်ခု ဖြစ်သည်။

အစဉ်အလာကြီးမားလှသော မြန်မာစာပေ၏ အမွေအနှစ်များကို လေ့လာရသည့် ဘာသာရပ် ဖြစ်သည့်အတွက်လည်း တန်ဖိုးကြီးမားလှပါသည်။

စိတ်ကြိုက်မြန်မာစာကို ထိထိရောက်ရောက် လေ့လာ သင်ယူပါက ဘဝတစ်လျှောက်လုံး မြန်မာစာပေဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်မည့် ဘာသာရပ် တစ်ခုလည်း ဖြစ်ပါသည်။

ဘာသာရပ်ကို လေ့လာရာတွင် နှံ့နှံ့စပ်စပ်ကျယ်ကျယ်ပြန့်ပြန့် လေ့လာထားရန် လိုအပ်သကဲ့သို့ စာမေးပွဲဖြေဆိုရာတွင်လည်း မေးခွန်းနှင့် အံဝင်ခွင်ကျ ဖြေဆို တင်ပြနိုင်ရန် လိုအပ်ပါသည်။

တက္ကသိုလ်ဝင်တန်း စိတ်ကြိုက်မြန်မာစာအတွက် ပြဌာန်းထားသော စာအုပ် (၄) အုပ်ရှိပါ သည်။ မြန်မာဝတ္ထုတိုနှင့် မြန်မာပြဇာတ် လက်ရွေးစင်၊ သံဝရပျို့၊ မြန်မာကဗျာ ဖွဲ့နည်းနှင့် မြန်မာ စာပေ သမိုင်း တို့ ဖြစ်ပါသည်။ စာမေးပွဲမေးခွန်းပုံစံတွင်လည်း အဆိုပါ ပြဋ္ဌာန်းထားသော စာအုပ်(၄)အုပ် အတွက် တစ်ပုဒ်စီဖြင့် မေးခွန်းကြီး(၄)ပုဒ် ပါဝင်ပါသည်။ (၃)နာရီမေးခွန်းလွှာ ဖြစ်ပြီး မေးခွန်းအပုဒ် တိုင်းတွင် ပုဒ်ခွဲများ ပါဝင်ပါသည်။

မေးခွန်း(၁)သည် မြန်မာဝတ္ထုတိုနှင့် မြန်မာပြဇာတ်မေးခွန်း ဖြစ်ပါသည်။ မေးခွန်း (၁) တွင် (က)နှင့်(ခ) မေးခွန်း ပုဒ်ခွဲ နှစ်ပုဒ် ပါဝင်ပါသည်။ မေးခွန်း (၁) (က) သည် မြန်မာဝတ္ထုတို မေးခွန်း ဖြစ်ပါသည်။ တစ်ပုဒ်ဖြေဆိုရမည်ဖြစ်ပြီး ရွေးချယ်ရန် အတွက် နှစ်ပုဒ်မေးထားပါသည်။

မြန်မာဝတ္ထု တို့ တွင် ကိုလိုနီခေတ် မှ မျက်မှောက်ခေတ်အထိ ဆရာ (၁၁)ဦး ၏ ဝတ္ထုတို(၁၁)ပုဒ် ကိုရွေးချယ် ပြဋ္ဌာန်းထားပါသည်။ ဝတ္ထုတိုဆိုသည်မှာ လူ့အကြောင်း၊ လောကအကြောင်းကို စာရေးသူ၏ စိတ်ကူး ဉာဏ်ဖြင့် ဆင်ခြင်ဖွယ် သင်ခန်းစာယူဖွယ် ဖြစ်အောင် ဇာတ်လမ်းဆင် ဖန်တီးရေးဖွဲ့ထားသည့် ရသ စာပေတစ်မျိုးဖြစ်သည့်အလျောက် ဝတ္ထုတိုလေ့လာမှုကို စစ်ဆေးအကဲဖြတ်ရာတွင် လူ့ သဘာဝ အဖွဲ့ များ၊ စာရေးသူတို့၏ ဇာတ်လမ်းဖန်တီးမှုများ၊ ဝတ္ထုကပေးသော ဘဝသင်ခန်းစာများ စသည်တို့ ကို မေးလေ့ ရှိပါသည်။

