Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်သူများ သတိပြုလိုက်နာသင့်တဲ့အချက်များ

တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်သူများ သတိပြုလိုက်နာသင့်တဲ့အချက်များ

ဆယ်တန်းဆိုတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကြီးကို ၂၀၁၉ ခုနှစ်၊ မတ် လ ၆ ရက် မှ ၁၅ ရက် နေ့ အထိ တစ်နိုင် ငံလုံး စစ် ဆေးမည်ဖြစ်သည်။

ကျောင်းသားများ စာမေးပွဲဖြေဆိုတဲ့အခါ အမှားမှား အယွင်းယွင်း မဖြစ်စေဖို့အတွက် သတိထားသင့်တာလေးတွေကို သိသလောက် ပြောပြပေးပါ့မယ်နော်...။

၁. Hot Spot တွေ လုံးဝ မယုံပါနဲ့။

စာမေးပွဲနား အရမ်းနီးပြီဆိုရင် Hot Spot မေးခွန်းတွေ လာလာပေးကြတယ်။ အပြောကောင်းတိုင်း မယုံပါနဲ့လို့ ပြောချင်ပါတယ်။ စာမေးပွဲအနီးကပ်ခန့်မှန်းမေးခွန်းများကိုသာ အားကိုးပြီး မကြည့်မိဖို့ လည်း ပြောချင်ပါတယ်။ ဘာလို့လဲဆိုတာ့ ခန့်မှန်းမေးခွန်းတွေကို ကြည့်လိုက်တယ် ဒါပေမယ့် အဲထဲက မပါလာပါက နောင်တ ရမယ့်သူက သင်ကိုယ်တိုင်ဆိုတာ သိထားပါ။

၂. ခုံအမှတ်သေချာရေးပါ။

ခုံအမှတ်ရေးရမယ့်နေရာကို ဆရာ၊ ဆရာမတွေက သေချာ ပြောပြပါတယ်။ ဘယ်နေရာ၊ ဘယ်နားမှာ ခုံအမှတ်ကို ရှင်းရှင်းလင်းလင်း ရေးဖို့ ရှင်းပြပေးပါလိမ့်မယ်နော်။ အဖြေလွှာ၏ သတ်မှတ်ထားသော နေရာအကွက်တွင် ခုံနံပါတ် ရေးရမည်။ ကိုယ်တပ်ထားတဲ့ နေရာမှန်၊ မမှန်ဆိုတာကိုလည်း အခန်းစောင့်ဆရာမတွေက လိုက်စစ်ပါသေးတယ်။

၃. မေးခွန်း သေချာဖတ်ပြီး အဖြေများကို အမှတ်ပေး စည်းမျဉ်းနှင့်အညီ ဖြေဆိုပါ။

၎. စာမေးပွဲ ခန်းမထဲတွင် စာမေးပွဲစည်းကမ်းများကို လေးစားလိုက်နာပါ။ ပြင်ပမှ ယူလာသော စာရွက်စာတမ်းများကို ခိုးချခြင်းအတွက် အသုံးမပြုပါနဲ့။ စာဖြေခန်းအတွင်း တစ်ယောက်နဲ့တစ်ယောက် အဖြေလွှာ လဲလှယ်ခြင်း၊ အဖြေတိုက်စစ်ခြင်းကို အထူးရှောင်ကြဉ်ပါ။

၅. မေးခွန်းသဘောတရားများကို နားလည်အောင် ဖတ်ပြီး ဖြေဆိုရန်။ တစ်ချို့က မေးခွန်းမဖတ်ဘူး ဒါလာရင်ဒါဖြေမယ့်သဘောတွေ မဖြစ်အောင် သေချာလေး ဖတ်ဖို့ တိုက်တွန်းချင်ပါတယ်။

၆. မေးခွန်း လိုအပ်ချက်အရ ပေးမှတ်နှင့် ထိုက်တန်အောင် ဖြေဆိုရန်။ ပေးထားတဲ့အမှတ်က ဘယ်လောက်ဖိုးပေးထားတာလဲ ဆိုတာလေးလဲ ကြည့်ပါ။

၇. တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင်  ဘာသာရပ်တိုင်း အမှတ် ၁၀ဝ ဖိုး အတွက် သုံးနာရီ ခွင့်ပြုထားသည်။ မိမိပိုင်နိုင်တဲ့ အပိုင်းကို သေချာဖြေပါ။ မရသေးတဲ့ မေးခွန်းမှာ ရပ်မနေပါနဲ့။ ရတာတွေ သေချာဖြေပြီးတဲ့အခါ မရတဲ့ မေးခွန်းဖြေဖို့အတွက် စိတ်သက်သက်သာသာနဲ့ စဉ်းစားပြီး ဖြေဆိုပါ။

