Sales Hotline : 09448001653       Download App



ယနေ့ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားများ ကြုံတွေ့နေရသော အခက်အခဲ

ယနေ့  တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားများ ကြုံတွေ့နေရသော အခက်အခဲ

ကျွန်တော်၏ သားဖြစ်သူသည် ၂၀၁၈ တက္ကသိုလ်ဝင်တန်းအောင်မြင်ကာ ယခုအခါ တက္ကသိုလ်တက်ရန် စောင့်နေသူဖြစ်ပါသည်။

၂၀၁၈ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ တက္ကသိုလ်လျှောက်ထားရာတွင်

(၁) တိုက်ရိုက်တက္ကသိုလ် ၁၁ ခုကို သက်ဆိုင်ရာကျောင်းများမှ တိုက်ရိုက်အဖြစ်လည်းကောင်း

(၂) ကျန်တက္ကသိုလ်များကို တက္ကသိုလ်ဝင်ခွင့်စာအိတ်မှ တဆင့် ဦးစားပေးတက္ကသိုလ်အလိုက် အဖြစ်လည်းကောင်း လျှောက်ထားရပါသည်။

အမှတ်စဉ် (၁) တွင် YIT, UIT, ရန်ကုန်တက္ကသိုလ်  အပါအ၀င် တက္ကသိုလ် ၁၁ ခုပါ ပါသည်။

အမှတ်စဉ် (၂) တွင် ဆေးတက္ကသိုလ်၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၊ ရေကြောင်းတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် အပါအ၀င် ကျန်တက္ကသိုလ်များ ပါပါသည်။

ကျောင်းသားတစ်ဦးသည် သူတက်လိုသည်မှာ အမှတ်စဉ် (၂) ထဲ ၀င်သော်လည်း အမှတ်မမီ အကြောင်းမညီညွတ်က အခြားတက္ကသိုလ် ရွေးချယ်နိုင်အောင် အမှတ်စဉ် (၁) ကိုလည်း တစ်ပြိုင်နက် လျှောက်ကြပါသည်။

ယခုအခါ တိုက်ရိုက်တက္ကသိုလ် (၁၁)ခု ၀င်ခွင့်ရစာရင်း ထွက်လာပြီဖြစ်သည်။

ဤတွင် ပြဿနာစပါတော့သည်။

အမှတ် 510 ကျော်သူများက တိုက်ရိုက်တက္ကသိုလ်များသို့ အားလုံးလိုလို ပြိုင်လျှောက်ကြသည့်အတွက် တိုက်ရိုက်တက္ကသိုလ်စာရင်းအသီးသီးတွင် သူတို့နာမည်များ ပြိုင်တူပါလာပြီး အနိမ့်ဆုံး ၀င်ခွင့်အမှတ်များသည်။ ကမောက်ကမ ဖြစ်ကုန်ပါသည်။

ဥပမာ ရမှတ်သည် 520 ရသည့် မောင်မောင် ဆိုပါစို့။ သူသည် တိုက်ရိုက်တက္ကသိုလ်အများစုကို လျှောက်ရာ သူအမှတ်သည် ကောင်းသည့်အတွက် YIT (YTU), UIT အပါအ၀င် တိုက်ရိုက်တက္ကသိုလ်တို့၏ ၀င်ခွင့်ရစာရင်းတိုင်းတွင် ပါနေပါသည်။

သူကဲ့သို့ 520 ကျော်ရသူများသည် တစ်နိုင်ငံလုံးနှင့်ဆိုပါက ရာနှင့် ချီရှိသည့်အတွက် ထိုသူများသည် YIT မှာလည်းပါ၊ UIT မှာလည်းပါ နေသဖြင့် အမှတ် 500 အောက်ရသူများမှာ စာရင်းတွင်မပါနိုင်တော့ပါ။

သာဓကအားဖြင့် ယခင်နှစ် UIT အနိမ့်ဆုံးအမှတ်မှာ 480 ဖြစ်ပြီး ယခုနှစ် UIT ၏ အနိမ့်ဆုံးအမှတ်မှာ 504 မှတ်ဖြစ်သွားပါသည်။ YITသည် ထိုထက်မြင့်ပါသည်။

နောက်ပြဿနာမှာ ထိုတိုက်ရိုက်တက္ကသိုလ်များ၏ ကျောင်းအပ်နောက်ဆုံးရက်ဖြစ်ပါသည်။

၎င်းတိုက်ရိုက်တက္ကသိုလ်များ၏ ကျောင်းအပ်နောက်ဆုံးရက်မှ 17-Oct-18 ဖြစ်ပါသည်။ ထိုရက်ကျော်က ကျောင်းဝင်ခွင့်ရစာရင်းမှ ပယ်ဖျက်မည်ဟုဆိုပါသည်။

အကယ်၍ ကျောင်းအပ်လိုက်ပါက တက္ကသိုလ်ဝင်ခွင့်စာအိတ်မှလျှောက်သည့် တက္ကသိုလ်လျှောက်ထားစာရင်းမှ (အမှတ်စဉ် ၂ စာရင်းမှ) ပယ်ဖျက်မည်ဟု ဆိုပါသည်။ ဆိုလိုသည်မှာ တိုက်ရိုက်တက္ကသိုလ်တစ်ခုခုသို့ အပ်လိုက် သူတိုင်းသည် အမှတ်စဉ် ၁နှင့် ၂ အခြားတက္ကသိုလ်အားလုံး၏ လျှောက်ထားစာရင်းတွင် ပယ်ဖယ်မည်ဟုဆိုပါသည်။