ဝတ္ထုတိုတစ်ပုဒ်စီ၏ အလေးပေးချက်များကို ဖော်ထုတ်လေ့လာထားမည်ဆိုပါက ဝတ္ထုတိုနှင့် ပတ်သက်သည့် မေးမြန်းချက်များကို ပိုင်ပိုင်နိုင်နိုင် ဖြေဆိုနိုင်မည်ဖြစ်ပါသည်။ ဝတ္ထုတစ်ပုဒ်စီ၏ အလေးပေး ချက်များကို သာဓကအားဖြင့်တင်ပြရလျှင် မောင်ဘစီဝတ္ထုတိုမှ လူငယ်တစ်ယောက်၏ ခံယူချက်နှင့် ကြိုးစားအားထုတ်မှု၊ သော့တွဲနှင့် နတ်ရုပ် ဝတ္ထုတိုမှ ဟန်ဆောင်ကောင်းသူ နှစ်ဦး၏  စရိုက် သဘာဝ၊ အမေ ဝတ္ထုတိုမှ သားကိုချစ်သော မိခင်တစ်ယောက်၏ မေတ္တာ၊ ဇာတိနှင့်မရဏ ဝတ္ထုတိုမှ ဆင်ခြင်ဖွယ် သင်ခန်းစာယူဖွယ် အဖြစ်အပျက်များ စသည်တို့သည် ဝတ္ထုတစ်ပုဒ်ချင်း အလိုက် ပေါ်လွင် လျက် ရှိသော အလေးပေးမှု များဖြစ်သည်။ ထိုသို့ သော အလေးပေးမှုများကို ဖော်ထုတ်လေ့လာထားရမည် ဖြစ်ပါသည်။

စိတ်ကြိုက်မြန်မာစာ ဘာသာရပ် မေးခွန်း ၁ (ခ) သည် မြန်မာပြဇာတ် မေးခွန်း ဖြစ်သည်။ ပြဇာတ် (၃) ပုဒ်သာ ပြဋ္ဌာန်းထားသည့် အတွက် ထိုပြဇာတ်(၃)ပုဒ်ကိုပင် ရှုထောင့်အမျိုးမျိုးမှ စစ်ဆေးအကဲဖြတ် မည် ဖြစ်ပါသည်။ ပြဇာတ်လေ့လာရာတွင်လည်း ဝတ္ထုတိုကဲ့သို့ပင် ပြဇာတ်၏ အလေး ပေးမှု၊ ဇာတ်လမ်းဖန်တီးပုံ၊ ဇာတ်ဆောင် ဖန်တီးပုံ၊ ပြဇာတ်နောက်ခံနှင့် အရေးအဖွဲ့ တို့ကို လေ့လာ ရမည်ဖြစ် သည်။သို့ရာတွင် ပြဇာတ်နှင့် ဝတ္ထုတိုတို့ ၏ အဓိကကွဲပြားချက်မှာ ပြဇာတ်သည် ဇာတ်ဆောင် တို့၏ အပြန် အလှန်ပြောစကားများကို အဓိကထား၍ ရေးဖွဲ့ ထားခြင်းဖြစ်ရာ ပြဇာတ်အလေးကဲမှု၊ ဇာတ်လမ်း၊ ဇာတ်ဆောင်၊ နောက်ခံ စသည်တို့ကို ဇာတ်ဆောင်တို့၏ အပြန်အလှန် ပြောစကားများမှ ဖော်ထုတ်ရ ပါသည်။