၈. ကိုယ်ဖြေရမယ့် နေရာသို့ စာမေးပွဲမဖြေခင် နာရီဝက်လောက် စောသွားပါရန်။ လမ်းမှာ တစ်ခုခုအရေးပေါ် ဖြစ်လာပါက စာဖြေဌာနအတွင်း အချိန်မီ မရောက်တာမျိုး မဖြစ်ရလေအောင် စောသွားသင့် ပါတယ်။

၉. မိမိအဖြေလွှာပေါ်တွင် မေးခွန်းနံပါတ်စဉ်ကို သေချာတပ်ပါ။ မေးခွန်းနံပါတ်စဉ် မှားတပ်မိပါက မှားတပ်သည့်အတိုင်း ပါသွားပါ့မည်။ ဒီတော့ စာဖြေပြီးတဲ့အခါ စာဖြေခန်းကနေ မထွက်ခင် ၁၅ မိနစ် လောက်အလိုမှာ မေးခွန်းနံပါတ်စဉ် သေချာ ဟုတ်မဟုတ် ပြန်စစ်ဆေးပါ။

၁၀. အဖြေလွှာအပိုတောင်းခြင်း။

စာရွက်အပိုတောင်းတဲအ့ခါ ထိုအဖြေလွှာ စာရွက်သစ်၏ သတ်မှတ်ထားသော နေရာတွင် ခုံနံပါတ်၊ စာစစ်ဌာန တို့ကို တိတိကျကျ ရေးပါ။ ကိုယ်ရေးထားတဲ့ နေရာတွေမှာ မသေချာသလို ခံစားနေရပါက အခန်းစောင့် ဆရာ၊ ဆရာမများကို မေးလို့ရတယ်နော်။

၁၁. စာမေးပွဲကြီး အချိန်ဇယားကို ဂရုတစိုက် မှတ်သားထားရပါမည်။ ဘယ်နေ့မှာ ဘယ်ဘာသာဖြေရမယ်ဆိုတာ သိထားရပါ့မယ်။ စိုးရိမ်စိတ်တွေများပြီး မနက်ဖြန်ဖြေမယ့် ဘာသာရပ်ကို လွဲကျက်မိရင် ပြင်မရတဲ့ အမှားမျိုး မကြုံရလေအောင် သေချာလေး မှတ်ပေးနော်။

၁၂. အဖြေတိုက်ခြင်း။

စာမေးပွဲ ဖြေဆိုပြီးတဲ့အခါ ကျောင်းသားအများစုသည် အဖြေတိုက်တဲ့ အကျင့်ရှိကြပါတယ်။ အကယ်၍ ကိုယ်ဖြေတဲ့ အဖြေနဲ့ သူဖြေတဲ့အဖြေနဲ့ မတူညီဘူးဖြစ်နေတဲ့အခါ ငါမှားသလား ဆိုပြီး စိတ်ဓာတ်ကျမှု၊ စိတ်ဖိစီးမှုများ ဖြစ်စေကာ နောက်နေ့ ဖြေဆိုမည့် ဘာသာရပ်များအတွက် စိတ်ဓာတ်ခွန်အားများ ဆုံးရှုံးသွားစေနိုင်လို့ ဖြစ်နိုင်ရင် အဖြေမတိုက်ပါနဲ့။

၁၃. အိပ်ရေး၀၀အိပ်ပါ။

ညလုံးပေါက် စာကြည့်တာမျိုး လုံးဝ လုံးဝ ရှောင်ပါနော်။ one subject one night ဆိုပြီး သွားမလုပ်ပါနဲ့။ စာမေးပွဲရက် ညများတွင် ကဖိန်းဓာတ်များပါသော ကော်ဖီများ၊ လက်ဖက်ရည်များ မသောက် ပါနှင့်။ မအိပ်ချင်ရလေအောင်ဆိုပြီး သောက်တဲ့ ကျောင်းသားများ အထူးသတိပြုစေချင်ပါတယ်။ ကဖိန်း ဓာတ်များတာတွေ သောက်ပြီး နောက်နေ့ ဖြေဆိုရမည့် ဘာသာရပ်များကို ကောင်းစွာ မဖြေနိုင်ဖြစ်ပြီး စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

ဒီတော့ ကျန်းမာရေးလည်း ဂရုစိုက်ပါ အိပ်ရေးလည်း ၀၀ အိပ်ပါ။

ကျောင်းသား၊ ကျောင်းသားများအားလုံး ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကြီးမှာ ဘာသာရပ်တိုင်း အခက်အခဲမရှိ ထူးထူးချွန်ချွန်ဖြင့် ဖြေဆိုအောင်မြင်နိုင်ကြပါစေလို့ Edge မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

အားလုံး Good Luck!

 

Tips Read 18193 times