Sales Hotline : 09448001653       Download App



တိုင်းရင်းသားစာပေသင်ကြားမည့် ဆရာ၊ ဆရာမများကို လာမည့်ပညာသင်နှစ် ကျောင်းဖွင့်အမီခန့်မည်

တိုင်းရင်းသားစာပေသင်ကြားမည့် ဆရာ၊ ဆရာမများကို လာမည့်ပညာသင်နှစ် ကျောင်းဖွင့်အမီခန့်မည်

ပညာရေးဝန်ကြီးဌာနအောက်ရှိ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားစာပေသင်ကြားမည့် နေ့စားလပေး ဆရာ၊ ဆရာမများ (Teaching Assistant) နှင့် တိုင်းရင်းသား ဘာသာသင် Language Teacher များကို ခေါ်ယူထားပြီး လာမည့် ကျောင်းဖွင့်အမီ ခန့်ထားရန် လျာထားသည်ဟု အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။

အနိမ့်ဆုံး န၀မတန်းအောင် မြင်ထားသည့် ဒေသခံများအား Teaching Assistant နှင့် Language Teacher ရာထူးအတွက် လျှောက်လွှာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာန ညွှန်ကြားရေးမှူးရုံးများက ဇန်န၀ါရီလ ၁၈ ရက်အထိ လက်ခံထားပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဇွန်လ ကျောင်းဖွင့်ချိန်အမီ ရွေးချယ်ခန့်အပ်ရန် စီစဉ်နေသည်။

"ပညာရေးအောက်က အခြေခံပညာကျောင်းတွေမှာ ခန့်ထားဖို့ Teaching Assistant နဲ့ Langauge Teacher ဆိုပြီး ရာထူး ၂ ခု ခေါ်ထားပါတယ်။ ကျောင်းဖွင့်အမီ ခန့်မည်ဟု" ပြောသည်။

Teaching Assistant ရာထူးအတွက် အနိမ့်ဆုံး န၀မတန်းအောင် တိုင်းရင်းသား လူမျိုးများ လျှောက်ထားနိုင်ပြီး ပညာအရည်အချင်း ပိုမိုမြင့်မားသူကို ဦးစားပေးရွေးချယ်မည် ဖြစ်သည်။

မြန်မာဘာသာစကားနှင့် ပြဌာန်းထားသည့် သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာစကားကို ကျွမ်းကျင်စွာ အရေး၊ အဖတ်၊ အပြော သင်ကြားနိုင်ရမည် ဖြစ်ပြီး သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း ကျောင်း သင်ခန်းစာများ သင်ကြားနိုင်ရမည် ဖြစ်သည်။

တိုင်းရင်းသားဘာသာသင် Language Teacher များသည် တိုင်းရင်းသား ဘာသာစကားကို အရေး၊ အဖတ်၊ အပြော သင်ကြားနိုင်ရမည် ဖြစ်ပြီး ပညာအရည်အချင်းနှင့် ကျွမ်းကျင်မှု ပိုမြင့်မားသူကို ဦးစား ပေး ရွေးချယ်ရမည် ဖြစ်သည်။

ရွေးချယ်ခန့်ထားခံရပါက ခန့်ထားသည့်ဒေသကျောင်းတွင် အနည်းဆုံး သုံးနှစ်တာဝန် ထမ်းဆောင်ရမည် ဖြစ်ပြီး ဒေသခံကို ခန့်အပ်ခြင်းဖြစ်သဖြင့် နေရာ ပြောင်းရွှေ့ လျှောက်ထားမှုကို ဆောင်ရွက် ပေးမည် မဟုတ်ကြောင်း တိုင်းရင်းသား လူမျိုးများ ရေးရာ ၀န်ကြီးဌာနက ကြေညာထားသည်။

တိုင်းရင်းသားလူမျိုးများရေးရာ ၀န်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ပူးပေါင်းညှိနှိုင်းချက်အရ အခြေခံပညာကျောင်းများမှ ထောက်ပံ့ကြေး တစ်လ ကျပ် ၃၀,၀၀၀/- ရရှိသည့် တိုင်းရင်းသား ဘာသာသင် ဆရာ၊ ဆရာမ ၅,၁၆၁ ဦးကို ၂၀၁၈ ဇန်န၀ါရီလက နေ့စားလပေး ဆရာ၊ ဆရာမများအဖြစ် ပထမအကြိမ် ခန့်အပ်ခဲ့သည်။

တိုင်းရင်းသားဒေသများရှိ အခြေခံပညာကျောင်းများ အချို့တွင် ဆရာ၊ ဆရာမ လိုအပ်ချက်အရ တိုင်းရင်းသား ဘာသာစကား မတတ်ကျွမ်းသည့် ဆရာ၊ ဆရာမများ ခန့်အပ်ထားရာ မြန်မာဘာသာစကား မတတ်ကျွမ်းသော ဒေသခံ တိုင်းရင်းသား ကျောင်းသား/သူများနှင့် ဆရာ၊ ဆရာမများအကြား သင်ကြား၊ သင်ယူမှု အခက်အခဲများ ကြုံတွေ့နေသည်။

အမျိုးသားပညာရေး ဥပဒေပြင်ဆင်သည့် ဥပဒေ ပုဒ်မ ၂၂ ၌ အခြေခံပညာအဆင့်တွင် တိုင်းရင်းသား ဘာသာစကားကို မြန်မာဘာသာစကားနှင့်အတူ စာသင်ခန်းသုံး ဘာသာစကားအဖြစ် တွဲဖက် အသုံးပြုနိုင်ကြောင်း ဖော်ပြထားသည်။

source: 7day journal

News Read 2746 times