ပြဋ္ဌာန်းထားသည့် ပြဇာတ်(၃)ပုဒ်တွင် အာဇာနည်မိခင်ပြဇာတ်သည် နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲတွင် အသက်ပေးသွားသည့် အာဇာနည်သားကောင်းတို့ ၏ မိခင်ဖြစ်ရခြင်းသည် ဂုဏ်ယူဖွယ်ကောင်း သည်ဟု ခံယူထားသော အာဇာနည်မိခင်တစ်ဦး၏ စိတ်ဓာတ်၊ မြေပိုင်ရှင်ဦးကံကောင်းနှင့် သမီးများ ပြဇာတ်တွင် မိဘအမွေကို လောဘဇောတက်ကာ ခွဲဝေနေကြသည့် သမီးများ၏ စရိုက်သဘာဝ၊ မြန်မာစာ ပရိုဂရက်(စ်) ဖြစ်ဖို့ ပြဇာတ်တွင် မြန်မာစာတိုးတက်ရေး ဆွေးနွေးပွဲ၌ အင်္ဂလိပ် စကားလုံး များကို လွန်လွန်ကဲကဲ ညှပ်ပြောနေကြသော မြန်မာစာ ဆရာများ၏ အပြောတစ်မျိုး အလုပ်တစ်မျိုး ပြုမူချက်များ တို့သည် ပြဇာတ်တစ်ပုဒ်ချင်းစီ၏ အလေးပေး ဖော်ပြချက်များပင် ဖြစ်ပါသည်။

မေးခွန်း(၂)သည် သံဝရပျို့မေးခွန်းဖြစ်သည်။ သံဝရပျို့ မေးခွန်းတွင် ပုဒ်ခွဲ (၂)ခု ပါဝင် ပါသည်။ ၂(က)သည် ပျို့စာကိုယ်လာ စာပိုဒ်များကို ရှင်းပြရန် ဖြစ်ပြီး ၂(ခ) သည် ပျို့အကြောင်းအရာ၊ အရေးအဖွဲ့ နှင့် သုတရသ သင်ခန်းစာများကို မေးခြင်းဖြစ်သည်။ မေးခွန်း ၂ (က) ကို ကောင်းစွာဖြေဆိုနိုင်ရန် အတွက် ပျို့တွင်ပါရှိသော ဥပမာ အလင်္ကာအဖွဲ့များ၊ ရူပကအလင်္ကာအဖွဲ့ များ အနက်အဓိပ္ပာယ် ပြည့်ဝပြီး အဖွဲ့အစပ်ကောင်းမွန်သောအဖွဲ့များ၊ အဓိပ္ပာယ်ထူးခြားသောအဖွဲ့များ၊ စကားပုံများ၊ ဆိုရိုးစကားများ စသည်တို့ ၏ အဓိပ္ပာယ်များကိုလည်း အသေးစိတ်လေ့လာထားရန် လိုအပ်ပါသည်။ ပေးထားသော ပျို့စာသားကို ဆိုလိုရင်း မှန်ကန်စွာဖြင့် ပြေပြေပြစ်ပြစ် ရှင်းလင်း ဖြေဆိုရမည် ဖြစ်ပါသည်။

မေးခွန်း (၂) (ခ) ကို ဖြေဆိုနိုင်ရန်အတွက် အဓိက ဇာတ်ဆောင်သုံးဦးဖြစ်သည့် ဗြဟ္မဒတ်မင်းကြီး၊ အမတ်ကြီးနှင့် သံဝရမင်းသား တို့၏ စိတ်နေသဘောထား၊ ပြုမူပြောဆိုပုံ၊ အရည် အသွေးနှင့် ဂုဏ်ရည်များ၊ အနှစ်သက်ဆုံး အခန်း၊ ရသမြောက်အဖွဲ့များ၊ ဖခင်နှင့် သားတို့၏နှစ်လိုဖွယ် ဆက်ဆံရေး၊ ဆရာကောင်း တပည့် ပန်းကောင်းပန်သော သဘော စသည်ဖြင့် သံဝရပျို့မှ ထူးခြား
လေးနက်သော အနှစ်သာရများကို ထုတ်ဖော် လေ့လာထားရမည် ဖြစ်သည်။ ပျို့စာကိုယ်ကို မူရင်းဇာတ်တော်လာ အကြောင်းအရာနှင့် ယှဉ်တွဲလေ့လာထားပြီး မိမိအရေးအသားဖြင့် ပြန်လည် ရေးသားတင်ပြနိုင်အောင် လေ့ကျင့်ထားမည်ဆိုပါက သံဝရပျို့ မေးခွန်း (၂) (ခ) ကို ကောင်းစွာ ဖြေဆိုနိုင်မည် ဖြစ်ပါသည်။

