Sales Hotline : 09448001653       Download App



အတန်းတင်စာမေးပွဲ အောင်၊ ရှုံး သတ်မှတ်သည့်စနစ် ဖျက်သိမ်းမည်

အတန်းတင်စာမေးပွဲ အောင်၊ ရှုံး သတ်မှတ်သည့်စနစ် ဖျက်သိမ်းမည်

အခန်းဆုံး စာမေးပွဲရလဒ်၊ နှစ်ဝက်စာမေးပွဲရလဒ်၊ တစ်ဦးချင်း၏ ဘက်စုံအရည်အချင်း အကဲဖြတ်မှတ်တမ်း ရလဒ်နှင့် အတန်းတင် စာမေးပွဲရလဒ်များ စုပေါင်းအကဲဖြတ်၍ အတန်းတင်ပေးသည့် စနစ်ကို ယခုပညာသင်နှစ်မှစ၍ ပြောင်းလဲရန် ပြင်ဆင်နေပါသည်။

နှစ်ဆုံးစာမေးပွဲ တစ်ခုတည်းအပေါ်မူတည်ပြီး အောင်စာရင်းထုတ်မှာ မဟုတ်ပါဘူး။ တစ်နှစ်လုံး စောင့်ကြည့်အကဲဖြတ်ပြီးတော့ ရလဒ်အပေါ်မှာ အကဲဖြတ်သလို လုပ်မည်ဖြစ်ပါတယ်။

ထို့သို့ ပြောင်းလဲရန် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက မူဝါဒ ပြင်ဆင်ရေးဆွဲ၍ ပညာရေးစီမံခန့်ခွဲမှု ကော်မတီထံ တင်ပြရမည်ဖြစ်ရာ ယခုနှစ် အချိန်မမီလျှင် ယင်းစနစ်ကို လာမည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် စတင်ကျင့်သုံးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။

ဘက်စုံလွှမ်းခြုံသော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း အတွဲ (၂) အစီရင်ခံစာ (၂၀၁၄) တွင် တတ်ကျွမ်းမှုအဆင့်ကို ၆၀ ရာခိုင်နှုန်း၊ လုပ်ငန်းပေးဆောင်ရွက်ခြင်းကို ၄၀ ရာခိုင်နှုန်း သတ်မှတ်ပြီး Grade A, B, C, D ဖြင့် အောင်၊ ရှုံး သတ်မှတ်ရာတွင် ပေါင်း၍ အကဲဖြတ်ရန် ဖော်ပြထားပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ဘက်စုံအရည်အချင်း မှတ်တမ်း ရလဒ်အပေါ် အကဲဖြတ်မည် ဆိုခြင်းနှင့် ပတ်သက်၍ ကျောင်းအုပ်ကြီး သက်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်သည့် ဆရာများကိုယ်တိုင် နှစ်စမှ နှစ်ဆုံးတိုင် စနစ်တကျ အကဲဖြတ်ထားသည့် မှတ်တမ်းဖြစ်ရန် အရေးကြီးကြောင်း ပညာရေး လေ့လာသူများက ထောက်ပြထားပါသည်။

ပထမတန်းမှ န၀မတန်းအထိ ကျောင်းသား၊ ကျောင်းသူများ၏ လပတ်စာမေးပွဲ (ဇွန်လမှစ၍) နှင့် အတန်းတင်စာမေးပွဲရလဒ်ကို အမှတ်စာရင်းအစား အဆင့်သတ်မှတ်ချက် Grade A, B, C, D ဖြင့် ပြောင်းလဲ ထုတ်ပြန်မည်ဖြစ်ပါတယ်။

ရမှတ် ၁၀၀ မှ ၈၀ အထိ Grade ‘A’၊ ရမှတ် ၆၀ မှ ၇၉ အထိ Grade ‘B’၊ ရမှတ် ၄၀ မှ ၅၉ အထိ Grade ‘C’၊ ရမှတ် ၄၀ အောက်ကို Grade ‘D’ အဖြစ် သတ်မှတ်ပြီး ဘာသာရပ်အားလုံးပေါင်း Grade သတ်မှတ်ချက်ကို ဘာသာရပ် အားလုံးပေါင်း ရမှတ်ကို စုပေါင်း ပျမ်းမျှရှာ၍ Grade သတ်မှတ်သည်။

ဘာသာရပ်အားလုံးပေါင်း၏ Grade သတ်မှတ်ရာတွင် ဘာသာရပ်တစ်ခုချင်းစီအလိုက် Grade သတ်မှတ်ရာက တစ်ဘာသာ Grade ‘D’ အဆင့်ရလျှင် Grade ‘D’ အဖြစ်သာ ရမည်ဖြစ်သည်။ (ဥပမာ- ဘာသာရပ် ၆ ခုရှိ၍ ၅ ဘာသာတွင် Grade A ရပြီး ကျန်တစ်ဘာသာတွင် Grade ‘D’ ရလျှင် ပျမ်းမျှရှာရာတွင်လည်း Grade’D’ သာ ရမည် ဖြစ်သည်) ။

ယခု ၂၀၁၆-၂၀၁၇ ပညာသင်နှစ် အခြေခံပညာအဆင့် (သူငယ်တန်းမှ ဆယ်တန်းအထိ) တွင် ကျောင်းသား၊ ကျောင်းသူ ၉ သန်းကျော်ရှိပြီး ဆရာ၊ ဆရာမ သုံးသိန်းခုနှစ်သောင်းကျော်ရှိပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: The voice

News Read 5059 times