Sales Hotline : 09448001653       Download App



PGDMA (အလယ်တန်းပြ ဆရာ၊ ဆရာမများ) ခေါ်နေပြီနော်

PGDMA (အလယ်တန်းပြ ဆရာ၊ ဆရာမများ) ခေါ်နေပြီနော်

၁။  ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေး တက္ကသိုလ်ရှိ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှု ဌာနများ၏ အစီအစဉ်ဖြင့် အဆိုပါ တက္ကသိုလ်များတွင် ဖွင့်လှစ်မည့် မာလ်တီမီဒီယာ အတတ်ပညာဘွဲ့လွန် ဒီပလိုမာ (ပညာရေး) သင်တန်း Postgraduate Diploma in Multimedia Arts (Education) – PGDMA အမှတ်စဉ် (၂၀) သင်တန်းသို့ တက်ရောက်လို သူများ လျှောက်ထားနိုင်သည်။

၂။ သင်တန်းဝင်ခွင့်လျှောက်ထားသူသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရပါမည် -

(က) လျှောက်ထားသူနဲ့ မိဘ ၂ဦး စလုံး လက်ရှိ နိုင်ငံသားပြုမှုဥပဒေနှင့် ကိုက်ညီပြီး ဒေသမရွေးတာဝန် ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။

(ခ) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိပြီးသူ ဖြစ်ရမည်။

(ဂ) ပြင်ပမှ လျှောက်ထားသူဖြစ်ပါက ၂၀၁၉ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် အသက် ၂၅ နှစ်ထက် မကြီးသူတွေ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ ၀န်ထမ်းဖြစ်ပါက အပိုဒ်ခွဲ (ခ) ပါ ဘွဲ့တစ်ခုခု ရရှိသည့် အပြင် အမြဲတမ်းဝန်ထမ်းအဖြစ် လုပ်သက်အနည်းဆုံး (၂) နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁ ရက်တွင် အသက် ၃၅ နှစ်ထက် မကြီးသူဖြစ်ရမည်။

(ဃ) ရန်ကုန်ပညာရေးတက္ကသိုလ် နဲ့ စစ်ကိုင်းပညာရေးတက္ကသိုလ်တို့တွင် တက်ရောက်နိုင်ရမည်။

(င) လျှောက်လွှာနှင့်အတူ ဘွဲ့လက်မှတ် ဓာတ်ပုံ မိတ္တူ (သို့မဟုတ်) ဘွဲ့ရကြောင်း ထောက်ခံစာနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်မိတ္တူ တို့ကို ပူးတွဲတင်ပြရမည်။

(စ) လျှောက်ထားသူများသည် ကွန်ပျူတာ ပညာရပ် နားလည်တတ်ကျွမ်းမှု အခြေခံသည့် အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတတို့ကို ရေးဖြေ စာမေးပွဲ ဖြေဆိုရမည်။

၃. ၀န်ထမ်းဖြစ်ပါက မိမိတာဝန်ထမ်းဆောင်နေသည့် ရုံး၊ ဌာနဆိုင်ရာ အကြီးအကဲ၏ "၀န်ထမ်းဖြစ်ကြောင်း ထောက်ခံစာ" ကို ပူးတွဲ၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးရုံးများသို့ အချိန်မီ လျှောက်ထားရမည်။ ပညာရေးဝန်ကြီးဌာန သို့ မဟုတ် ပညာရေးတက္ကသိုလ်များသို့ တိုက်ရိုက်လျှောက်ထားမှု မပြုရပါ။

၎. ကွန်ပျူတာတတ်ကျွမ်းမှုကို အခြေခံသည့် အင်္ဂလိပ်စာ ဘာသာနှင့် အထွေထွေဗဟုသုတ ဘာသာရပ် ရေးဖြေစာမေးပွဲကို ၂၀၁၉ ခုနှစ် ဧပြီ ၇ ရက်တွင် သတ်မှတ်ပေးသည့် ရန်ကုန်/စစ်ကိုင်း စာဖြေဌာန များတွင် အောက်ပါအတိုင်း စစ်မေးမည် ဖြစ်သည်။