တက္ကသိုလ်ဝင်ခွင့်စာအိတ်မှလျှောက်သည့် တက္ကသိုလ်ဝင်ခွင့်သည် အောက်တိုဘာလကုန် သို့မဟုတ် နိုဝင်ဘာလစမှ ထွက်မည်ဟု သိရပါသည်။ အိမ်သို့စာပို့အကြောင်းကြားမည်ဟုလည်း ဆိုပါသည်။

ဝါသနာပါသဖြင့် ဆေးတက္ကသိုလ်တက်ရန် ရည်မှန်းထားသည့် ကျောင်းသားတစ်ဦးသည် တိုက်ရိုက်တက္ကသိုလ်ဝင်ခွင့်ရစာရင်းတွင် ပါနေပါက ရွေးချယ်ရန် အတော်ခက်သွားပါသည်။

အောက်တိုဘာ ၁၇ ရက်နောက်ဆုံးထားအပ်ရမည့် YIT, UIT ကဲ့သို့တိုက်ရိုက်တက္ကသိုလ်ကိုဘဲ အပ်လိုက်ရမလား။ နိုဝင်ဘာမှ သိရမည့် အမှတ်စဉ် ၂ တက္ကသိုလ်ကိုဘဲ စောင့်ရမလား စွန့်စားရပါတော့မည်။

YIT, UIT ကဲ့သို့ တက္ကသိုလ်အပ်ပြီးတော့မှ နိုဝင်ဘာတွင် ထွက်သည့် အမှတ်စဉ် ၂ တက္ကသိုလ် ၀င်ခွင့်အမှတ်သည် သူမှီသည့်အမှတ်ဆိုပါက နောင်တရပါလိမ့်မည်။

အကယ်၍ YIT, UIT ကဲ့သို့ တက္ကသိုလ်မအပ်ပဲ နိုဝင်ဘာစာရင်းကို စောင့်သော်လည်း အမှတ်များကမောက်ကမ ဖြစ်မှုကြောင့် ဆေးတက္ကသိုလ်လည်း မ၀င်ပါက
မျောက်သစ်ကိုင်းလွတ် ဖြစ်ပြီး ယူကျုံးမရဖြစ်ပါတော့မည်။

အထက်ပါ ဥပမာတွင် ဆေးကျောင်းဟုဆိုသော်လည်း ဥပမာတစ်ခုအနေဖြင့် ပေးခြင်းသာဖြစ်ပါသည်။

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တက်လိုသော်လည်း YIT လျှောက်မိသူ၍စာရင်းပါလာသူများ၊ သွားဆေးတက္ကသိုလ်တက်လိုသော်လည်း UIT လျှောက်မိ၍ စာရင်းပါလာသူများသည် ယခုအခါ ကျောင်းအပ် မအပ် ချီတုံချတုံ ဖြစ်နေကြပါသည်။

ထို့အတူ မနှစ်က ၀င်ခွင့်အမှတ်ကို ကြည့်၍ ယခုနှစ် အမှတ်မှီမည်ဟု ထင်သူများသည်လည်း ယခုအခါ အမှတ်များ အလွန်မြင့်မားမှုကြောင့် မ၀င်ကြတော့ဘဲ သောကဗျာပါဒ များနေကြပါသည်။

ထို့ကြောင့် ဤစနစ်သစ်သည် တိုက်ရိုက်တက္ကသိုလ်ဝင်ခွင့်ရသူများလည်း ချီတုံချတုံဖြစ်၊ တိုက်ရိုက်တက္ကသိလ် ၀င်ခွင့်မရသူများလည်း နှလုံးတထိတ်ထိတ်ဖြင့်နေရသည့် အားနည်းချို့ယွင်းချက် အလွန်များသော စနစ်ဖြစ်ပါသည်။

ပညာရေးအသိုင်းအ၀ိုင်းမှ ဤစနစ်၏ အားနည်းချက်ကို ထောက်ပြကြသော်လည်း ယခုတိုင် မည်သို့မှ အရေးယူဆောင်ရွက်ခြင်း  မပြုပါ။

အခြေခံပညာ အဆင့်မြင့်ဦးစီးဌာနသို့ ကိုယ်တိုင်သွားမေးသော်လည်း တိကျသည့်အဖြေကို မပေးနိုင်ပါ။ အကြောင်းကြားတာတောင်မှ နိုဝင်ဘာလစ ခန့်ဟုသာ ပြောနိုင်ပါသည်။

တိုက်ရိုက်တက္ကသိုလ် နောက်ဆုံးကျောင်းအပ်ရက်မှာ 17-Oct-18 ဖြစ်သည့်အတွက် ထိုရက်မတိုင်ခင် ဤစနစ်ကို ပြင်ဆင်ပြောင်းလဲပေးနိုင်ရန်  သက်ဆိုင်ရာတာဝန်ရှိသူများကို အသိပေးတောင်းဆိုလိုပါသည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: Kaung Htut Oo

News Read 27329 times