Sales Hotline : 09448001653       Download App



စာသင်နှစ်ဆုံး နှုတ်ဆက်ပွဲများ အကြောင်းပြုကာ ငွေကြေးမကောက်ရန် ဆရာ၊ ဆရာမများကို အသိပေး

စာသင်နှစ်ဆုံး နှုတ်ဆက်ပွဲများ အကြောင်းပြုကာ ငွေကြေးမကောက်ရန် ဆရာ၊ ဆရာမများကို အသိပေး

အခြေခံပညာကျောင်း များတွင် ပညာသင်နှစ် ကုန်ဆုံးခါနီး နှုတ်ဆက်ပွဲများ ကျင်းပလေ့ ရှိရာ ထိုနှုတ်ဆက်ပွဲများကို အ ကြောင်းပြု၍ ကျောင်းသား၊ ကျောင်းသူများထံ ငွေကြေးမကောက်ရန် တိုင်းဒေသ ကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးအချို့က ဆရာ၊ ဆရာမများအား အသိပေး ထားသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးအချို့ ဇန်န၀ါရီလကုန် လစာထုတ် အစည်းအဝေး တွင် ညွှန်ကြားချက်အရ မြို့နယ်ပညာရေးမှူးများက ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ သိရှိ စေရန် ဖေဖော်ဝါရီ ၁ ရက်စွဲဖြင့် စာထုတ်အသိပေးခြင်းဖြစ်သည်။

 ၂၀၁၈-၁၉ ပညာသင်နှစ် နှစ်ဆုံးချိန်၌ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ အတန်းမှူးများ၊ အတန်းပိုင်များ၊ ဆရာ၊ ဆရာမအားလုံးသည် စာမေးပွဲနှင့် နှုတ်ဆက်ပွဲများကို အကြောင်းပြု၍ မည်သည့်ငွေ ကြေးမျှ ကောက်ခံခြင်း လုံးဝမပြုလုပ်ရန်နှင့် တစ်စုံတစ်ရာ ပြဿနာပေါ်ပေါက်ပါက သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၏ တာဝန်ဖြစ်ကြောင်း အသိပေးညွှန်ကြား စာတွင် ဖော်ပြထားသည်။

‘‘ကျောင်းတိုင်းတော့ မဟုတ်ဘူး။ တချို့ကျောင်းတွေမှာ ဒီအချိန်ဆို နှုတ်ဆက်ပွဲလုပ်တတ်တော့ ငွေကောက်တာ ဘာညာရှိတတ်တော့ ဒါတွေကြောင့် ပြဿနာဖြစ်လာနိုင်တယ်လေ။ တိုင်တဲ့သူမရှိရင် ကိစ္စမရှိဘူး။ ရှိရင်တော့ စုံစမ်းစစ်ဆေးပြီး အရေးယူခံရနိုင်တော့ မလုပ်တာ အကောင်းဆုံးပေါ့’’ဟု အခြေခံပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဆို သည်။

 အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၏ ထည့်ဝင်ငွေဖြင့် စာသင်ခန်းအလိုက် စုပေါင်းစားသောက်ခြင်း၊ ပျော်ပွဲရွှင်ပွဲကျင်းပခြင်း၊ ဆရာကန်တော့ ပွဲကျင်းပခြင်း ဖြင့် နှစ်ဆုံးနှုတ်ဆက်ပွဲများ ပြုလုပ်လေ့ရှိသည်။

 ‘‘များသောအားဖြင့်တော့ ကလေးတွေပျော်အောင် လုပ်ကြတာမျိုးပါ။ လုပ်ကြပြီဟေ့ဆိုလည်း သူတို့ဆီက သူတို့တတ်နိုင်သလောက်ထည့်၊ အတန်းပိုင်က လိုတာစိုက်လုပ်ပေးတာမျိုးပေါ့။ လုံးဝငွေကြေး မကောက်ရ ဘူးဆိုတော့လည်း ကလေးတွေ လက်ဆောင်ပစ္စည်း လဲတာမျိုးလေးတွေ၊ စုပေါင်းကစားနည်းလေးတွေ လုပ်ပေးလို့ရပါတယ်’’ဟု တာချီလိတ်မြို့မှ အထက်တန်းပြဆရာတစ်ဦးကဆိုသည်။

 ပညာရေးဝန်ထမ်းများအနေဖြင့် ကျောင်းသား၊ ကျောင်းသူထံမှ မည်သည့် အခကြေးငွေမျှ ကောက်ခံခြင်းမပြုရန်၊ ငွေကြေး၊ လက်ဆောင်ပစ္စည်း လက်ခံခြင်း မပြုရန် ပညာရေးဝန်ကြီးဌာနက ကျောင်း အုပ်၊ ဆရာ၊ ဆရာမ၊ အရာထမ်း၊ အမှုထမ်းများကို ညွှန်ကြားထားသည်။

အခကြေးငွေကောက်ခံခြင်း၊ ပစ္စည်းရောင်းချခြင်းများရှိပါက  ပညာရေးဝန်ကြီးဌာန ၀န်ကြီးရုံး၊ ရုံးအမှတ် (၁၃) နေပြည်တော် (သို့မဟုတ်) [email protected] သို့ တိုင်ကြားနိုင်သည်ဟု ကျောင်းအပ်နှံ ရေး သီတင်းပတ်ဆိုင်ရာ မိဘပြည်သူသို့ မေတ္တာရပ်ခံချက်တွင် အသိပေးထားသည်။

source: 7day

News Read 3130 times