(က) အင်္ဂလိပ်စာဘာသာရပ်          - နံနက် ၉း၀၀ နာရီမှ နံနက် ၁၁း၀၀ နာရီအထိ

(ခ) အထွေထွေဗဟုသုတဘာသာရပ် - မွန်းလွဲ ၂း၀၀ နာရီမှ ညနေ ၄း၀၀ နာရီအထိ

၅. ဖြေဆိုရမည့် သူများ၏ ခုံအမှတ်စာရင်းနှင့် စာဖြေဌာနကို ဧပြီလ (၁) ရက်တွင် ပညာရေးကောလိပ်များနှင့် စာဖြေဌာနများတွင် ကြေညာထား မည်ဖြစ်ပြီး လူတွေ့နှုတ်ဖြေ ဖြေဆိုခွင့်ရရှိသူများ စာရင်း ကို ၁၃.၅.၂၀၁၉ ရက်တွင် အဆိုပါဌာနများ၌ ကြေညာထားမည် ဖြစ်သည်။

၆. လူတွေ့နှုတ်ဖြေ ဖြေဆိုခွင့်ရရှိသူများအား ၂၀.၅.၂၀၁၉ ရက်မှ စ၍ ရန်ကုန်ပညာရေးတက္ကသိုလ် နဲ့ စစ်ကိုင်းပညာရေးတက္ကသိုလ် တို့တွင် လူတွေ့နှုတ်ဖြေစစ်ဆေးမည် ဖြစ်သည်။

၇. ရေးဖြေစာမေးပွဲ ဖြေဆိုမည့်သူသည် နိုင်ငံသားစိစစ်ရေးကတ်ပြားကိုလည်းကောင်း၊ လူတွေ့နှုတ်ဖြေစစ်ဆေးခံရမည့်သူသည် ဘွဲ့လက်မှတ်မူရင်းနှင့် တက္ကသိုလ်ဝင် စာမေးပွဲ အောင်လက်မှတ်မူရင်း တို့ကို လည်းကောင်း တစ်ပါတည်း ယူဆောင်လာရမည်။

၈. သင်တန်းကာလမှာ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁ ရက်မှ ၂၀၂၀ ခုနှစ်၊ ဧပြီလဆန်းပိုင်းအထိ (၁၀) လ တက်ရောက်ရမည်ဖြစ်သည်။

၉. သင်တန်းတက်ရောက်အောင်မြင်သူများကို အခြေခံပညာကျောင်းများတွင် အလယ်တန်းပြအဖြစ် ခန့်အပ်တာဝန်ပေးသွားမည် ဖြစ်သည်။

၁၀. လျှောက်ထားသူသည် ပူးတွဲပါ သင်တန်းဝင်ခွင့် လျှောက်လွှာပုံစံအတိုင်း ကိုယ်တိုင်ရေးသားဖြည့်သွင်းထားသော လျှောက်လွှာ ၃စုံတွင် ၆ လ အတွင်း ရိုက်ထားသည့် ပတ်စပို့အရွယ် ဓာတ်ပုံ (မျက်မှတ်တပ်ထားသဖြစ်ပါက မျက်မှန်ပါ ဓာတ်ပုံ ၁ ပုံနှင့် မျက်မှန်မပါဓာတ်ပုံ ၁ပုံ) တို့ကို ကပ်၍ ပူးတွဲရမည့် အထောက်အထားများနှင့်အတူ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်မှ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်အတွင်း သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးသို့ လျှောက်လွှာတင်သွင်းရမည်။

၁၁. တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးများမှ ဖြေဆိုမည့် အင်အားစာရင်းချုပ်နှင့် လျှောက်လွှာများကို ၂၀၁၉ ခုနှစ်၊ မတ်လ ၄ ရက် နောက်ဆုံးထားပြီး soft copy, hard copy တို့နှင့်အတူ သက်ဆိုင်ရာ ပညာရေး တက္ကသိုလ်များသို့ လာရောက်ပေးပို့ရမည်။

Source: ministry of education

News Read 12541 times