စိတ်ကြိုက်မြန်မာစာ မေးခွန်းနံပါတ် (၃)သည် မြန်မာကဗျာဖွဲ့နည်းမေးခွန်း ဖြစ်ပါသည်။ မေးခွန်း နံပါတ် (၃) တွင်လည်း (က) နှင့် (ခ) ပုဒ်ခွဲ နှစ်ပုဒ်ပါဝင်ပါသည်။ (၃) (က) သည် မြန်မာကဗျာဖွဲ့နည်း စာအုပ်ပါ ကဗျာအမျိုးအစား (၈)မျိုး နှင့်ပတ်သက်သည့် ဖွင့်ဆိုချက်များ၊ ရှင်းလင်းချက်များကို မှတ်စုရေးခိုင်းသည့် မေးခွန်းဖြစ်သည်။ (၄)ခု ပေးထားပြီး (၂)ခု ဖြေဆိုရပါမည်။ (၃)(က) မေးခွန်းကို ကောင်းစွာ ဖြေဆိုနိုင်ရန် အတွက် မြန်မာကဗျာဖွဲ့နည်းစာအုပ်မှ အချိုးကဗျာများ၊ သံချိုကဗျာ၊ ဧချင်းကဗျာများ၊ တေးထပ်ကဗျာ တို့နှင့်ပတ်သက်သည့် ကဗျာအမျိုးအစား တစ်ခုချင်း၏ အဓိပ္ပာယ် ဖွင့်ဆိုချက်၊ သဘောသဘာဝ၊ ကဗျာစပ် နည်းအမျိုးမျိုး စသည်တို့ကို သေချာစွာ
လေ့လာထားရမည် ဖြစ်သည်။

ထို့ပြင် ထူးခြားသည့် ကာရန်ယူ စနစ်များဖြစ်သည့် ပြန်ဂဟပ် ကာရန်၊ ခြင်္သေ့လည်ပြန်ကာရန်၊ အခံကာရန်၊ အအုပ်ကာရန်အကြောင်း၊ ကဗျာဉာဏ် ကွန့်မြူးနိုင်ရန် အတွက် ဇဝနဉာဏ်၊ လက်တန်းဉာဏ်စသည့် မြန်မာကဗျာဆိုင်ရာ သိမှတ်စရာများကိုလည်း လေ့လာ မှတ်သားရမည် ဖြစ်သည်။

ကဗျာဖွဲ့နည်းများတွင် ဒွေးချိုး၊ တြိချိုး၊ လေးချိုး၊ သံချို၊ တျာချင်း၊ အိုင်ချင်း၊ လွမ်းချင်း၊ တေးထပ် ဟူသော ကဗျာအမျိုးအစား (၈) မျိုးကို ဖော်ပြထားသည်။ ထို ကဗျာ(၈)မျိုး၏ ဖွဲ့နည်းများကို ဖော်ပြရာတွင် သက်ဆိုင်ရာ ကဗျာအမျိုးအစား၏ အခေါ်အဝေါ် အဓိပ္ပာယ်များ၊ စပ်နည်းများ၊ သာဓက ပုံစံများ၊ လေ့ကျင့်ခန်းများ ပြည့်စုံစွာ ဖော်ပြထားသည်။ ကဗျာစပ်နည်း အမျိုးမျိုးအနက် ထူးခြားသည့် ကာရန်ယူစနစ်များဖြစ်သည့် ပြန်ဂဟပ်ကာရန်၊ ခြင်္သေ့လည်ပြန် ကာရန်၊ အခံကာရန်၊ အအုပ်ကာရန် အကြောင်း၊ ကဗျာဉာဏ် ကွန့်မြူးနိုင်ရန်အတွက် ဇဝနဉာဏ်၊ လက်တန်းဉာဏ် စသည့် မြန်မာကဗျာ ဆိုင်ရာ သိမှတ်စရာများကိုလည်း လေ့လာမှတ်သားရမည် ဖြစ်သည်။

မေးခွန်း(၃) ပုဒ်ခွဲ(ခ) သည် ကဗျာကာရန်ယူပုံကို လက်တွေ့ ပုံစံပြ ဖြေဆိုရသည့် မေးခွန်းဖြစ်သည်။ ကဗျာတစ်ပုဒ် ပေးထားပြီး ယင်းကဗျာ၏ အမျိုးအမည်ကို ဖြေရမည်ဖြစ်ပြီး ကာရန်စနစ်ကို သင်္ကေတဖြင့် ပြရမည်ဖြစ်သည်။ ကာရန်ယူပုံစနစ်ကို သင်္ကေတဖြင့် ရှင်းပြရာတွင် စာသားကို မျဉ်းတို၊ ပိုဒ်တွင်းကာရန်ကို ခရေပွင့်၊ အခံပိုဒ်ဆုံး အချိုးသတ်ကာရန်ကို အပေါင်း လက္ခဏာ တို့ဖြင့် သင်္ကေတပြု ဖော်ပြရမည် ဖြစ်သည်။

ဥပမာ -  စာသား - -
           ပိုဒ်တွင်းကာရန် - *
           အချိုးသတ်ကာရန် - +

မေးခွန်း(၄)သည် မြန်မာစာပေသမိုင်းပြဋ္ဌာန်းချက်ကို စစ်မေးသည့် မေးခွန်းဖြစ်သည်။ တက္ကသိုလ်ဝင်တန်း မြန်မာစာပေ သမိုင်းပြဋ္ဌာန်းချက် အနေဖြင့် ကုန်းဘောင်ခေတ်နှင့် ကိုလိုနီခေတ် ခေတ်နှစ် ခေတ် ကို ပြဋ္ဌာန်းထားသည်။ မေးခွန်း(၄)တွင်(က)နှင့် (ခ)မေးခွန်းပုဒ်ခွဲ နှစ်ခု ပါဝင်ပါသည်။

မေးခွန်း (၄)(က)သည် ဓမ္မဓိဋ္ဌာန်မေးခွန်းဖြစ်ပြီး (၄)(ခ)သည် ရှင်းလင်းတင်ပြ ဖြေဆိုရသော မေးခွန်း ဖြစ်သည်။ မေးခွန်း (၄) (က) (၈)ခု မေးထားပြီး (၅)ခု ဖြေရပါသည်။ ခေတ်နှစ်ခေတ်၏ စာပေ ဆိုင်ရာ အချက်အလက်များကို မေးပါသည်။ သာဓကအားဖြင့် ဘကြီးတော် လက်ထက် အင်္ဂလိပ်မြန်မာ စစ်ပွဲအပြီး ကာလကတ္တားတွင် ရုံးစိုက်ရသော မင်းကြီး မဟာစည်သူ ရေးသားသော ခရီးသွား မှတ်တမ်းကား အဘယ်နည်း။ နန်းစဉ်ပုစ္ဆာအဖြေကျမ်းကို မည်သူရေးသနည်း။ ပထမ မြန်မာကာလပေါ် ဝတ္ထုအမည်ကိုဖော်ပြပါ စသည့်မေးခွန်းမျိုး ဖြစ်သည်။ ဓမ္မဓိဋ္ဌာန်မေးခွန်းများ ဖြေဆိုရာတွင် တိတိ ကျကျ ဖြေဆိုရမည် ဖြစ်သည်။

မေးခွန်း(၄) (ခ) သည် မြန်မာစာပေသမိုင်းမှ ကုန်းဘောင်ခေတ်နှင့် ကိုလိုနီခေတ် နှစ်ခေတ်၏ ခေတ်အလိုက် စာပေထူးခြားချက်များနှင့် ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးရသည့် မေးခွန်းဖြစ်သည်။ သာဓကအားဖြင့် ကုန်းဘောင်ခေတ် စကားပြေ အခြေအနေကို လေ့လာတင်ပြပါ။ ကုန်းဘောင်ခေတ် ပြဇာတ်များအကြောင်းကို လေ့လာတင်ပြပါ။ ကိုလိုနီခေတ် ကဗျာလမ်းကြောင်းကို ဆွေးနွေး ပါစသည့် မေးခွန်းမျိုးဖြစ်ပါသည်။ ကုန်းဘောင်ခေတ်နှင့် ကိုလိုနီခေတ် စာပေသမိုင်း တစ်လျှောက် ခေတ်အလိုက် ခေတ်လိုအင်အရ ဦးတည်ချက်များ၊ အလေးပေးပုံများ ပြောင်းလာပုံ၊ အကြောင်း အရာများ ကျယ်ပြန့်လာပုံ၊ စာဆိုများ စာပေပုံသဏ္ဌာန်များ တစ်စတစ်စ တိုးပွားလာပုံတို့ကို လေ့လာထားရမည် ဖြစ်သည်။

စိတ်ကြိုက်မြန်မာစာသည် မေးခွန်း အပုဒ်ကြီး (၄)ပုဒ်သာ မေးမြန်းခြင်းဖြစ်ပြီး ပြဋ္ဌာန်းစာအုပ် (၄) အုပ်တွင် (၁) အုပ်လျှင် အပုဒ်ကြီး (၁) ပုဒ် မေးမြန်းထားခြင်းဖြစ်သည်။

မေးခွန်းများကို ခြွင်းချန်ဖြေဆို မည်ဆိုလျှင် အောင်မှတ်ရရှိရန် မလွယ်သဖြင့် ပြဋ္ဌာန်းစာ(၄)အုပ်ကို ခြွင်းချန် ကျက်မှတ်မရနိုင်ပေ။

စိတ်ကြိုက်မြန်မာစာတွင် ပြဋ္ဌာန်းထားသည့် စာအုပ် (၄) အုပ်စလုံးသည် စိတ်ဝင်စားဖွယ်ကောင်းပြီး မြန်မာစာပေ၏ အဆီအနှစ် များဖြစ်သည်။ သို့ဖြစ်ရာ စိတ်ကြိုက်မြန်မာစာယူထားသည့် ကျောင်းသူ၊ ကျောင်းသား များအနေဖြင့် မိမိတို့ ရွေးချယ်ထားသည့် စိတ်ကြိုက်မြန်မာစာဘာသာရပ်ကို ကျောင်းသင်စာအနေဖြင့် သာမက အသုံးချ ဘာသာရပ်တစ်ခုအဖြစ် စိတ်ဝင်စားစွာ လေ့လာဆည်းပူးထားပါက စာမေးပွဲတွင် အခက်အခဲမရှိ ထူးချွန်စွာ ဖြေဆိုနိုင်မည် ဖြစ်ပါသည်။

၂၀၁၉ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စိတ်ကြိုက် မြန်မာစာဖြေဆိုကြမည့် ကျောင်းသူကျောင်းသားများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းစွာဖြင့် စာမေးပွဲကြီးကို မိမိရည်မှန်းထားသည့် အတိုင်း ထူးချွန်ပေါက်မြောက်အောင်မြင်စွာ ဖြေဆိုနိုင်ကြပါစေဟု ဆန္ဒပြုရင်း ယခုပို့ချချက်ကို နိဂုံးချုပ်ပါသည်။

source: ministry of Education

News Read 3463 times